မသိန်းရှင်ဆီ ပို့ပေးပါ (နိုင်ဝင်းဆွေ)

မသိန်းရှင်ဆီ ပို့ပေးပါ (နိုင်ဝင်းဆွေ)

အာဏာရှင်စနစ် လည်ပတ်နေသေးသမျှ ကာလပတ်လုံး ပြည်သူတွေ ဆင်းရဲဒုက္ခ တွင်းနက်ကြီးထဲမှာ ကမ်းမမြင်လမ်းမမြင် ကျရောက်နေရဦးမှာပါပဲ။ အာဏာရှင်နဲ့အပေါင်းပါတစုက တိုင်းပြည်ထဲ ရှိသမျှ အဆီအနှစ်တွေကို ဂုတ်သွေးစုပ်ဝါးမြိုပြီး စည်းစိမ်ယစ်နေကြချိန် သာမန်ပြည်သူတွေကတော့ ငတ်ပြတ်တဲ့ဒဏ်ကို အလူးအလဲ ခံနေကြရတယ်။ ဒါဟာ အာဏာရှင်စနစ်ရဲ့ ပြယုဂ်ပါပဲ။

အာဏာရှင်တွေဟာ သူတို့အာဏာတည်မြဲဖို့အတွက်ဆို ဘယ်လိုရက်စက်ယုတ်မာမှုမျိုးဖြစ်ဖြစ် ကျူးလွန်ဖို့ ဝန်လေးနေမှာ မဟုတ်ဘူး။ ပြည်သူတွေခမျာ စစ်မိစ္ဆာအာဏာရူးတွေရဲ့ ထင်တိုင်းကြဲ နှိပ်စက်တာကို အလူးအလဲ ခံနေရကြတာ ဆယ်စုနှစ် ခုနစ်ခုစာတောင် ကြာခဲ့ပါရောလား။

၁၉၆၂ -၁၉၆၄ ဝန်းကျင်။ စစ်အာဏာရှင်ကြီးက တိုင်းပြည်ကို စိတ်ထင်တိုင်း ခြယ်လှယ်နှိပ်ကွပ်နေတဲ့ကာလ။ စားစရာ “ထန်းလျက်” ဟာ မှောင်ခိုကုန် ဖြစ်ခဲ့ရတဲ့ စနစ်ဆိုးတစ်ခုအကြောင်း။ ကျောက်ပန်းတောင်း - တောင်တွင်းကြီးကို အခေါက်ခေါက်အဖန်ဖန် ပြေးလွှားနေတဲ့ မီးရထားပေါ်က ရင်နင့်စရာ ဇာတ်လမ်းလေးတစ်ပုဒ်။ စနစ်ဆိုးတစ်ခုအောက်က ရုန်းကန်နေရတဲ့ အခြေခံလူတန်းစား‌တွေ။

ထန်းလျက်က ဘာလို့မှောင်ခိုကုန် ဖြစ်ရတာလဲ။ တောင်သူတွေဟာ ကိုယ့်လယ်ကိုယ့်ယာက ထွက်တာတွေကို ကိုယ့်စိတ်ကြိုက်ရောင်းချခွင့်မရှိ။ အစိုးရက သတ်မှတ်ထားတဲ့နေရာမှာ မတန်တဆ နှိမ်ထားတဲ့ဈေးနဲ့ ရောင်းချကြရတယ်။ ဒီလိုနဲ့ ကျပ်တည်းသထက် ကျပ်တည်းလာလို့ သင့်တင့်တဲ့ဈေးနှုန်းရဖို့ ခိုးရောင်း ခိုးဝယ် လုပ်ကြရတော့တယ်။

အာဏာရှင်တွေရဲ့ စနစ်တကျ လှည့်စားမှုအောက်မှာ ဝန်ထမ်းတွေကလည်း အကျင့်ပျက်ခြစားကြ။ ကြီးနိုင်ငယ်ညှဉ်းလုပ်ကြ။ အာဏာရှင် ယန္တရား ကောင်းကောင်းလည်ပတ်နိုင်ဖို့ ကိုယ်တိုင် ခွေးသွားစိတ်အနေနဲ့ ပူးပေါင်းပါဝင်ပေးကြ။ ရိုးရိုးကုန်ကူးတာကို ဥပဒေနဲ့မလွတ်ကင်းလို့ဆိုတဲ့ ဝါဒမှိုင်းအောက်မှာ ဖမ်းကြဆီးကြ၊ အနိုင်ယူနှိပ်စက်ကြ။

မှောင်ခိုကုန် ဖြစ်ရတာက ထန်းလျက်မှ မဟုတ်ပါဘူး။ ဆီ၊ ဆား၊ ကြက်သွန်၊ လက်ဖက်ခြောက်၊ ငရုတ်သီး၊ နံနွင်းမှုန့် စတဲ့ စားသုံးကုန်တွေလည်း တားမြစ်ကုန် ဖြစ်ရရှာတယ်။ ငတ်ပြတ်လွန်းလို့ ဒီလို ကုန်ကူးရတာကို ပြစ်မှုလို့ သတ်မှတ်သေးတယ်။ မီးရထားဝန်ထမ်းတွေရဲ့ အဖမ်းအဆီးရန်ကို တိမ်းရှောင်ရင်း လာဘ်ထိုးရ၊ မျက်နှာချိုသွေးရနဲ့ ယုတ်မာတဲ့ ရဲဝန်ထမ်းတွေနဲ့တိုးရင် ခန္ဓာကိုယ်ပါ ပုံပေးလိုက်ရတဲ့ မိန်းကလေးတွေက တပုံတပင်။

အဲဒီမီးရထားပေါ် လိုက်ပါနေကြသူတွေအားလုံးက စနစ်ဆိုးတစ်ခုရဲ့ သားကောင်တွေ။ ဘယ်သူမှ ရုန်းမထွက်နိုင်ကြ။ ရုန်းထွက်ဖို့ နည်းလမ်းလည်း မမြင်။ ငတ်တလှည့် ပြတ်တလှည့်နဲ့ စနစ်ဆိုးရထားကြီးကို အစုန်အဆန် စီးနင်းလိုက်ပါနေကြလေရဲ့။

အကျင့်ပျက် မီးရထားဝန်ထမ်းတွေကြားမှာ မှောင်ခိုကုန်ကူးသူတွေကို သနားစိတ်ဝင်နေတဲ့ လက်မှတ်စစ်လေး “ကိုရင်မောင်”။

ကိုယ်တိုင်က ကျပ်တည်းတဲ့ မိသားစုကို ထောက်ပံ့နေရသူမို့ သူလည်း ထန်းလျက်မှောင်ခိုသမားတွေရဲ့ လာဘ်ထိုးတာကို မရှောင်နိုင်ခဲ့။ ဒါပေမယ့် ဆင်းရဲသားကျောမွဲဘဝတွေကို အမြဲကိုယ်ချင်းစာ ငဲ့ညှာတတ်သူ။

ရထားပေါ်မှာ နေ့တိုင်းလိုက်ပါရတဲ့ ကုန်စိမ်းသည်မလေး “ညိုညို”။

ဟင်းသီးဟင်းရွက်ရောင်းလို့ ရတဲ့ဝင်ငွေဟာ မိသားစု စားဝတ်နေရေးအတွက် ဘယ်လိုမှ မလောက်ငှ။ ဆန်ကြမ်းစားရာကနေ ပဲ၊ပြောင်း ရောထားတဲ့ သုံးလွန်းတင်ထမင်း၊ နောက်တော့ ထမင်းငတ်တဲ့ အခြေအနေကို ရောက်လာတဲ့အခါ ထန်းလျက်မှောင်ခိုကုန်သည် လုပ်ရရှာတဲ့ “ညိုညို”။

သံယောဇဉ်တွယ်မိတဲ့ သူတို့နှစ်ယောက်ရဲ့ ချစ်ခရီးလမ်းဟာ စနစ်ဆိုးကြီးရဲ့ ရိုက်ခတ်မှုဒဏ်ကို အလူးအလဲ ခံကြရရှာတယ်။ တစ်ယောက်ရဲ့ ဆင်းရဲဒုက္ခကို တစ်ယောက်က ရင်နင့်အောင် မျှဝေခံစားကြရုံကလွဲပြီး မကူနိုင် မကယ်နိုင်တဲ့ အခြေအနေ။ ထမင်းငတ်နေတာကို ချစ်သူသိသွားမှာ စိုးရွံ့တဲ့ ညိုညို။ အုန်းဆီမဝယ်နိုင်လို့ ခေါင်းမှာလိမ်းထားတဲ့ ပဲဆီအနံ့ထွက်လာမှာကို စိုးရိမ်တဲ့ ညိုညို။ မိဘ မောင်နှမအတွက်ဆို အရာရာပေးဆပ်ဝံ့တဲ့ ညိုညို။

သူရထားပေါ် တင်လာတဲ့ ထန်းလျက်တောင်းကို ရဲတွေဖမ်းမိမှာစိုးလို့ ဘူတာရုံမှာ ရှေ့နောက်မမြင် ထွက်ပြေးမိတဲ့ “ညိုညို” ဟာ အဆိုးဆုံးအဖြစ်နဲ့ ကြုံတွေ့လိုက်ရတယ်။ ရထားတက်ကြိတ်ထားလို့ အသားစိုင်တွေ တစ်စစီ ဖြစ်နေတဲ့အချိန်။ နောက်ဆုံးထွက်သက်လေးကို ခက်ခက်ခဲခဲ ရှူနေရချိန်မျိုးမှာတောင် သူ့အသက်ကို သူနှမျောဖို့ သတိမရခဲ့ဘူး။

သူနောက်ဆုံး ထစ်ထစ်အအနဲ့ ပြောသွားတဲ့စကားက “မသိန်းရှင်ဆီရောက်အောင် ကျမထန်းညက်တောင်း ပို့ပေးကြပါ” တဲ့။ မသိန်းရှင်ဆိုတာ သူတို့ထန်းလျက်ကို ပြန်ဝယ်တဲ့ အဝယ်ဒိုင် ဆိုပါတော့။ အဲဒီထန်းလျက်တောင်း ရောင်းရမှ သူ့မိသားစု ထမင်းစားရမှာ မဟုတ်လား။

အာဏာရှင်စနစ်ဆိုး ရထားကြီးထဲမှာ ကျောမွဲပြည်သူတွေဟာ မြေဇာပင်ဖြစ်လို့။ ဒီလို အဆိုးလောကဓံကို ရင်နဲ့မဆံ့ ခံစားနေရတာဟာ ကံတရားကြောင့် မဟုတ်ဘူး။ ပြည်သူတွေရဲ့ဘဝကို နင်းခြေထားတဲ့ မိစ္ဆာအာဏာရူးတွေကြောင့်ပဲ။

စနစ်ဆိုးတစ်ခုရဲ့ ခွေးသွားစိတ်ယန္တရားထဲ ပြည်သူတွေရဲ့ အသက်သွေးချွေး၊ ဘဝ၊ ဂုဏ်သိက္ခာတွေ စတေးခဲ့ရပေါင်း များလှပါပြီ။ အာဏာရှင်စနစ်ကို အမြစ်ဖြတ်မချေမှုန်းနိုင်သေးသရွေ့ ဆင်းရဲမွဲတွေမှု မီးရထားကြီးပေါ်မှာ အစုန်အဆန် စီးနင်းလိုက်ပါနေဦးမှာပါပဲ။

ဆရာ “နိုင်ဝင်းဆွေ” ရဲ့ “မသိန်းရှင်ဆီ ပို့ပေးပါ” ဆိုတဲ့ ဝတ္ထုလေး။ ဝတ္ထုဆိုပေမယ့် ခေတ်စနစ်ရဲ့ ပကတိ အခြေအနေမှန်ကို မီးမောင်းထိုးပြနိုင်တဲ့ တန်ဖိုးကြီးစာပေလက်ရာလို့ပဲ ဆိုချင်ပါတယ်။

တကယ်လို့များ ရသစာပေကို ဖတ်ဖို့ဝါသနာပါသူတစ်ဦးဆိုရင်၊ ခေတ်ဆိုးစနစ်ဆိုးရဲ့ ရောင်ပြန်ဟပ်မှုတွေကို ခံစားသိမြင်ချင်တယ်ဆိုရင် ဒီဝတ္ထုလေးဟာ မဖြစ်မနေ ဖတ်ရမယ့် ဝတ္ထုကောင်းတစ်ပုဒ်ပဲ ဖြစ်ပါတယ်။ ။

ငြိမ်းပန်

The Tanintharyi Times