ဖေဖေ ဖြေပါ
ဖေဖေ ဖြေပါ
ဒေဝဒတ်ကို ဆရာအတင်မှားပြီး အာဏာရူးမိရာက ဖခင်ဖြစ်သူကို ထောင်သွင်းအကျဉ်းချ ခြေဖဝါးနှစ်ဖက် ဓားနဲ့ မွှန်းလို့ ဆားပက်ပြစ်ဒဏ်ပေးတဲ့ အဇာတသတ်အကြောင်း ပုံဇာတ်လမ်းပြောပြနေတုန်းမှာ သားတော်မောင်က အမေးရှိလာပါတယ်။
အသက် ၇ နှစ်ကျော်အရွယ် သားတော်မောင်အတွက် အကျဉ်းထောင်ဆိုတာကို နားလည်ဖို့ အနည်းငယ် စိမ်းနေသေးတာ အမှန်ပါပဲ။
‘အကျဉ်းထောင်ဆိုတာ လူတွေကို ဖမ်းပြီး ချုပ်ထားတဲ့နေရာပေါ့ သားရဲ့’
‘သူတို့က ဆိုးလို့ ဖမ်းပြီးချုပ်ထားတာလား ဖေဖေ’
‘အင်းပေါ့’
သားတော်မောင်ရဲ့ အမေးကို အင်းပေါ့လို့ အမှတ်တမဲ့ ဖြေလိုက်ပြီးမှ မှားသွားပြီလို့သိလိုက်တယ်။ ထောင်ဆိုတာ လူဆိုးတွေထားတာဆိုတဲ့ တယူသန်အတွေးမျိုး သားတော်မောင် အမှတ်မှားသွားရင် မကောင်းဘူး မဟုတ်လား။
တစ်ဆက်တည်း ကိုယ်တွေငယ်ငယ်တုန်းက ထောင်ထွက်ဆိုရင် လူဆိုးကြီးပဲလို့ မှတ်ယူပြီး အလိုလို ကြောက်ရွံ့နေမိတာမျိုး၊ ထောင်ထွက်လူဆိုးကြီးမို့ ခွဲခြားဖယ်ကျဉ်ဆက်ဆံမိတာမျိုး၊ ထောင်ထွက်မို့ လူတွေကို ဒုက္ခပေးမယ်လို့ တစ်ယူသန်အယူမှား စွဲမှတ်မိခဲ့တာမျိုး သားတော်မောင်တို့ မျိုးဆက်ဆိုရင် ရှိတော့မှာ မဟုတ်လောက်ဘူးလို့လည်း တွေးမိတယ်။
‘ထောင်ထဲမှာ ဖမ်းပြီးချုပ်ထားတိုင်း လူဆိုးတော့ မဟုတ်ပေါ့ဘူး သားရဲ့။ အခု အဇာတသတ်ရဲ့ အဖေကို သားက လူဆိုးကြီးလို့ ထင်လို့လား ပြောပါဦး’
‘သားမသိဘူးလေ’
သားတော်မောင်က သူမသိတာကို မသိဘူးလို့ပဲ ခပ်ရှင်းရှင်းပြောလာတယ်။
ပုံမှန်အားဖြင့် ခုရက်တွေထဲ သားတော်မောင်ကို ပေါ့ပေါ့ပါးပါးပုံပြင်ဇာတ်လမ်းတွေ ပြောပြဖြစ်ပေမဲ့ ခုရက်တွေထဲမှာ စိတ်ထဲ အအုံနွေးနွေးဖြစ်နေတဲ့ ကိစ္စတစ်ခုကိုအကြောင်းခံရင်း အဇာတသတ်ပုံဇာတ်လမ်းကို ပြောပြဖြစ်ခဲ့တယ်။
ကိုယ့်တိုင်းပြည်ထဲ အာဏာရူးသူတစ်ယောက်နဲ့ ဦးနှောက်မဲ့ သူ့နောက်လိုက်တွေကြောင့် အမိအဖလို့ပမာပြုရတဲ့ ပြည်သူပြည်သားတွေ အတိဒုက္ခရောက်ရ၊ အကျဉ်းထောင်တွင်း ဖမ်းဆီးအကျဉ်းချခံနေရတာတွေကို မခံစားနိုင် ဆို့နင့် နေရတာဖြစ်တယ်။ ဒါကြောင့် မရည်ရွယ်ပါဘဲ သားတော်မောင်ကို အဇာတသတ် ပုံဇာတ်လမ်းကို ပြောပြဖြစ်ခဲ့တယ်။
‘ဖေဖေ ဘုရင်ကြီးက လူဆိုးမို့ ထောင်ချခံရတာလားဟင် ၊ သားမေးတာ ဖြေဦးလေ ဖေဖေ’
ကိုယ့်အတွေးနဲ့ကိုယ် သူ့ကိုဂရုမပြုမိသလို ဖြစ်သွားတာမို့ သားတော်မောင်က အလိုမကျဟန်နဲ့ ဆိုလာတယ်။ သူမသိတဲ့အကြောင်းမို့လည်း သားတော်မောင်က သိလိုစိတ်ပြင်းပြနေခဲ့တာ ဖြစ်တယ်။
‘ဘုရင်ကြီးက ဆိုးလို့ ထောင်ချခံရတာမဟုတ်ဘူးသားရဲ့’
‘အဲဒါဆို ဘာလို့ထောင်ချခံရတာလဲ ဖေဖေ’
အာဏာကိုတပ်မက်ရူးသွပ်ပြီး ဆရာမှားကို ကိုးကွယ်မိတဲ့ မိုက်မဲသူ အဇာတသတ်ကြောင့် ဖခင်ဖြစ်သူဟာ ထောင်သွင်းအကျဉ်းကျ ညှင်းပန်းနှိပ်စက်ခံရတဲ့အကြောင်း သားတော်မောင် နားလည်အောင် ဘယ်လိုရှင်းပြရ ကောင်းမလဲလို့ အမြန်စဉ်းစားရတယ်။
ထောင်ထဲ အကျဉ်းချခံထားရတိုင်း လူဆိုးမဟုတ်ဘူးဆိုတာကို သားတော်မောင် နားလည်အောင်ရှင်းပြမှ လူကိုလူလို မှတ်ယူလက်ခံပေးနိုင်မှုကို သူသိနားလည်နိုင်မှာ ဖြစ်တယ်။
‘ဘုရင်ကြီးက လူဆိုးမဟုတ်ဘူးသားရဲ့။ သူ့နေရာကို လိုချင်လို့ သူ့ကို ဖမ်းပြီး ထောင်ချထားတာသားရဲ့’
‘သူ့နေရာကို ဘာလို့ လိုချင်တာလဲ ဖေဖေ’
‘အာဏာ ရူးသွပ်မှုပေါ့ သားရယ်’ လို့ သားတော်မောင်အမေးကို စိတ်ထဲကပဲ ဖြေလိုက်မိတယ်။
လက်တွေ့မှာတော့ စားမကုန်တဲ့ စည်းစိမ်၊ဂုဏ်ရည်၊ဥစ္စာ၊ ပစ္စည်းတွေရှိပေမဲ့ အာဏာကို ရူးသွပ်မှုကြောင့် တစ်ဘို့တည်းအတွက်သာကြည့်ပြီး တိုင်းပြည်ပျက်မှာကို ဂရုမစိုက်သလို သူနဲ့ဆန့်ကျင်သူတိုင်းကိုလည်း ဖမ်းဆီးအကျဉ်းချ ညှည်းပမ်း သတ်ဖြတ်တတ်တဲ့ အာဏာရူးသူအကြောင်း ရှင်းပြဖို့ သားတော်မောင် နားလည်နိုင်မယ့် စကားလုံးကို စဉ်းစားနေမိတယ်။
ပြီးတော့ အဲဒီလို အာဏာရူးသူတွေ လက်ထက်မှာ အကျဉ်းထောင်ဆိုတာ ဆရာဝန်၊ အင်ဂျင်နီယာ၊ ကျောင်းသား၊ ပညာတတ်စတဲ့ လူငယ်၊ လူကောင်းတွေ အများကြီးကို ဖမ်းဆီးအကျဉ်းချထားရာ သူရဲကောင်းပြတိုက်ဖြစ်တယ် ဆိုတဲ့အကြောင်းလည်း သားတောင်မောင်ကို အသေအချာရှင်းပြမှရမယ်လို့ တွေးနေမိတယ်။
ညီမင်းဆက်
The Tanintharyi Times
