ထိုင်းမှာ ပြစ်ဒဏ်ကျခံပြီး နေရပ်ပြန်လာသူ အယောက်ရှစ်ဆယ်နီးပါး တစ်ပတ်အတွင်း စစ်သားစုဆောင်းခံရ
ထိုင်းမှာ ပြစ်ဒဏ်ကျခံပြီး နေရပ်ပြန်လာသူ အယောက်ရှစ်ဆယ်နီးပါး တစ်ပတ်အတွင်း စစ်သားစုဆောင်းခံရ
တနင်္သာရီတိုင်းမှာ တစ်ပတ်အတွင်း ထိုင်းနိုင်ငံကနေ ပြစ်ဒဏ်ကျခံပြီး နေရပ်ပြန်ပို့ခံရသူ အယောက်ရှစ်ဆယ်ကို စစ်မှုထမ်းဖို့အတွက် ဖမ်းဆီးပြီး စစ်သားစုဆောင်းတာတွေ လုပ်ဆောင်ခဲ့တယ်လို့ အဖမ်းခံရသူတွေရဲ့ မိသားစုဝင်တွေဆီကသိရပါတယ်။
စစ်ကောင်စီရဲ့ လက်ခံခေါ်ယူမှုကြောင့် ထိုင်းနိုင်ငံ၊ ရနောင်းခရိုင်လူဝင်မှုကြီးကြပ်ရေးဌာန ထိန်းသိမ်းရေးစခန်းမှာ ဆက်လက်ထိန်းသိမ်းထားတဲ့ ပြစ်ဒဏ်ကျခံပြီးသူမြန်မာနိုင်ငံသားတွေကို အခု ၂၀၂၄ နှစ်စ ကစပြီး အသုတ်လိုက် ကော့သောင်းမြို့ကို ပြန်လည်ပို့ဆောင်ပေးနေတာပါ။
ပြီးခဲ့တဲ့ ဇူလိုင်လ ၃၀ ရက်မှာ ၁၅၂ ဦးနဲ့ ဩဂုတ်လ ၇ ရက်တွေမှာ ၁၂၆ ဦး ကိုလည်း ရနောင်းမြို့ကနေ ကော့သောင်းမြို့ကို ရနောင်းလဝကကနေ ပို့ဆောင်ပေးခဲ့ပါတယ်။
အဲ့ဒီလိုပို့ဆောင်ပေးချိန်မှာ စစ်ကောင်စီတပ်နဲ့ ကော့သောင်းလဝကပူးပေါင်းပြီး မှတ်ပုံတင်၊ အိမ်ထောင်စု အထောက်အထားမရှိတဲ့လူငယ်တွေကို စစ်မှုထမ်းဖို့အတွက်ဆိုပြီး ဖမ်းဆီးတာတွေ လုပ်ဆောင်ခဲ့တယ်လို့ အဖမ်းခံရသူတွေရဲ့ မိသားစုဝင်တွေနဲ့ကော့သောင်းမြို့ခံတွေဆီကနေ စုံစမ်းသိရှိရပါတယ်။
ဇူလိုင် ၃၀ ရက် ရနောင်းခရိုင် လူဝင်မှုကြီးကြပ်ရေးဌာ၊ ထိန်းသိမ်းရေးစခန်းကနေ ကော့သောင်းမြို့ကို ပြန်ပို့လိုက်တဲ့ မြန်မာနိုင်ငံသား လူငယ် ၁၅၂ ဦးအနက် ၂၃ ဦးကို စစ်ကောင်စီက နှစ်နှစ်စစ်မှုထမ်းဖို့အတွက် လို့ပြောပြီး ဖမ်းဆီးခဲ့တယ်လို့ မိသားစုဝင်တွေက ပြောပါတယ်။
ပြီးခဲ့တဲ့ ဩဂုတ် ၇ ရက်မှာလည်း ရနောင်းခရိုင်၊ ထိန်းသိမ်းရေးစခန်းကနေ ကော့သောင်းကို ပြစ်ဒဏ်ကျခံပြီးသူ ၁၂၆ ဦးကို ထပ်မံပို့ဆောင်ခဲ့ပြီး စစ်ကောင်စီဘက်ကလည်း လူငယ် ၄၈ ဦးကို စစ်မှုထမ်းဖို့အတွက် ထပ်မံဖမ်းဆီးထားခဲ့တယ်လို့ မိသားစုဝင်တွေနဲ့ မြို့ခံတွေရဲ့ ပြောပြချက်အရသိရပါတယ်။
“ အခု စစ်တပ်က ပေါ်တင်ကိုဖမ်းနေတာဗျ။ ဟိုဘက်ကပို့တာနဲ့ သူတို့က ဆိပ်ကမ်းကနေစောင့်ပြီး ရွေးထုတ်တယ်။ ၇ ရက်နေ့ကအသုတ်မှာဆို ရှေ့တသုတ်က ဖမ်းခေါ်သွားတာထက် တော်တော်လေးပိုများတယ်” လို့ ကော့သောင်းမြို့ခံအမျိုးသားတစ်ဦးက ပြောပါတယ်။
မှတ်ပုံတင်၊ အိမ်ထောင်စု အထောက်အထားမပြည့်စုံလို့ဆိုတဲ့ အကြောင်းပြချက်နဲ့ စစ်ကောင်စီက စတင်ဖမ်းဆီးခဲ့တာဖြစ်ပြီး ပြန်ထုတ်ဖို့အတွက် ဘတ်သောင်းဂဏန်းအထိတောင်းယူခဲ့တယ်လို့လည်း မိသားစုဝင်တွေက ဆိုပါတယ်။
ပိုက်ဆံမပေးနိုင်တဲ့ လူငယ်တွေကိုတော့ စစ်မှုထမ်းဖို့အတွက် ဖမ်းဆီးထားခဲ့တာဖြစ်တယ်လို့ မိသားစုဝင်တွေနဲ့ ကော့သောင်းမြို့ခံတွေက ပြောပါတယ်။
လက်ရှိ ကော့သောင်းမြို့ဆိပ်ကမ်းမှာ စစ်ကောင်စီတပ်ဘက်က ဖမ်းဆီးခဲ့တဲ့လူဦးရေစုစုပေါင်း ၇၁ ဦး ရှိနေပြီဖြစ်ပြီး ကော့သောင်းမြို့အခြေစိုက် ခြေလျင်တပ်ရင်း ခလရ (၂၆၂) မှာ ဒီနေ့အထိ ထိန်းသိမ်းထားဆဲဖြစ်တယ်လို့ ဖမ်းဆီးခံရသူတွေရဲ့ မိသားစုဝင်တွေက ဆိုပါတယ်။
ထိုင်းနိုင်ငံကနေ ကော့သောင်းမြို့ကို ပြန်လည်ပို့ဆောင်ခံရတဲ့ မြန်မာနိုင်ငံသားတွေထဲက ကော့သောင်းမြို့မှာ ဖမ်းဆီးမခံရဘဲ နေရပ်သို့ ပြန်တဲ့သူတွေထဲကလည်း လမ်းခရီးမှာ ဖမ်းဆီးခံရတာတွေလည်း ရှိနေပါတယ်။
ဇူလိုင်လ ၃၀ ရက် က ကော့သောင်းကို ပြန်လည်ပို့ဆောင်ခြင်းခံရတဲ့အသုတ်က နေရပ်ကိုပြန်သူတွေထဲက လူငယ် ၉ ဦးကိုလည်း ပြီးခဲ့တဲ့ ဩဂုတ် ၅ ရက်နေ့က သရက်ချောင်းမြို့နယ်၊ သံတံတားပျူစောထီးစစ်ဆေးရေးဂိတ်က ဖမ်းဆီးခဲ့တယ်လို့ အဖမ်းခံရသူတွေရဲ့ မိသားစုဝင်တွေနဲ့ နီးစပ်သူတွေဆီက သိရပါတယ်။
သရက်ချောင်းပျူစောထီးဂိတ်မှာ ဖမ်းဆီးခဲ့သူ နေရပ်ပြန် ၉ ဦးကိုလည်း သရက်ချောင်းမြို့အခြေစိုက် ခြေမြန်တပ်ရင်း ခမရ (၄၀၃) မှာ ဖမ်းဆီးထိန်းသိမ်းထားတယ်လို့ စုံစမ်းသိရပါတယ်။
“ ဒီလိုသာ စောင့်ပြီးဖမ်းနေရင် ထိုင်းဘက်မှာ အချုပ်ကျနေတဲ့ မြန်မာနိုင်ငံသားတွေဘဝက မတွေးရဲစရာဘဲ။ ပါသွားတာအိမ်ကသိရရင်တော်သေး။ စစ်တပ်ထဲပါသွားတာမသိရရင် ကိုယ့်သား၊ သမီးသေလားရှင်လားတောင် သိမှာမဟုတ်ဘူး” လို့ ရနောင်းမြို့နေ မြန်မာအလုပ်သမားအရေး တက်ကြွလှုပ်ရှားသူတစ်ဦးက ဆိုပါတယ်။
ပြီးခဲ့တဲ့ ဩဂုတ်လ ၉ ရက်မှာတော့ ခလရ ၂၆၂ မှာ ဖမ်းဆီးထားတဲ့ မှတ်ပုံတင်အထောက်အထားမဲ့ မြန်မာနိုင်ငံသားလူငယ်တွေကို မှတ်ပုံတင်ပြုလုပ်ပေးနေပြီး စစ်သင်တန်းဝင်ဖို့အတွက် ဆေးစစ်ရန် စောင့်ဆိုင်းနေကြရဆဲဖြစ်တယ်လို့ မိသားစုဝင်တွေဆီက သိရပါတယ်။
စစ်မှုထမ်းဥပဒေကြေငြာပြီးနောက်ပိုင်း လက်ရှိမှာ စစ်မှုထမ်းသင်တန်း အမှတ်စဥ် ၄ ကို ဖွင့်လှစ်နေပြီဖြစ်ပြီး တနင်္သာရီတိုင်းက စစ်သင်တန်းသားတွေကို ပုလောမြို့နယ်၊ ပလောက်မြို့က အမှတ် ၁၂ တန်းမြှင့်လေ့ကျင့်ရေးသင်တန်းကျောင်းမှာ သင်တန်းပေးနေပါတယ်။
The Tanintharyi Times
