စစ်ဝါဒ တားဆီးနိုင်အောင်နှင့် သူ့အမှာများ (ဟံသာဝတီ ဦးဝင်းတင်)

စစ်ဝါဒ တားဆီးနိုင်အောင်နှင့် သူ့အမှာများ (ဟံသာဝတီ ဦးဝင်းတင်)

“ဟံသာဝတီ ဦးဝင်းတင်” နဲ့ ပတ်သက်ပြီး ရင်ထဲမှာ စွဲမြဲနေတဲ့ မြင်ကွင်းတစ်ခု ရှိပါတယ်။ လက်ကိုအောက်ဘက်ချထားတဲ့ လူအများကြီးကြားမှာ သူတစ်ယောက်တည်း လက်ညှိုးထောင်ထားတဲ့ ဓါတ်ပုံတစ်ပုံပါ။

အဲဒီဓါတ်ပုံကို ကြည့်မိတိုင်း ဦးဝင်းတင်ရဲ့ ပြတ်သားတဲ့ မျက်နှာထားပေါ်က အားမာန်တွေ၊ သတ္တိတွေဟာ စိတ်ထဲကို စီးဝင်ကူးစက်လာစမြဲ။ မိမိယုံကြည်လက်ခံထားတဲ့ အမှန်တရားကို အများနဲ့ တစ်ယောက်ဖြစ်နေရင်တောင် သတ္တိရှိရှိ ထုတ်ဖော်ပြောရဲရမှာပါလားလို့ သင်ခန်းစာ ယူမိပါတယ်။

၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြင်မလား၊ လုံးဝဖျက်သိမ်းလိုက်မလားလို့ ဆန္ဒခံယူတဲ့ပွဲမှာ အားလုံးက ပြင်တဲ့ဘက်မှာ လက်ညှိုးထောင်ကြတယ်။ ဖျက်သိမ်းဖို့ ဘက်မှာ ဦးဝင်းတင် တစ်ယောက်တည်း လက်ညှိုးထောင်တယ်။

တစ်ယောက်တည်းပေမယ့် သူ့လက်ညှိုးက မဝံ့မရဲ မဟုတ်။ ပြတ်ပြတ်သားသား ရဲရဲဝံ့ဝံ့။

ဓမ္မအမှန်တရားနဲ့ ပတ်သက်ရင် သူ့ကို လှည့်ဖြားအချိုသပ်လို့လည်း မရ။ နှိပ်စက်ခြိမ်းခြောက်လို့လည်း မရ။ သူယုံကြည်တဲ့ ဒီမိုကရေစီခရီးအတွက် ဘယ်စစ်ဖိနပ်အောက်ကိုမှ ငုံ့လျှိုးဖို့ မစဉ်းစားခဲ့ဘူး။ ဒီသဘောထားကို “စစ်ဝါဒ တားဆီးနိုင်အောင်နှင့် သူ့အမှာများ” ဆိုတဲ့ အမှာစာဆောင်းပါးများ စုစည်းမှု စာအုပ်မှာ ကွက်ကွက်ကွင်းကွင်း တွေ့ရမှာပါ။

၂၀၁၀ အလွန် ရွေးကောက်ပွဲတွေကျင်းပ ဒီမိုကရေစီ အကူးအပြောင်းလို့ အားလုံးက လက်ခံထားကြချိန်၊ ၂၀၁၄ ခုနှစ် ဒီစာအုပ်ရဲ့ အမှာစာနိဒါန်းရေးချိန်မှာ ဦးဝင်းတင်က အခုလိုမျိုး ပြတ်ပြတ်သားသား ရေးခဲ့ပါတယ်။

“ကျွန်တော်တို့ ဘယ်ရောက်နေသလဲ။ ဒီမိုကရေစီ ပြောင်းလဲရေး လမ်းခုလတ် ရောက်နေတယ်လို့ ဆိုကြတယ်။ မဟုတ်ဘူး။ အမှန်တကယ် ရောက်နေတာ စစ်အာဏာရှင်တစ်ဖြစ်လဲ၊ ဘောင်းဘီချွတ် လူဝတ်လဲတွေ ကြီးစိုးဆဲ၊ ကောင်းစားဆဲ မပြောင်းမလဲ ခေတ်ကြီးရဲ့ လမ်းဆုံလမ်းခွ လမ်းတစ်ဝက်ကို ရောက်နေတာ ဖြစ်တယ်။ ဒီလမ်းဆက်လျှောက်ရင် ဘာဖြစ်မလဲ။ စစ်အာဏာရှင် တဗူးရိုင်းတွေ ခင်းတဲ့လမ်းကို ဆက်လျှောက်လို့ကတော့ စစ်အာဏာရှင် တဗူးရိုင်းခေတ်ပဲ ရောက်တော့မှာပေါ့။ ဒီနေ့ ကျွန်တော်တို့ ဘာလုပ်ကြမလဲ။ ဒီစစ်အာဏာရှင်တစ်ဖြစ်လဲ လမ်းကြောင်းကို ဆက်မလျှောက်ဘဲ လမ်းခွဲကြဖို့ပဲ” တဲ့။ စစ်အာဏာရှင်တွေနဲ့ ပတ်သက်ရင် ဘယ်လောက်တောင် ရှင်းလင်းလိုက်တဲ့ အတွေးအမြင်ပါလဲ။

ဒီစာအုပ်မှာ ဦးဝင်းတင်ရဲ့ အမှာစာ ၂၈ ပုဒ်ကို စုစည်းထားပါတယ်။ စာရေးဆရာပေါင်းစုံ စာအုပ်ပုံစံအမျိုးမျိုးအတွက် ရေးထားတဲ့ အမှာစာတွေပါ။ ဒီအမှာစာထဲမှာ ဦးဝင်းတင်ရဲ့ ဒီမိုကရေစီအရေး နိုင်ငံရေး ခံယူချက်တွေအပြင် စာနယ်ဇင်းပညာ၊ ပန်းချီပညာ၊ ကဗျာ၊ ဘာသာပြန်စာပေ စတာတွေအပေါ်မှာထားတဲ့ သဘောထားအမြင်တွေကိုလည်း ပွင့်ပွင့်လင်းလင်း မြွက်ဟထားပါသေးတယ်။

သတင်းစာသမိုင်းအကြောင်း ရေးထားတဲ့ အမှာစာတစ်ပုဒ်မှာ “သတင်းစာသည် အနာဂတ်တွင် နိုင်ငံသမိုင်းကို ပြောပြရန် ပစ္စုပ္ပန် နိုင်ငံသမိုင်းတွင် ပါဝင်လှုပ်ရှားရမည်။ အတိတ်မှ နိုင်ငံ၏ သမိုင်းကိုသာမက အတိတ်မှ သတင်းစာသမိုင်းကိုလည်း သိမြင်နှံ့စပ်စွာ သင်ခန်းစာယူရမည်။ သို့မှသာ ပစ္စုပ္ပန်သမိုင်းတွင် ပါဝင်လှုပ်ရှားရာ၌ တိကျမှန်ကန်သော အတွေးအမြင်အသိကို ရရှိနိုင်မည်။ သို့မှသာ အနာဂတ်တွင် နိုင်ငံသမိုင်းကို ပြည့်ပြည့်ဝဝ စုံစုံလင်လင် ပြောပြနိုင်သော အစွမ်းအာနိသင်ကို ရရှိနိုင်မည်။” လို့ သတင်းစာရဲ့ တာဝန်ကို အဲဒီလို မှတ်ချက်ပြုထားပါတယ်။

စာနယ်ဇင်းနယ်ပယ်မှာ တာဝန်ယူထားကြသူတွေ မှတ်သားလိုက်နာသင့်တဲ့ တန်ဖိုးကြီး အဆုံးအမပဲ ဖြစ်ပါတယ်။

ဒါ့အပြင် စစ်အာဏာရှင်စနစ် အမြစ်တွယ်မှု အားကောင်းတဲ့ မြန်မာနိုင်ငံမှာ တိုက်ပွဲဝင်စာနယ်ဇင်းကို အလေးပေး လုပ်ဆောင်သင့်ကြောင်းကို “ဒီနေ့ခေတ် ကမ္ဘာမှာ ဩဇာသိက္ခာ ကြီးမားနေတဲ့ တိုက်ပွဲဝင် စာနယ်ဇင်း (Crusading Journalism) မူဝါဒမျိုး ကိုင်စွဲနိုင်တဲ့ စာနယ်ဇင်းတွေ မြန်မာပြည်တလွှား ထွန်းကားဖို့ကောင်းပြီ” လို့ ပြတ်ပြတ်သားသား အကြံပြုထားပါတယ်။

ကိုယ်တိုင်လည်း အမှန်တရားဘက် ရပ်တည်သူ တိုက်ပွဲဝင်သတင်းသမားတစ်ယောက် ဖြစ်တဲ့ ဦးဝင်းတင်ဟာ တိုက်ပွဲဝင်သတင်းစာကို ရေးသားကြဖို့ အလေးအနက်ထား တိုက်တွန်းခဲ့သူပါ။

သူမကွယ်လွန်မီ နောက်ဆုံးရေးခဲ့တဲ့ အမှာစာတစ်ပုဒ်မှာ “တိုက်ပွဲဝင်နေတဲ့ ပြည်သူလူထုနဲ့ တစ်သားတည်းရှိကာ ပြည်လုံးကျွတ် လှုပ်ရှားမှုတွေ၊ တိုက်ပွဲတွေမှာ ကိုယ်တိုင်ဝင်ပါတယ်။ တိုက်ပွဲဝင်ကြတယ်။ သတင်းရေးရုံ၊ သတင်းဖော်ပြရုံ မဟုတ်ဘဲ တိုက်ပွဲမှာ ကိုယ်တိုင်ကိုယ်ကျ ဝင်ပါတဲ့ သတင်းစာတွေက ကိုယ့်ကိုယ်ကိုယ် တိုက်ပွဲဝင်သတင်းစာလို့ မြင်ကြတယ်။ ‘မီး’ လောင်တဲ့နေရာမှာ မီးလောင်တာသက်သက်ကို သတင်းရေးတာ၊ သတင်းပေးတာမျိုး မဟုတ်ဘဲ ကိုယ်တိုင်မီးဝင်ငြိမ်းတယ်။” လို့ တိုက်ပွဲဝင် သတင်းစာရဲ့ အဓိပ္ပာယ် တာဝန်နဲ့ အနှစ်သာရကို ဘွင်းဘွင်းရှင်းရှင်း ဆိုထားပါတယ်။

ယုံကြည်ချက်အရာမှာ ပြင်းပြင်းထန်ထန် ရှိသလောက်၊ စစ်အာဏာရှင်တို့အပေါ်မှာ ဦးမညွှတ်စတမ်း မာန်ပြင်းသလောက် စာပေနဲ့ပတ်သက်ရင် ကိုယ့်ကိုယ်ကို အစဉ်နှိမ့်ချသူတစ်ဦး၊ ပညာရှိ ဂုဏ်အင်္ဂါနဲ့ ပြည့်စုံလွန်းသူတစ်ဦး ဖြစ်ပါတယ်။ ဒါကို “ကိုသစ်လွင်” ဆီရေးတဲ့ စာတစ်စောင်မှာ တွေ့နိုင်ပါတယ်။

“ကိုသစ်လွင်ခင်ဗျား… အမှာစာ ဒီနေ့မှပဲ ရေးဖြစ်ပါတော့သည်။ မအားလွန်းလို့၊ စာရေးကလည်း ပျင်းလွန်းလို့ ဖြစ်ပါသည်။ အလောသုံးဆယ် ကောက်ခြစ်လိုက်ရလို့ အတွေး အရေး ဖြောင့်မှဖြောင့်ရဲ့လား။ လက်ရေးလက်သား ဖတ်လို့မှ ရပါ့မလားတော့ မသိပါ။ ကြိုက်မှသာ သုံးစေချင်ပါသည်။ အားနာစရာ မရှိပါ” တဲ့။

နိုင်ငံကျော် သတင်းစာဆရာ စာရေးဆရာတစ်ယောက် ဖြစ်နေပေမယ့် ဘယ်လောက်အထိ မာန်မာန ကင်းစင်လိုက်တဲ့ စကားလုံးတွေလဲ။ တကယ့်ကို အတုယူရမယ့် နှိမ့်ချရိုကျိုးမှု၊ ရိုးသားမှုတွေပါပဲ။

“စစ်ဝါဒ တားဆီးနိုင်အောင်နှင့် သူ့အမှာများ” စာအုပ်ဟာ ဟံသာဝတီ ဦးဝင်းတင်ရဲ့ နိုင်ငံရေး၊ စာပေ၊ အနုပညာ အပေါ်ထားတဲ့ အသိအမြင်၊ အတွေးအခေါ်၊ ခံယူချက်၊ ယုံကြည်ချက်တွေကို ပြည့်ပြည့်စုံစုံ မီးမောင်းထိုးပြနိုင်တဲ့ အမှာစာဆောင်းပါးတွေမို့ ဖတ်ရှုသင့်တဲ့ စာအုပ်ကောင်းတစ်အုပ်အဖြစ် မျှဝေလိုက်ရပါတယ်ရှင်။ ။

ငြိမ်းပန်

The Tanintharyi Times