လောင်းလုံးက စစ်ကောင်စီတပ်သားတိုက်ခိုက်ခံရပြီးနောက် အနီးကနေအိမ်တဆောင် ဖျက်ဆီးခံရ

လောင်းလုံးက စစ်ကောင်စီတပ်သားတိုက်ခိုက်ခံရပြီးနောက် အနီးကနေအိမ်တဆောင် ဖျက်ဆီးခံရ

ပုံစာ - စစ်ကောင်စီတပ်ဖျက်ဆီးသွားတဲ့နေအိမ်ကပစ္စည်းတွေ။

လောင်းလုံးမှာ စစ်ကောင်စီတပ်သားတွေတိုက်ခိုက်ခံရပြီးနောက် အနီးအနားက နေအိမ်အများအပြားကိုရှာဖွေစစ်ဆေးခဲ့ပြီး နေအိမ်တစ်ဆောင်ကို ရိုက်နဖျက်ဆီးခဲ့ကြတယ်လို့ ဒေသခံတွေကပြောပါတယ်။

မနေ့က မနက်ပိုင်းမှာ လောင်းလုံးမြို့ပေါ်အထက်တန်းကျောင်းမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်သားနဲ့ပျူစောထီးတွေကို ပြည်သူ့ကာကွယ်‌ရေးတပ်တွေက လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ သွားရောက်ပစ်ခတ်ခဲ့လို့ နှစ်ဖက်ပစ်ခတ်မှုဖြစ်ပွားခဲ့ပါတယ်။

အဲဒီနောက်မနက်ပိုင်းမှာပဲ စစ်ကောင်စီတပ်သားတွေ ပစ်ခတ်ခံရတဲ့ ကျောင်းတဝိုက်က နေအိမ်ဆယ်ဆောင်ဝန်းကျင်ကိုဝင်ရောက်စစ်ဆေးပြီး လူမရှိတဲ့နေအိမ်တစ်ဆောင်ကိုတော့ ရိုက်နှက်ဖျက်ဆီးခဲ့တယ်လို့ဆိုပါတယ်။

“ဖျက်ဆီးခံရတဲ့ကအိမ်က လူမရှိလို့သော့ခတ်ထားတာ။ အဲဒါကိုရိုက်ဖွင့်ပြီးဝင်ဖျက်တာ။ ဘာမှသုံးမရတော့ဘူး” လို့အမည်မဖော်လို့တဲ့ မြို့ခံတစ်ဦးကပြောပါတယ်။

ဖျက်ဆီးခံရတာကြောင့် နေအိမ်တံခါး၊ ပြတင်းပေါက်နဲ့ ပရိဘောဂပစ္စည်းတွေအပြင်အိုးခွက်ပန်းကန်တွေပါ အကုန်လုံးပျက်စီးသွားတယ်လို့ဆိုပါတယ်။

မနေ့က ပစ်ခတ်မှုမှာတော့ စစ်ကောင်စီတပ်သား ၂ ဦးသေဆုံးတဲ့အပြင် ဒဏ်ရာရသူလည်းအများအပြားရှိတယ်လို့ သွားရောက်တိုက်ခိုက်ခဲ့တဲ့ ထားဝယ်မြို့ပြပြောက်ကျားတပ်ဖွဲ့နဲ့ DDT တပ်ခွဲ ၃ တို့ကထုတ်ပြန်ထားပါတယ်။

လောင်းလုံးမှာ လွန်ခဲ့တဲ့သုံးရက်ကလည် စစ်​ဘက်ရေးရာလုံခြုံရေးတပ်ဖွဲ့ စရဖကားတစ်စီးကို ပြည်သူ့ကာကွယ်ရေးတပ်က ကြားဖြတ်ပစ်ခတ်ခဲ့ပါသေးတယ်။

ပြီးခဲ့တဲ့လေးရက်မှာ ထားဝယ်ခရိုင်အတွင်းက ထားဝယ်၊ ရေဖြူနဲ့ လောင်းလုံးမြို့နယ်မှာ စစ်ကောင်စီတပ်စွဲထားတဲ့နေရာတွေ တပ်ရင်းတွေနဲ့သွားလာနေတဲ့ စစ်ကောင်စီကားတွေ လေးကြိမ်အထိတိုက်ခိုက်ခံခဲ့ရပါတယ်။

The Tanintharyi Times