မွန်ပြည်နယ်မှာ စစ်ကောင်စီတပ်က အင်အားဖြည့်တင်းနေတယ်လို့ ဆို

မွန်ပြည်နယ်မှာ စစ်ကောင်စီတပ်က အင်အားဖြည့်တင်းနေတယ်လို့ ဆို

ပုံစာ - လမ်းမှာ စစ်ဆေးရေးလုပ်ဆောင်နေတဲ့ ရေးဘီလူးတပ်ဖွဲ့ဝင်တချို့။

မွန်ပြည်နယ်၊ ရေးမြို့နယ်မြောက်ပိုင်းတဝိုက်မှာ စစ်ကောင်စီတပ်က အင်အား ဖြည့်တင်းလာတာတွေရှိလာနေတယ်လို့ ရေးဘီလူးအဖွဲ့ ခေါင်းဆောင်က ပြောပါတယ်။

ပြီးခဲ့တဲ့ ရက်ပိုင်းက ရေးမြောက်ပိုင်းရှိ တောင်စွန်းကျေးရွာအနီးမှာ ရေးဘီလူးအဖွဲ့ကို စစ်ကောင်စီတပ်ဘက်က ပစ်ခတ်ခဲ့လို့ တိုက်ပွဲ ဖြစ်ပွားခဲ့အပြီး ဒေသခံပြည်သူ ၁ ဦးကို စစ်ကောင်စီတပ်က ပစ်သတ်လိုက်တယ်လို့ ဆိုပါတယ်။

“သူတို့အင်အားကြီးလို့ ဒီလို လာလုပ်ရဲတာပေါ့၊ အရင်တုန်းက အခြေအနေအတိုင်းဆို ဒီကောင် (စစ်ကောင်စီတပ်) တွေက ထိုးစစ်ဆင်လာဖို့ မပြောနဲ့၊ လမ်းမကြီးပေါ် ကျနော်တို့ ရှိနေတဲ့နေရာတွေမှာ Live လွှင့်ပြရင်တောင်မှ မလာတဲ့ သူတွေ၊ အခု လမ်းကြိုလမ်းကြားတွေအထိကို ဝင်လာတယ်ဆိုတော့ သူတို့မှာ အင်အားတရပ် ရှိနေလို့တော့ ပြောလို့ရတယ်” လို့ ရေးဘီလူး ခေါင်းဆောင်က ဆိုပါတယ်။

မြဝတီမြို့ကို ထိုးစစ်ဆင်ဖို့ သွားနေတဲ့ အောင်ဇေယျစစ်ကြောင်းကနေ ပြန်ရုတ်လာတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို ရေးမြို့နယ်ရှိ အစင်၊ ဇီးဖြူသောင်စတဲ့ ကျေးရွာတွေဆီ ရေကြောင်းကတဆင့် ပို့ဆောင်တာတွေလည်းရှိနေပြီး ဒါဟာ မော်လမြိုင်-ရေး-ထားဝယ် ကားပိုင်းကို ပြန်လည်ရယူဖို့ စီမံချက်နဲ့လုပ်ဆောင်နေတာဖြစ်တယ်လို့ မွန်တပ်ဖွဲ့ဝင်တဦးက ပြောပါတယ်။

ဒါ့အပြင် ပြီးခဲ့တဲ့ဇူလိုင်လက စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်မှာ စစ်မှုထမ်းအပတ်စဥ် ၁ က သင်တန်းဆင်းတပ်သား အင်အား ၂၀၀ ဝန်းကျင်နဲ့ နယ်မြေခံတပ်ရင်းက တပ်ဖွဲ့ဝင် ၁၀၀ တို့ပါဝင်တဲ့ အင်အား ၃၀၀ ကျော် ပါဝင်နေတာလို့ မွန်တော်လှန်ရေးတပ်ဖွဲ့တဖွဲ့ရဲ့ တပ်မှူးက ပြောဆိုထားပါတယ်။

သံဖြူဇရပ်နဲ့ ရေးမြို့နယ်ကြားရှိ နှင်းစုံကျေးရွာနားမှာလည်း စစ်ကောင်စီ အင်အား ၁၀၀ လောက် တပ်စွဲထားပြီး တော်လှန်ရေးတပ်ဖွဲ့တွေဘက်ကလည်း အနီးဝန်းကျင်မှာ ရှိနေတယ်လို့ သိရပါတယ်။

ရေးမြောက်ပိုင်းရှိ မော့ကနင်ကျေးရွာနားက စစ်ကောင်စီရဲ့ အမြှောက်တပ် ၃၁၇၊ ခမရ ၁၀၆ တပ်နဲ့ နီးတဲ့ နေရာတဝိုက်မှာ ပြီးခဲ့တဲ့လကလည်း တိုက်ပွဲတွေ ဖြစ်ပွားခဲ့ပြီး လက်ရှိမှာတော့ စစ်ရေးတင်းမာမှုတွေ ရှိနေတာကြောင့် ဒေသခံ ရာချီ တိမ်းရှောင်နေကြရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

“ကျနော်တို့က အမြဲတမ်း တိုက်စစ်ဖွင့်နေတဲ့သူ ဖြစ်တဲ့အတွက်ကြောင့် ကျနော်တို့က မြင်တဲ့နေရာမှာ ပစ်မှာပဲ၊ အခုက သူတို့ (စစ်ကောင်စီ)လည်း တိုက်စစ်ကြီးတွေ ဖွင့်လိုက်ပြီ ထိုးစစ်ဆင်လာတဲ့ ပုံစံအရဆိုရင်တော့ တိုက်ပွဲ ဖြစ်လာနိုင်ချေကတော့ ၁၀၀ ရာခိုင်နှုန်း သေချာတယ်” လို့ ရေးဘီလူးခေါင်းဆောင်က သုံးသပ်ပါတယ်။

အခုလပိုင်းထဲမှာ ရေးဘီလူးအဖွဲ့အနေနဲ့လည်း စစ်ရေးဖော်ဆောင်မှု ရပ်တန့်နေပြီး သူတို့ တပ်ဖွဲ့ဟာ ပြည်သူတွေရဲ့ လှူဒါန်းငွေနဲ့သာ ရပ်တည်နေရတာကြောင့် လက်နက်ခဲယမ်း စုဆောင်းရာမှာ အခက်အခဲတွေ ရှိနေတယ်လို့ ပြောပါတယ်။

ဩဂုတ် ၄ ရက်နေ့နဲ့ မနေ့ကတော့ ပြည်ထောင်စုလမ်းမပေါ်ရှိ လမိုင်း-ရေး လမ်းပိုင်းကို ရေးဘီလူးတပ်ဖွဲ့ဝင်တွေ စစ်ဆေးမှု လုပ်ဆောင်ခဲ့ပြီး လက်ရှိ အဲဒီ လမ်းပိုင်းမှာ အထိုင်ချထားတဲ့ စစ်ကောင်စီ ဂိတ်တွေ ကင်းစင်သွားပြီလို့ ဆိုပါတယ်။

အဲဒီ လမ်းပိုင်းကို ၈၀ ရာခိုင်နှုန်းလောက် ထိန်းချုပ်ထားနိုင်ပြီလို့ ရေးဘီလူးတပ်ဖွဲ့ဘက်က ထုတ်ဖော်ပြောဆိုထားပြီး လမ်းပိုင်းစစ်ဆေးနေစချိန်မှာ စစ်ကောင်စီဘက်ကနေ လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခဲ့ပါသေးတယ်။

The Tanintharyi Times