နွေဦးတော်လှန်ရေးကို ထောက်ပို့လုပ်တယ်ဆိုတဲ့စွပ်စွဲချက်နဲ့ မြန်မာနိုင်ငံသားအချို့ ထိုင်းနိုင်ငံမှာ အဖမ်းခံရ

နွေဦးတော်လှန်ရေးကို ထောက်ပို့လုပ်တယ်ဆိုတဲ့စွပ်စွဲချက်နဲ့ မြန်မာနိုင်ငံသားအချို့ ထိုင်းနိုင်ငံမှာ အဖမ်းခံရ

Photo - ၂၀၂၁ ခုနှစ်က ထိုင်းနယ်စပ်ကနေ တရားမဝင် ရောက်လာတဲ့ မြန်မာနိုင်ငံသားတွေကို ထိုင်းဘက်က စစ်ဆေးနေတာဖြစ်ပါတယ်။

နွေဦးတော်လှန်ရေးကို ထောက်ပို့လုပ်နေတယ်ဆိုတဲ့စွပ်စွဲချက်နဲ့ ထိုင်းနိုင်ငံ ရနောင်းမြို့နဲ့ ပရာကျွတ်မြို့က မြန်မာနိုင်ငံသားတွေ ရက်ဆက်အဖမ်းခံနေရတယ်လို့ ၎င်းဒေသမြို့ခံတွေနဲ့ တော်လှန်ရေးအင်အားစုတွေက ပြောပါတယ်။

အခုလ ၁၅ ရက်နေ့က မြန်မာနိုင်ငံသား ၇ ဦးထက်မနည်း ရနောင်းနဲ့ ပရာကျွတ်မှာ ဖမ်းဆီးခံခဲ့ရပြီး သူတို့ရဲ့ဖုန်းတွေကတစ်ဆင့် ခြေရာခံကာ ထိုင်းနိုင်ငံတွင်းမှာရှိတဲ့ တခြားမြန်မာနိုင်ငံသားတွေပါ ရက်ဆက်အဖမ်းခံခဲ့ရတယ်လို့ ကော့သောင်းခရိုင်အခြေစိုက် တော်လှန်ရေးအင်အားစုတွေက ပြောပြပါတယ်။

“ပရာကျွတ်မှာမိတဲ့သူတွေကို ထိုင်းဘတ်ငွေ ၅ သိန်းနဲ့ လာထုတ်ခိုင်းတယ်။ တချို့ကိုတော့ သုံးသောင်းနဲ့ ငါးသောင်း(ဘတ်)ကြားပေးခိုင်းတယ်။ ဖုန်းထဲမှာ တော်လှန်ရေးနဲ့ပတ်သက်တာ တစ်ခုခုတွေ့လို့ရှိရင် ပိုက်ဆံ‌နဲ့လာထုတ်ခိုင်းတယ်။ ဘာမှမတွေ့တဲ့သူကိုကျ ဒီတိုင်းလွှတ်ပေးတယ် ” လို့ ဖမ်းဆီးခံရသူတွေနဲ့ နီးစပ်သူတစ်ဦးက ပြောပြပါတယ်။

အခုလိုဖမ်းဆီးတာတွေကို ထိုင်းနိုင်ငံအတွင်းရှိ နယ်မြေလုံခြုံရေးအဖွဲ့၊ နယ်စပ်ဒေသစောင့်ကြပ်ကြည့်ရှုရေးအဖွဲ့ နဲ့ ထိုင်းစစ်တပ်က ပူးပေါင်းလုပ်ဆောင်တာ ဖြစ်ပြီး ဖမ်းဆီးခဲ့တဲ့သူတွေကို ရနောင်းမြို့ရှိ မူးယစ်ဌာနနဲ့ ထိုင်းစစ်တပ်ဘက်က ဌာနတွေမှာ ထိန်းသိမ်းခံထားရတယ်လို့ သူတို့က ဆက်ပြောပါတယ်။

စစ်ကောင်စီဘက်ကနေ ဝရမ်းထုတ်ထားတဲ့ စာရင်းတွေကို ထိုင်းစစ်တပ်ဆီ လွှဲပြောင်းပေးထားတာပြီး အဲဒီစာရင်းနဲ့ တိုက်စစ်၊ ဖမ်းဆီးခံနေရတာတွေလည်း ရှိတယ်လို့ ပြောပေမဲ့ ဝရမ်းထုတ်ခံထားရသူဘယ်နှစ်ဦးဖမ်းဆီးခံထားရတယ် ဆိုတာကိုတော့ အတိအကျ မသိရပါဘူး။

“ဒီကိစ္စမှာ စစ်တပ်ဘက်က လက်လွှဲသပ်လျှိုမွေးပြီး တော်လှန်ရေးအင်အားစုတွေဆီ အသွင်ယူ၊ ထည့်သွင်းထာတဲ့ ဒလန်တွေကြောင့် အခုလိုဖမ်းဆီးခံရတာက ပိုများနေတယ်။ ဒီအချက်ဟာ တော်လှန်ရေးကို အတော်ထိခိုက်စေတယ်” လို့ စစ်ကောင်စီကိုတော်လှန်နေတဲ့ ကော့သောင်းခရိုင်က လူငယ်တစ်ဦးက ပြောပါတယ်။

ပြီးခဲ့တဲ့နှစ်၊ နိုဝင်ဘာလကလည်း ထိုင်းနိုင်ငံ၊ ရနောင်းမြို့မှာ လက်နက်ထောက်ပို့လုပ်တယ်လို့ဆိုပြိး မြန်မာနိုင်ငံသား ၂ ဦးဖမ်းဆီးခံခဲ့ရကာ ဒီကနေ့ထိပြန်မလွတ်သေးဘဲ တရားရင်ဆိုင်နေရဆဲဖြစ်ပါတယ်။

Photo – ၂၀၂၁ ခုနှစ်က ထိုင်းနယ်စပ်ကနေ တရားမဝင် ရောက်လာတဲ့ မြန်မာနိုင်ငံသားတွေကို ထိုင်းဘက်က စစ်ဆေးနေတာဖြစ်ပါတယ်။

The Tanintharyi Times