လေယာဉ်ပျံအလွမ်း
လေယာဉ်ပျံအလွမ်း
လေယာဉ်ပျံကြီးများ ဦးခေါင်းထက်မှ ဝဲပျံသန်းသွားသည့်အခါတိုင်း မော့ကြည့်မိနေသေးသည့် အကျင့်က ယခုအရွယ်တိုင် မပျောက်သွားသေးပါ။ လေယာဉ်ပျံငတ်ခဲ့သော အရပ်ဒေသတွင် မွေးဖွားလူလားမြောက်ခဲ့သောကြောင့် ဖြစ်ပါလိမ့်မည်။
လေယာဉ်ပျံကြီးများထဲတွင် မည်သူတို့ လိုက်ပါနေကြပါမည်နည်း။ မည်သည့်အရပ်သို့ သွားနေကြပါသနည်း။ သို့မဟုတ် မည်သည့်အရပ်မှ ပြန်ခဲ့ကြပါသနည်း။ လေယာဉ်ပျံတို့၏ အဓိပ္ပာယ်နှင့် သွင်ပြင်လက္ခဏာတို့မှာ အဘယ်ပါနည်း။
လေယာဉ်ပျံများနှင့် ပတ်သက်၍ ကမ္ဘာတခွင်တွင် ပုံပြင်၊ ဇာတ်လမ်းများစွာ ရှိနေပါလိမ့်မည်။ စာအုပ်များ၊ ရုပ်ရှင်များလည်း ရှိနေပါသည်။
ပင်လယ်ကမ်းခြေရွာတစ်ရွာက ကလေးငယ်တစ်ဦးသည် နေ့စဉ်ငါးမျှားနေရင်း လေယာဉ်ပျံတို့ကို အမြဲမော့ကြည့်ကာ လေယာဉ်မှူးကြီး ဖြစ်ချင်သည်ဟု စိတ်ကူးယဉ်နေမိသည်။ ကြီးပြင်းလာသောာချိန်တွင် အဲသည်ကလေးငယ်သည် တကယ်ပင် လေယာဉ်မှူးကြီး ဖြစ်လာခဲ့သည်။ လေယာဉ်မှူးကြီး ဖြစ်လာသည့်အခါ ကောင်းကင်တွင် နေ့စဉ်ပျံသန်းရင်း ပင်လယ်ကမ်းခြေကို မကြာခဏ ငုံ့ကြည့်ဖြစ်သည်။ ငုံ့ကြည့်ဖြစ်ရင်းလည်း ကမ်းခြေတွင် အေးအေးလူလူ ငါးမျှားနေရသည့် ကလေးဘဝကို သူလွမ်းသည်။
ထိုပုံပြင်ကို ဖတ်ရသည့်အချိန်က ကျနော်ကိုယ်တိုင်ပင် အရွယ်ငယ်ငယ်သာ ရှိပါသေး၏။ ဘာကြောင့်မှန်းတော့မသိ၊ ထိုကလေးငယ်၏ ဘဝ သို့မဟုတ် ထိုလေယာဉ်မှူးကြီး၏ ဘဝကို ကျနော်က စိတ်မကောင်းဖြစ်နေမိပါသေးသည်။
လွန်ခဲ့သည့် နှစ်ပေါင်း ၃၀ ကျော်က တောခိုသူပုန် လူငယ်တစ်ဦးသည် တောတောင်တန်းများပေါ်တွင် ခရီးနှင်နေစဉ် ဟိုနိုင်ငံ၊ သည်နိုင်ငံ ကူးလူးနေသည့် လေယာဉ်ပျံများကို မြင်တွေ့နေခဲ့ရသည်။ သူသည်လည်း ကောင်းကင်ဆီသို့ မော့ကြည့်ရင်း မည်သည့်အချိန်မှများ သူလည်း လေယာဉ်စီးပြီး ခရီးသွားနိုင်ပါမည်နည်း၊ အိမ်သို့ ပြန်ခွင့်ရပါမည်နည်းဆိုသည့် မေးခွန်းများ မေးမြန်းနေမိသည်ဟု ဆိုပါသည်။ ထိုဇာတ်ကြောင်းကို ကြားရတုန်းကလည်း ကျနော့်မယ် ထိုလူငယ်သူပုန်လေးအား စာနာမိပြန်ပါသည်။
ကျနော်တို့ ရပ်ရွာတွင်မူ လေယာဉ်ပျံတို့က ရှားပါးရတနာများ ဖြစ်ခဲ့ကြပါသည်။ “လေယဉ်ပျံသံကြားတယ်ဟေ့” ဟု တစ်ယောက်ယောက်က အော်ပြောလိုက်သည့်အခါ ကျနော်တို့ ကလေးများက ကွင်းပြင်သို့ ပြေးထွက်ပြီး ကောင်းကင်ဆီသို့ ခေါင်းမော့လည်ဆန့်ကာ လေယာဉ်ပျံ ရှာပုံတော် ဖွင့်ကြရပါသည်။
ဟိုး အမြင့်ဆီတွင် ပျံသန်းခြင်းဖြစ်ရာ လေယာဉ်ပျံတို့မှာ လက်ချောင်းတစ်ချောင်းအရွယ်မျှသာ ရှိနေတတ်ပါသည်။ ကိုယ်ထည် အရောင်ကအဖြူ၊ နောက်ခံကောင်းကင်ကလည်း အဖြူမို့ တော်တော်နှင့် ရှာမတွေ့တတ်ဘဲ ရှိနေတတ်ပါသေးသည်။ ရှာ၍ တွေ့သွားပြီဆိုလျှင်မူ ကျနော်တို့မှာ ကျေနပ်လို့ မဆုံး။
လေယာဉ်ပျံကလေးက တရွေ့ရွေ့နှင့်။ ကျနော်တို့ကလည်း နေပူပူအောက်တွင် လည်တဆန့်ဆန့်၊ ခေါင်းတမော့မော့ဖြင့် ရှိနေခဲ့ကြပါသည်။ မမြင်တွေ့သေးသူတို့အတွက်လည်း လက်ညှိုးကို ကောင်းကင်ဆီ ညွှန်ထိုး၍ ပြသနေကြပါသည်။ တိမ်ဖြူအုပ်ကြားသို့ တိုးဝင်သွားသည့်အခါ ပြန်လည်ထွက်ပေါ်လာမည့်အချိန်ကို စိတ်ရှည်လက်ရှည်ဖြင့် စောင့်ဆိုင်းနေခဲ့ကြရပါသည်။ လေယာဉ်ပျံတချို့ကမူ အမြီးနောက်တွင် မီးခိုးတန်းကြီးကို ခြေရာအဖြစ် ချန်ထားရစ်ခဲ့သည်ကြောင့် ထိုအခါမျိုးတွင်မူ ရှာတွေ့ဖို့ရန် သိပ်မခက်လှပါ။
လေယာဉ်ပျံတို့ကို မော့ကြည့်ရသည့်အဖြစ်မှာ ကလေးများအတွက် ပျော်စရာတစ်ခု ဖြစ်ပါသည်။ ဆော့ကစားနေသည်တို့ကိုပင် ရပ်တံ့ပစ်တတ်ကြပါသည်။ မျက်စိမြင်ကွင်းမှ လေယာဉ်ပျံပျောက်ကွယ်သွားသည့်အခါမှ ဆော့ကစားမှုကို ပြန်လည်စတင်ကြပါသည်။
ကျနော့်တွင် လေယာဉ်ပျံစီးလိုစိတ် ပြင်းပြင်းပြပြ မရှိိလှသော်လည်း လေယာဉ်ပျံတို့၏ ပျံသန်းနိုင်စွမ်း၊ လေယာဉ်မောင်းသူတို့၏ အတတ်ပညာနှင့် လေယာဉ်ပေါ်တွင် လိုက်ပါလာသူတို့၏အကြောင်းကိုမူ စိတ်အာရုံဖြင့် တွေးမြင် ပုံဖော်ကြည့်နေမိပါသည်။ နှစ်များစွာကြာသည့် ယခုအချိန်ထိ ထိုအကျင့်က မပျောက်သွားခဲ့ပါ။
ယခု ကျနော်မြင်နေရသော လေယာဉ်ပျံတို့မှာ သေးသေးကွေးကွေးမဟုတ်တော့ပါ။ အဘယ်ကြောင့်ဆိုသော် ကျနော် နေထိုင်နေသည်က လေယာဉ်ကွင်းနှင့် နီးသောကြောင့် ဖြစ်ပါသည်။ ထို့အပြင် နိုင်ငံတကာ ခရီးသွား အမြောက်အမြား ဝင်ထွက်သွားလာနေရာ တိုင်းတစ်ပါးက မြို့တော်တစ်ခုလည်း ဖြစ်ရာ လေယာဉ်ပျံတို့မှာ သုံးလေးမိနစ်ခြား တစ်ခါပင် တွေ့နေရပါသည်။ မြင်ရသော လေယာဉ်ပျံတို့၏ မြင်ကွင်းကလည်း ငယ်စဉ်က ကြည့်မြင်ခဲ့ရသော မြင်ကွင်းနှင့် များစွာ ခြားနားသွားခဲ့ပါပြီ။
ကျယ်လောင်စွာ မြည်ဟိန်းနေသည့် အင်ဂျင်စက်သံကြီးနှင့်အတူ လေယာဉ်ကွင်းမှ ပျံတက်လာသော သို့မဟုတ် လေယာဉ်ကွင်းသို့ ထိုးဆင်းလာသော လေယာဉ်ပျံကြီးတို့ကို လမ်းမကျယ်ကြီးပေါ်တွင် ဥဒဟို သွားလာနေကြသော လူများ၊ ကားများ၊ မော်တော်ဆိုင်ကယ်များ၊ စက်ဘီးများ၊ ဓာတ်ကြိုးများ၊ လမ်းမီးတိုင်များ၊ နေအိမ်တိုက်တာ အဆောက်အအုံများနှင့်အတူ တွဲဖက်၍ မြင်ရသည်မှာ အရသာ တမျိုးထူးပါသည်။ လေယာဉ်ကိုယ်ထည်တို့၏ အရောင်အသွေးများကလည်း စုံလင်လှပါသည်။
တစ်ခါတစ်ရံတွင် ကျနော်သည် ကိုယ့်ကိုယ်ကိုယ် ငှက်တစ်ကောင်အဖြစ် ပုံဖော်တွေးမြင်ကြည့်ပါသည်။ ငှက်တစ်ကောင်အနေနှင့် လေယာဉ်ပျံတို့ကို ကောင်းကင်ထက်တွင် ဆုံတွေ့ရသည့်အခါ မည်ကဲ့သို့ ခံစားမိကြပါမည် နည်း။ ဧရာမ သက်ရှိသတ္တဝါကြီးများဟု ထင်မြင်ကြမည်လား။ အတောင်ပံများကို မခတ်ဘဲနှင့် လေထဲတွင် ဝဲပျံနိုင်သည့် ထိုဧရာမသတ္တဝါကြီးများကို ထူးဆန်းစွဟု ငှက်တို့က အံ့ဩနေကြပါမည်လား။ ကျနော်က ထိုသို့ တောင်တောင်အီအီ လျှောက်တွေးနေမိပါသေးသည်။
ယခု ကျနော်မြင်တွေ့နေသော လေယာဉ်ပျံများ၏ သရုပ်လက္ခဏာက ငြိမ်းချမ်းသာယာခြင်း၊ စည်ပင်ဝေဖြာခြင်း၊ ကြွယ်ဝချမ်းသာခြင်းတို့ ဖြစ်ပါသည်။ အလည်အပတ်ဖြစ်ဖြစ်၊ အလုပ်အတွက် ဖြစ်ဖြစ် လူတို့ များများခရီးသွားကြလေလေ ထိုသူတို့၏ လူမှုစီးပွား တိုးတက်မြင့်မားလာလေလေ၊ မြို့များ ပို၍ စည်ပင်လာလေလေ ဖြစ်ပါသည်။
အတွေးများ မဆုံးသေးခင်မှာပင် ကျနော့်အာရုံတို့က ကျနော် နေထိုင်ခဲ့ရာ အရပ်ဒေသနှင့် တိုင်းပြည်ကို သတိရမိပြန်ပါသည်။
ထိုတိုင်းပြည်၊ ထိုအရပ်ဒေသတို့တွင် လေယာဉ်ပျံများကို ယခုကဲ့သို့ အရသာခံ၍ မကြည့်နိုင်ကြတော့ပါ။ လေယာဉ်ပျံသံကြားလျှင်ပင် ထိတ်လန့်နေကြရပြီး ဘေးလွတ်ရာသို့ ပြေးလွှားရန်ကိုသာ ကြိုတင်တွေးတောနေကြရပါသည်။
လေယာဉ်ပျံတစ်စင်း ရောက်လာတိုင်း ဒုက္ခတစ်ပုံတစ်ပင်နှင့် ကြေကွဲနှလုံးနာဖွယ်ရာ အဖြစ်အပျက်တို့ ကျစ်ရစ်ခဲ့ခြင်းကြောင့် ဖြစ်ပါသည်။ စာသင်ကျောင်းတွေ ပြိုကျသွားသည်။ ကလေးငယ်များ သွေးစွန်းရသည်။ နေအိမ်များ မီးလောင်ရသည်။ အသက်ပေါင်းများစွာ နုတ်ယူသွားသည်။ တိုင်းပြည်ဘဏ္ဍာငွေအမြောက်အမြားလည်း ကုန်ခမ်းရသည်။
ကျနော် နေထိုင်ခဲ့ရာ ထို တိုင်းပြည်နှင့် အရပ်ဒေသတို့၌ လေယာဉ်ပျံများ၏ အဓိပ္ပာယ်က ထိုသို့ပင် ရှိနေတော့သည်။ များများပျံသန်းလေလေ လူမှုဒုက္ခတွေ ပိုများလာလေလေ၊ ဆင်းရဲတွင်းနက်လေလေ၊ ဘဝတွေ၊ မိသားစုတွေ ပျက်စီးလေလေသာ ဖြစ်ပါသည်။ လေယာဉ်ပျံများက သူတို့ကို အမြဲလိုလိုပင် ခြောက်လှန့်နေကြသည်။ အိပ်စက်ရာမှ လန့်နိုးလာစေကြသည်။ သွေးပျက်စေကြသည်။ ဝမ်းနည်းစေကြသည်။ နာကျင်စေကြသည်။ မခံမရပ်နိုင်ဖြစ်၊ ဒေါသထွက်စေကြသည်။
ထိုသတိရမှုက ကျနော့်ကို ညှိုးရော်သွားစေပါသည်။ စိတ်ကို မောစေပါသည်။
သူများတွေက လေယာဉ်ပျံကို ပျော်ရွှင်ချမ်းမြေ့မှုအတွက် အသုံးပြုနေချိန်တွင် ကျနော်တို့ဆီက ဖျက်ဆီးခြင်းအတွက် အသုံးချနေကြသည်။ ကြေကွဲဖွယ်ရာပင်။
လေယာဉ်ပျံတို့ကို ပျော်ရွှင်မြူးစွာ ငေးမော မျှော်ကြည့်ရသည့် အချိန်တို့မှာ လွမ်းစရာကောင်းလိုက်ပါဘိ။
ငြိမ့်လွင့်
The Tanintharyi Times
