ယူကေရောက်မြန်မာတွေ တရုတ်သံရုံးအရှေ့မှာ ဆန္ဒပြ
ယူကေရောက်မြန်မာတွေ တရုတ်သံရုံးအရှေ့မှာ ဆန္ဒပြ

ယူကေရောက်မြန်မာတွေဟာ လန်ဒန်မြို့က တရုတ်သံရုံးရှေ့မှာ တရုတ်အစိုးရကို တောင်းဆိုတဲ့ ဆန္ဒပြပွဲ တရပ် ပြုလုပ်ခဲ့ကြပါတယ်။
လန်ဒန်မြို့ တရုတ်သံရုံးရှေ့က ဆန္ဒပြပွဲကို မနေ့က ပြုလုပ်ခဲ့ပြီး မြန်မာနိုင်ငံသား ၁၅၀ ဝန်းကျင် လာရောက်ဆန္ဒပြခဲ့ကြတာပါ။
တရုတ်အစိုးရအနေနဲ့ စစ်ကောင်စီနဲ့ မပူးပေါင်းဖို့၊ မြန်မာပြည်သူတွေနဲ့ ပူးပေါင်းဆောင်ရွက်ဖို့၊ စစ်ကောင်စီကို စစ်လက်နက်ရောင်းချပေးနေတာတွေ ချက်ချင်းရပ်တန့်ဖို့ စတဲ့ အချက် ၃ ချက်ကို တောင်းဆိုခဲ့ကြတာ ဖြစ်ပါတယ်။
ဒါ့အပြင် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့ ERO တွေကို ဖိအားပေး အပစ်ရပ်ခိုင်းတာတွေ မပြုလုပ်ဖို့ စစ်ကောင်စီ ကျင်းပဖို့ ကြိုးပမ်းနေတဲ့ ရွေးကောက်ပွဲကို အားပေးထောက်ခံတာ မလုပ်ဖို့၊ ပြည်သူ့တော်လှန်ရေးကို အဟန့်အတားဖြစ်စေမယ့် မည်သည့်အရာကိုမှ မပြုလုပ်ဖို့၊ မြန်မာပြည်သူတွေနဲ့ တရုတ်ပြည်သူတွေရဲ့ ချစ်ကြည်ရင်းနှီးမှုကို ထိန်းသိမ်းလိုရင် မြန်မာပြည်သူတွေရဲ့ ဆန္ဒကို လေးစားလိုက်နာဖို့ စတဲ့ တောင်းဆိုချက်တွေကို ဆန္ဒပြသူတွေက လက်မှတ်ထိုးခဲ့ကြပါတယ်။
ယူကေရောက်မြန်မာတွေ သဘောတူလက်မှတ်ထိုးခဲ့တဲ့ တောင်းဆိုချက် စာလွှာကို တရုတ် သမ္မတ ရှီကျင့်ဖျင်ဆီ ပေးပို့သွားမှာ ဖြစ်တယ်လို့လည်း ပြောဆိုထားပါတယ်။

တရုတ် အစိုးရဟာ ဇွန်၊ ဇူလိုင် ၂ လအတွင်းမှာ စစ်ကောင်စီလက်အောက်ခံ ရွေးကောက်ပွဲကော်မရှင် အပါအဝင် စစ်ခေါင်းဆောင်တွေ၊ စစ်ခေါင်းဆောင်ဟောင်းတွေ၊ နိုင်ငံရေးပါတီတွေနဲ့ ဆက်တိုက်တွေ့ဆုံခဲ့တာ ရှိပါတယ်။
ဒါဟာ ၂၀၂၄ အတွင်း တရုတ်နိုင်ငံက စစ်ကောင်စီရဲ့ ရွေးကောက်ပွဲဆိုင်ရာ ကိစ္စတွေအပေါ် အရင်နှစ်တွေထက် ပိုပြီး ပါဝင်ပတ်သက်လာတာကို တွေ့ရတယ်လို့ အဆိုပါကိစ္စကို စောင့်ကြည့်မှတ်တမ်းတင်နေတဲ့ Burma Affairs & Conflict Study အဖွဲ့က ထုတ်ပြန်ထားပါတယ်။
ဇွန်လထဲမှာ သမ္မတဟောင်း ဦးသိန်းစိန်ကို တရုတ်အစိုးရက ဖိတ်ကြားခဲ့ပြီးနောက် စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် အာဏာစွန့်ရေး ကြိုးပမ်းလုပ်ဆောင်ပေးဖို့နဲ့ ရွေးကောက်ပွဲ လမ်းဖွင့်ဖို့ ကြားဖြတ်အစိုးရတရပ် ဖွဲ့ဖို့ ကိစ္စတွေကိုပါ ဦးသိန်းစိန်နဲ့ တရုတ်အစိုးရကြား ဆွေးနွေးခဲ့ကြတယ်လို့လည်း CNA သတင်းက ရေးသားခဲ့ပါတယ်။
ဇူလိုင်လထဲမှာ စစ်ကောင်စီ ဒု ခေါင်းဆောင် စိုးဝင်း၊ နိုင်ငံရေးပါတီ ၄ ခုက ပါတီခေါင်းဆောင်တွေကို တရုတ်က ဖိတ်ကြားတာတွေလည်း ရှိခဲ့သလို စစ်ကောင်စီရဲ့ ရွေးကောက်ပွဲကော်မရှင်နဲ့အတူ တရုတ်က ရွေးကောက်ပွဲဆိုင်ရာ လုပ်ဆောင်မှု ၆ ကြိမ်အထိ ရှိခဲ့တယ်လို့ Burma Affairs & Conflict Study အဖွဲ့ရဲ့ စောင့်ကြည့်မှတ်တမ်းအရ သိရပါတယ်။
ရှမ်းမြောက်က ညီနောင်မဟာမိတ် (၃) ဖွဲ့တို့ရဲ့ ၁၀၂၇ စစ်ဆင်ရေး အရှိန်မြင့်တက်နေချိန်မှာ တရုတ်အစိုးရရဲ့ ဖိအားပေးမှုကြောင့် စစ်ကောင်စီနဲ့ ဟိုင်ဂင်အပစ်ရပ်သဘောတူညီမှုကို လက်မှတ်ထိုးခဲ့ရတာလည်း ရှိခဲ့တာကြောင့် အခု ရှမ်းမြောက်တကျော့ပြန် တိုက်ပွဲမှာ တရုတ်နိုင်ငံကြောင့် တော်လှန်ရေးတပ်ဖွဲ့တွေ အခက်ကြုံမှာကို ပြည်သူတွေ စိုးရိမ်မှု ရှိနေတာ ဖြစ်ပါတယ်။

The Tanintharyi Times