အရိုင်းဗမာ (မင်းသေ့)
အရိုင်းဗမာ (မင်းသေ့)
အာဏာရှင်စနစ်ကနေ ဖယ်ဒရယ်ဒီမိုကရေစီစနစ် ကျင့်သုံးတဲ့ နိုင်ငံဖြစ်လာဖို့ဆိုရင် စနစ်ဆိုးကြီးရဲ့ အဓိကလက်သည်ဖြစ်တဲ့ ဖက်ဆစ်တပ် အမြစ်ဖြတ်ရေးအပြင် တခြားလုပ်ဆောင်ရမယ့် အချက်တွေလည်း ရှိပါသေးတယ်။ အဲဒါကတော့ လူမှုအသိုက်အဝန်းထဲမှာ အမြစ်တွယ်နေတဲ့ အာဏာရှင်အကျင့်ဓလေ့ကို တိုက်ထုတ်ပစ်ကြဖို့ပါ။ မိမိတို့ရဲ့ အဇ္ဇျတ္တမှာ ခိုတွယ်မှီအောင်းနေတဲ့ အာဏာရှင်အကျင့်စရိုက်တွေကို မဖယ်ရှားပစ်နိုင်ဘူးဆိုရင် ဒီမိုကရေစီခရီးဟာ နီးမလိုနဲ့ ဝေးနေဦးမှာပဲ ဖြစ်ပါတယ်။
ကျွန်မတို့ လူ့အဖွဲ့အစည်းမှာ အာဏာရှင်စရိုက်လက္ခဏာတွေ ဘယ်လောက်အထိ နက်နက်ရှိုင်းရှိုင်း အမြစ်တွယ်နေခဲ့ပြီလဲ။ လူမျိုးစု အသီးသီးအနေနဲ့ မိမိတို့ ဖြတ်သန်းလာခဲ့တဲ့ သမိုင်းကြောင်း အစဉ်အလာကို ပြန်ပြောင်းငဲ့ကြည့်မယ်ဆိုရင် ဒီအဖြေကို ရှင်းရှင်းလင်းလင်း သိလာမှာပါ။ သမိုင်းကြောင်းကို ပြန်လည်ငဲ့ကြည့်တဲ့အခါ ရိုးရိုးသားသား ကြည့်နိုင်ဖို့တော့ လိုပါတယ်။ ကိုယ်ရည်သွေးသမိုင်းနဲ့ ဝါဒဖြန့်သမိုင်းတွေမှာတော့ အမှန်တရားကို ဘယ်လိုမှ ရှာလို့ရနိုင်မှာ မဟုတ်ပါဘူး။
ဆရာ “မင်းသေ့” ရဲ့ “အရိုင်းဗမာ” ဆိုတဲ့ စာအုပ်ကို ဖတ်ပြီးနောက်မှာ ကျွန်မတို့ လူမှုအဖွဲ့အစည်းထဲ အာဏာရှင်အကျင့်စရိုက် အမြစ်တွယ်နေရတဲ့ အကြောင်းရင်းကို ထပ်ခါတလဲလဲ တွေးနေမိတယ်။ အရိုးစွဲနေတဲ့ အကျင့်ဓလေ့တစ်ခုကို ပြုပြင်ပြောင်းလဲချင်တယ်ဆိုရင် ဖြစ်ပေါ်စွဲမြဲလာရတဲ့ အကြောင်းရင်းမှန်ကို ကဂဏန သိဖို့က အရေးကြီးတယ် မဟုတ်ပါလား။
“အရိုင်းဗမာ” စာအုပ်မှာ ဗမာလူမျိုးစုရဲ့ စိတ်နေသဘောထား၊ အာဏာဓလေ့၊ လူမှုနိုင်ငံရေး ဇာတ်ကြောင်း၊ အမျိုးသားဝါဒ စတဲ့ ဝေဖန်စောကြောမှုတွေကို အဓိက တင်ပြထားပါတယ်။ ဗမာလူမျိုးစုအတွက် အဓိက ရေးသားထားတယ် ဆိုပေမယ့် တခြားလူမျိုးစုတွေအတွက်လည်း ထပ်ဆင့်အတွေးပွားစရာ ဆင်ခြင်စေ့ငုစရာ တပုံတပင်ကြီး ဖြစ်စေတဲ့ စာအုပ်တစ်အုပ်ပါပဲ။
ဗမာတွေဟာ အာဏာနဲ့ပတ်သက်ရင် စိတ်ပိုင်းဆိုင်ရာ ဘယ်လိုတိမ်းညွတ်မှုမျိုး၊ ဘယ်လို သိမှတ်လက်ခံထားမှုမျိုးကို ကိုင်စွဲထားပါသလဲ။ “အရိုင်းဗမာ” မှာ အာဏာနဲ့ပတ်သက်ပြီး ဗမာလူမျိုးစုရဲ့ ခံယူချက်နဲ့ လူမှုအကျင့်ဓလေ့ အကြောင်းကို ထင်သာမြင်သာတဲ့အပိုင်းရော၊ ဖုံးကွယ်တိမ်မြှုပ်နေတဲ့ အပိုင်းပါ စုစည်းဖော်ထုတ်ထားပါတယ်။
ဗမာ့သမိုင်းဓလေ့ကို လေ့လာကြည့်ရင် အစွန်းနှစ်ဖက် အယူအဆကို ပူးတွဲကိုင်စွဲထားတာ တွေ့ရမှာပါ။ သိပ်ရွံမုန်းနေတာနဲ့ တပြိုင်နက် အားကျနေတတ်တာမျိုး၊ အာခံပုန်ကန်ချင်စိတ်နဲ့ ဝပ်တွားခယလိုစိတ် တပြိုင်တည်း ဖြစ်နေတာမျိုး။
ဗမာလူ့အဖွဲ့အစည်းဟာ သက်ဦးဆံပိုင် ပဒေသရာဇ်စနစ်ကို အကြီးအမှူးပြု တည်ဆောက်ခံခဲ့ရပါတယ်။ မိမိတို့ရဲ့ အသက်အိုးအိမ်စည်းစိမ်ကို “ရေမြေ့ရှင်” ဆိုသူက ပိုင်ဆိုင်တယ်ဆိုတဲ့ အယူပါပဲ။ ရှင်ဘုရင်ကို အကြွင်းမဲ့အာဏာပိုင်အဖြစ် လက်ခံယုံကြည်မှုဟာ ဗမာ့လူ့အဖွဲ့အစည်းမှာ နက်နက်ရှိုင်းရှိုင်း စိမ့်ဝင်နေရာယူထားခဲ့တယ်။
အဲဒီလက်ခံကျင့်သုံးမှုကနေ အထက်အောက်ပုံစံ အာဏာတည်ဆောက်ပုံဟာ အခုအချိန်ထိ မပျောက်ပျက်သေးပါဘူး။ အာဏာဟာ အထက်မှာ၊ အင်အားကြီးသူမှာပဲ စုပါတယ်။ အထက်လွှာမှာရှိတဲ့သူတွေက လူထုထက်က အခွင့်ထူးခံပုံစံမျိုး သဘောထားတတ်ကြတယ်။ ဒါဟာ ဗမာတွေ စွဲမှတ်ထားတဲ့ အာဏာဓလေ့တစ်ခုလို့ စာရေးသူက သုံးသပ်ပြပါတယ်။
အထက်အောက် အာဏာစီးဆင်းမှု ပုံစံတွေကြောင့် “ပေဖြစ်ရင်ခံ၊ တူဖြစ်ရင်နှံ” ဆိုတဲ့ စကားကို လက်ခံကျင့်သုံးမှု ဓလေ့က ကြီးစိုးလာပါတယ်။ အထက်လူက အောက်လူကို အာဏာတွေပြ အနိုင်ကျင့်နှိပ်စက်၊ တချိန်လုံး ကျိတ်မှိတ်ခံလာရတဲ့ အောက်လူကလည်း အထက်ရောက်ရင် အာဏာပြန်ပြနဲ့ အာဏာရှင်စက်ဝန်း သံသရာကြီးဟာ လူ့အဖွဲ့အစည်းတစ်ခုလုံးကို ပျံ့နှံ့လွှမ်းခြုံသွားပြီး လည်ပတ်နေတော့တယ်။
ရှည်လျားလှတဲ့ သမိုင်းကြောင်းတလျှောက်မှာ ပဒေသရာဇ်စနစ်နဲ့ အုပ်ချုပ်ခံခဲ့ရတာအပြင် ကိုလိုနီကျွန်ပြုခံခဲ့ရတာ၊ စစ်အာဏာရှင်တို့ရဲ့ ကျွန်ပြုခံခဲ့ရတဲ့ အချိန်ကာလကလည်း မနည်းမနော မဟုတ်လား။ ဒါ့ကြောင့် မြန်မာနိုင်ငံထဲက မတူညီတဲ့ လူ့အသိုက်အဝန်း အသီးသီးမှာ ပမာဏ အနည်းအများသာ ကွာချင်ကွာမယ်။ တစ်ဦးချင်းစီ၊ လူမျိုးစုအလိုက်၊ ဘာသာရေးအစုအဖွဲ့အလိုက် စတဲ့ နေရာအသီးသီးမှာ အာဏာရှင်ဓလေ့စရိုက် ကျပ်ခိုးမှိုင်းတွေ ကပ်ငြိခိုအောင်းနေတာကတော့ အမှန်ပါပဲ။
အာဏာရှင်စနစ်ဆိုးကြီး တစ်ခုလုံးကို အမြစ်ပြတ်ပယ်ရှင်းပြီး ဒီမိုကရေစီစနစ်နဲ့ လူ့ဘောင်တစ်ခုကို တည်ဆောက်ချင်တယ်ဆိုရင် အာဏာရှင်စရိုက်မှိုင်းတွေ မိမိကိုယ်တိုင်မှာ၊ မိမိလူမျိုးစုမှာ၊ မိမိဘာသာရေး အစုအဖွဲ့မှာ ဘယ်လောက်အထိ အရိုးစွဲစိမ့်ဝင်နေသလဲဆိုတာ ရိုးရိုးသားသား မြင်အောင်ကြည့်ဖို့ လိုပါမယ်။ အဲဒီအကျင့်စရိုက်တွေကို အားနည်းချက်အနေနဲ့ ရှုမြင်ပြီး သတ္တိရှိရှိ ဖယ်ရှားရှင်းလင်းပစ်ဖို့ အရေးကြီးပါတယ်။
ဒါမှသာ လွတ်လပ်ခြင်း၊ တန်းတူညီမျှခြင်းနဲ့ နေပျော်ဖွယ် လူ့ဘောင်တစ်ခုကို အောင်အောင်မြင်မြင် တည်ဆောက်နိုင်မှာ ဖြစ်ပါတယ်။
“အရိုင်းဗမာ” စာအုပ်ဟာ ဗမာလူမျိုးစုတွေရဲ့ အာဏာဆင်းသက်ရာ၊ လက်ခံကျင့်သုံးရာ လူမှုဓလေ့အကြောင်း ဝေဖန်သုံးသပ်ချက် ဆိုပေမယ့် အခြားလူမျိုးစုအသီးသီးအတွက်လည်း သတိပြုဆင်ခြင်စရာ၊ ပြုပြင်ပြောင်းလဲစရာတွေကို ထောက်ပြဝေဖန်ပေးနိုင်တဲ့ သုတစာအုပ်ကောင်းတစ်အုပ်ပဲ ဖြစ်ပါတယ်။ ။
ငြိမ်းပန်
The Tanintharyi Times
