ထိုင်းနိုင်ငံ မှာ ပြစ်ဒဏ်ကျခံပြီး ပြန်ပို့ခံရသူတွေကို စစ်ကောင်စီတပ်က စစ်သားစုဆောင်း

ထိုင်းနိုင်ငံ မှာ ပြစ်ဒဏ်ကျခံပြီး ပြန်ပို့ခံရသူတွေကို စစ်ကောင်စီတပ်က စစ်သားစုဆောင်း

ပုံစာ - ဇူလိုင် ၃၀ ရက်က ကော့သောင်းကိုပြန်ပို့မဲ့ မြန်မာနိုင်ငံသားတွေကို ရနောင်းဆိပ်ကမ်းမှာ တွေ့ရစဉ်။ ဓါတ်ပုံ - ရနောင်းခရိုင်လူဝင်မှုကြီးကြပ်ရေး။

ထိုင်းနိုင်ငံ ရနောင်းခရိုင်ထိန်းသိန်းရေးစခန်းမှာ ပြစ်ဒဏ်ကျခံရပြီး ကော့သောင်းမြို့ကို ပြန်ပို့ခံရတဲ့ မြန်မာနိုင်ငံသားတွေကို စစ်ကောင်စီ က အဓမ္မစစ်သားစုဆောင်း ဖမ်းဆီးခဲ့တယ်လို့ အဓမ္မ စစ်သားစုဆောင်းခံရသူတွေရဲ့ မိသားစုဝင်တွေကပြောပါတယ်။

ရနောင်းခရိုင်၊ လူဝင်မှုကြီးကြပ်ရေးဌာန ၊ ထိန်းသိမ်းရေးစခန်းကနေ ကော့သောင်းမြို့ကို ပြန်ပို့လိုက်တဲ့ မြန်မာနိုင်ငံသားလူငယ်တွေကို စစ်ကောင်စီက စစ်မှုထမ်းဥပဒေအရ စစ်သင်တန်းတက်ရမယ်လို့ ဖိအားပေး ဖမ်းဆီးခဲ့တာဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင်လ ၃၀ ရက်၊ မနက် ၁၁ ခွဲအချိန်က ရနောင်းကနေ ကော့သောင်းမြို့ကို ပြန်ပို့ခံရတဲ့ မြန်မာနိုင်ငံသား ၁၅၂ ဦး ထဲက လူငယ်အမျိုးသား ၂၅ ဦးဝန်းကျင်ကို စစ်ကောင်စီက ဖမ်းဆီးခဲ့တယ်လို့ ကော့သောင်းမြို့ခံတွေ နဲ့ ဖမ်းဆီးခံရသူတွေရဲ့ မိသားစုဝင်တွေဆီက သိရပါတယ်။

မှတ်ပုံတင်နဲ့ အိမ်ထောင်စု စာရင်းမပြနိုင်တဲ့ သူတွေကို ရွေးချယ်ပြီး ကော့သောင်းဆိပ်ကမ်း မှာတင် ကော့သောင်းလဝကနဲ့ စစ်ကောင်စီတပ်သားတွေက ဖမ်းဆီးခဲ့ခြင်းဖြစ်တယ်လို့ တနင်္သာရီတိုင်းမ် ကစုံစမ်းသိရှိရပါတယ်။

စစ်ကောင်စီတပ်သားတွေဟာ ဖမ်းဆီးခဲ့တဲ့လူငယ်တွေဆီကနေ ထိုင်းဘတ်ငွေထောင်ဂဏန်းကနေ သောင်းဂဏန်းအထိတောင်းယူခဲ့ပြီး မပေးနိုင်တဲ့သူတွေကို ဩဂုတ်လ ၁ ရက်နေ့မှာ ကော့သောင်းမြို့၊ ၆ မိုင်ရွာ အခြေစိုက် ခြေလျင်တပ်ရင်း ခလရ (၂၆၂) ကို ဖမ်းဆီးခေါ်ဆောင်သွားခဲ့တယ်လို့ စစ်သားစုဆောင်းခံရသူတစ်ဦးရဲ့ မိသားစုဝင်တွေ ကပြောပါတယ်။

“ ကိုယ့်နိုင်ငံသားကိုတောင် အထောက်အထားမပြည့်စုံလို့ဖမ်းတယ်တဲ့။ ကော့သောင်းဆိပ်ကမ်းမှာပဲ စစ်တပ်က ပိုက်ဆံတောင်းတယ်လို့ ပြောတယ်။ မတတ်နိုင်တဲ့ပမာဏမို့ မပေးနိုင်တဲ့သူကိုပြန်မလွတ်ဘဲ ဆက်ဖမ်းထားတယ်။ ကျန်တဲ့သူတွေလည်း တူတူပဲ” လို့ အဖမ်းခံရသူတွေ ထဲက လူငယ်တစ်ဦးရဲ့ မိသားစုဝင်ကရှင်းပြပါတယ်။

အထောက်အထားမပြည့်စုံလို့ဆိုတဲ့ အကြောင်းပြချက်နဲ့ ဖမ်းဆီးခံရတဲ့ထဲမှာ ကော့သောင်းမြို့နယ် က လူငယ် ၅ ဦးလည်း ပါဝင်ပြီး ၁ ဦးကတော့ စစ်ကောင်စီကတောင်းခံတဲ့ ငွေပမာဏအတိုင်းပေးခဲ့တဲ့အတွက် ပြန်လွတ်လာခဲ့တယ်လို့ ဒေသခံတွေဆီကသိရပါတယ်။

အဖမ်းခံရသူတွေထဲမှာ ကော့သောင်းမြို့နယ် လူငယ်တွေအပြင် ထားဝယ်နဲ့ မြိတ်မြို့ နယ်တွေ က လည်းပါဝင်သလို မြန်မာပြည်အထက်ပိုင်းမြို့တွေက လူငယ်တွေပါဝင်တယ်လို့ ဆိုပါတယ်။

လက်ရှိမှာ ဖမ်းဆီးထားတဲ့ လူငယ်အမျိုးသား ၂၀ ကျော်ကို ခလရ (၂၆၂) မှာ ထိန်းသိမ်းထားပြီး မိသားစုဝင်တွေကို ဆက်သွယ်ကာ နှစ်နှစ် စစ်မှုထမ်းရမှာဖြစ်ကြောင်း စစ်ကောင်စီဘက်က အကြောင်းကြားခဲ့တယ်လို့ မိသားစုဝင်တွေက ပြောပြပါတယ်။

“ အခုက ပိုက်ဆံနဲ့ လိုက်ထုတ်တာလည်းမရတော့ဘူးရှင့်။ လူမပြည့်သေးလို့ ဆေးစစ်ဖို့ကို စောင့်ရဦးမယ်လို့တော့သိရတယ်။ ဆေးစစ်ချက်အောင်တာနဲ့ စစ်သင်တန်းသွားရမယ်လို့ ပြောတယ်ရှင်” လို့ အဖမ်းခံရသူတစ်ဦးရဲ့ မိသားစုဝင်က ဆိုပါတယ်။

ပြည်သူ့စစ်မှုထမ်းဥပဒေထုတ်ပြန်ပြီးနောက်ပိုင်းကာလတည်းက ရနောင်းလဝကအချုပ်ကနေ ပြန်ပို့လာသူတွေထဲကအချို့ကို တပ်သားစုဆောင်းရေးထဲကို ပို့ဆောင်နေတယ်လို့ သတင်းတွေထွက်နေပေမဲ့ အခုမှ အထောက်အထားအတိအကျနဲ့ သိရတာဖြစ်တယ်လို့လည်း ရနောင်းမြို့၊ မြန်မာအလုပ်သမားရေး လှုပ်ရှားနေသူတစ်ဦးက ပြောပါတယ်။

“အရင်ကလည်း တစ်ယောက်စ နှစ်ယောက်စ ဖမ်းတာတွေက ရှိနေပါတယ်။ အခုက အစုလိုက်အပြုံလိုက် တခါတည်းဖမ်းလိုက်တာဆိုတော့ အသံပိုကျယ်လာတယ်။ စစ်တပ်ရဲ့လိုအပ်ချက်က ဘာဆိုတာ ကွက်ကွက်ကွင်းကွင်းမြင်လာရတယ်” လို့ ကော့သောင်းမြို့ခံအမျိုးသားတစ်ဦးကလည်း ဆိုပါတယ်။

ထိုင်းနိုင်ငံပြစ်ဒဏ်ကျခံပြီး မြန်မာနိုင်ငံကို ပြန်လည်ပို့ဆောင်ခံရသူအများစုဟာ ထိုင်းနိုင်ငံအတွင်း အထောက်အထားမဲ့ဝင်ရောက်နေထိုင်၊ အလုပ်လုပ်ကိုင်တာတွေ ကြောင့် အရေးယူခံရသသူတွေ ဖြစ်တယ်လို့ ထိုင်းရောက်မြန်မာအလုပ်သမားအရေး လှုပ်ရှားသူတွေဆီက သိရပါတယ်။

အခု ၂၀၂၄ ခုနှစ်ထဲမှာ ရနောင်းလဝကထိန်းသိမ်းရေစခန်းကနေ ပြစ်ဒဏ်ကျခံပြီးတဲ့ မြန်မာနိုင်ငံသားတွေကို အသုတ်လိုက်ပြန်ပို့ပေးနေတာဖြစ်ပြီး ဇန်နဝါရီမှာ ၁၁၆ ဦး၊ ဖေဖော်ဝါရီမှာ ၁၉၇ ဦး၊ မတ်လက ၁၃၄ ဦး၊ ဇွန်မှာ ၁၂၀ ဦးနဲ့ ပြီးခဲ့တဲ့ ဇူလိုင် ၃၀ ရက်မှာ ၁၅၂ ဦး အသီးသီးပြန်ပို့ပေးခဲ့တာကို ရနောင်းခရိုင် လူဝင်မှုကြီးကြပ်ရေးရုံးရဲ့ လူမှုကွန်ယက် စာမျက်နှာကနေ ထုတ်ပြန်ချက်တွေအရသိရပါတယ်။

The Tanintharyi Times