လောင်းလုံးလဝကရုံးက စစ်ကောင်စီတပ်သားတွေ အနီးကပ်ပစ်ခတ်ခံရပြီး နှစ်ဦးသေဆုံး
လောင်းလုံးလဝကရုံးက စစ်ကောင်စီတပ်သားတွေ အနီးကပ်ပစ်ခတ်ခံရပြီး နှစ်ဦးသေဆုံး
လောင်းလုံးမြို့ပေါ်က လူဝင်မှုကြီးကြပ်ရေး(လဝက)ရုံးမှာတပ်စွဲပြီး လမ်းသွားလမ်းလာတွေကို စစ်ဆေးနေတဲ့ စစ်ကောင်စီတပ်သားတွေ ပစ်ခတ်ခံရပြီးနှစ်ဦးသေဆုံးခဲ့တယ်လို့ ဖယ်ဒရယ်ဓူဝံကြယ်တပ်ဖွဲ့ကပြောပါတယ်။
အခုလ ၁၀ ရက်နေ့ကနေ့လယ်ပိုင်းက လောင်းလုံးမြို့ လူဝင်မှုကြီးကြပ်ရေး(လဝက)ရုံးရှေ့မှာ လမ်းသွားလမ်းလာကားတွေကို စစ်ဆေးနေတဲ့ စစ်ကောင်စီတပ်သားတွေကို ပြည်သူ့ကာကွယ်ရေးရဲဘော်တွေက အနီးကပ်ဝင်ရောက်ပစ်ခတ်ခဲ့တာပါ။
အဲဒီပစ်ခတ်မှုအတွင်း ဘန်ကာအပြင်ဘက်မှာရှိနေတဲ့ စစ်ကောင်စီတပ်သား ၄ ဦးကျည်ထိမှန်ပြီး နှစ်ဦးကတော့ ပွဲချင်းပြီးသေဆုံးသွားတယ်လို့ ဖယ်ဒရယ်ဓူဝံကြယ်တပ်ဖွဲ့ရဲ့ပြန်ကြားရေးတာဝန်ခံကပြောပါတယ်။
“သူတို့က တဖက်လမ်းကိုကူးပြီး ကားထွက်စစ်နေတာ။ ကားထွက်တာနဲ့ ရှိနေတဲ့ လေးကောင်ကိုပစ်တာပါ။ နှစ်ကောင်ကတော့ တည့်ပစ်ခံရပြီး လမ်းမှာပုံကျသွားတယ်” လို့ ဖယ်ဒရယ်ဓူဝံကြယ်တပ်ဖွဲ့ရဲ့ ပြန်ကြားရေးတာဝန်ခံ ရဲဘော်လင်းယုန်က ပြောပါတယ်။
နောက်ထပ်ပစ်ခတ်ခံရတဲ့ စစ်ကောင်စီတပ်သားနှစ်ဦးရဲ့ ထိခိုက်မှုအခြေအနေ အသေးစိတ်ကိုတော့ မသိရသေးဘူးလို့ ရဲဘော်လင်းယုန်က ဆက်ပြောပါတယ်။
ပစ်ခတ်ခံရတဲ့ စစ်ကောင်စီတပ်သားတွေဘက်က လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ ပြန်လည်ပစ်ခတ်ခဲ့ပေမဲ့ ပြည်သူ့ကာကွယ်ရေးရဲဘော်တွေ ထိခိုက်တာမျိုးတော့ မရှိခဲ့ဘူးလို့ ပြန်ကြားရေးတာဝန်ခံရဲ့ပြောပြချက်အရ သိရပါတယ်။
လောင်းလုံးမြို့ပေါ်ကလူဝင်မှုကြီးကြပ်ရေး(လဝက)ရုံး၊ စစ်ဘက်ရေးရာလုံခြုံရေးတပ်ဖွဲ့(စရဖ)ရုံးတဝိုက်မှာ မြို့နယ်အခြေစိုက် ခြေလျင်တပ်ရင်း ခလရ (၁၀၄)တပ်က စစ်ကောင်စီတပ်သား ဆယ်ဦးခန့်ဟာ ဘန်ကာသုံးခုဆောင်လုပ်ပြီး လမ်းသွားလမ်းလာ ကားတွေကို ပုံမှန်စစ်ဆေးတာနဲ့ငွေကြေးတောင်းခံတာတွလုပ်ဆောင်နေတယ်လို့ ဒေသခံတွေက ဆိုပါတယ်။
ဒါ့အပြင် ရုံးအတွင်းဘက်တွေမှာလည်း နောက်ထပ်စစ်ကောင်စီတပ်သားတွေနဲ့ ပျူစောထီးတွေ ပူးပေါင်းပြီး အင်အား ၄၀ လောက်နဲ့ အထိုင်ချတပ်စွဲထားတယ်လို့ ဒေသခံတွေက ဆိုပါတယ်။
လောင်းလုံးမြို့ပေါ်က စရဖရုံးနဲ့ လဝကရုံးတွေအပြင် မြို့မရဲစခန်းနဲ့ အထွေထွေအုပ်ချူပ်ရေးမှူးရုံးတို့မှာလည်း စစ်ကောင်စီတပ်သားတွေက တပ်စွဲထားပါတယ်။
အခုလ၂ ရက်နေ့ကလည်း လောင်းလုံးမြို့မရဲစခန်းနဲ့ အထွေခွေအုပ်ချုပ်ရေးမှူးရုံးက စစ်ကောင်စီတပ်သားတွေ အချင်းချင်းပစ်ခတ်မှုဖြစ်ပြီး ထိခိုက်သေဆုံးတာတွေရှိခဲ့တယ်လို့ ဒေသခံတွေနဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေဆီက သိရပါတယ်။
The Tanintharyi Times
