စစ်ကောင်စီတပ်ရဲ့ လေကြောင်းတိုက်ခိုက်နေမှုကို ဟန့်တားပေးဖို့ တရုတ်နိုင်ငံကို ညီနောင် ၃ ဖွဲ့ တောင်းဆို
စစ်ကောင်စီတပ်ရဲ့ လေကြောင်းတိုက်ခိုက်နေမှုကို ဟန့်တားပေးဖို့ တရုတ်နိုင်ငံကို ညီနောင် ၃ ဖွဲ့ တောင်းဆို
တိုက်လေယာဉ်တွေနဲ့ ဗုံးကြဲတိုက်ခိုက်ပြီး ရာဇဝတ်မှု ကျူးလွန်နေတဲ့ စစ်ကောင်စီရဲ့ လုပ်ရပ်ကို ဝိုင်းဝန်းတားဆီး ဟန့်တားပေးကြဖို့ တရုတ်နိုင်ငံကို ညီနောင်မဟာမိတ် ၃ ဖွဲ့က တောင်းဆိုလိုက်ပါတယ်။
တိုက်ပွဲမဖြစ်ပွားတဲ့ မြို့၊ ရွာက ဈေး၊ စာသင်ကျောင်း၊ ဆေးရုံ စတဲ့ လူထုအဆောက်အအုံတွေကို လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ပြီး တိုင်းရင်းသားပြည်သူတွေကို သတ်ဖြတ်နေတဲ့ စစ်ကောင်စီတပ်ရဲ့ စစ်ရာဇဝတ်မှု ကျူးလွန်နေတာတွေကို အိမ်နီးချင်း တရုတ်နိုင်ငံကို အဓိကထားပြီး နိုင်ငံတကာမိသားစုအားလုံးက ဝိုင်းပြီးတားဆီးပေးကြဖို့ ယုံကြည်အားကိုးစွာ တောင်းဆိုတယ်လို့ မြန်မာ-တရုတ် နှစ်ဘာသာနဲ့ ညီနောင် (၃) ဖွဲ့က ထုတ်ပြန်ချက်တစောင် ထုတ်ပြန်လိုက်တာ ဖြစ်ပါတယ်။
ညီနောင်မဟာမိတ် (၃) ဖွဲ့တို့ ထိန်းချုပ်ထားတဲ့ နယ်မြေအတွင်းမှာရှိတဲ့ ရှမ်းမြောက်ဒေသက လောက်ကိုင်၊ သိန္နီ၊ ကွတ်ခိုင်၊ နမ့်ဆန်၊ ရခိုင်ဒေသက မြောက်ဦးမြို့ အစရှိတဲ့ မြို့နယ်တွေမှာ ပြည်သူတွေ နေထိုင်သွားလာတဲ့ ဈေး၊ စာသင်ကျောင်း၊ ဆေးရုံ ဆေးခန်း၊ ဘာသာရေးအဆောက်အအုံတွေ၊ တံတားတွေ၊ မြို့ ရွာတွေကို တိုက်လေယာဉ်ကနေ ဖျက်အားပြင်း ဗုံးတွေ ကြဲချကာ လူထုကို ပစ်မှတ်ထား တိုက်ခိုက်မှုတွေ ဆက်တိုက် လုပ်ဆောင်နေတယ်လို့ ထုတ်ပြန်ချက်မှာ ဆိုထားပါတယ်။

စစ်ကောင်စီရဲ့ ပေါင် ၅၀၀ ဗုံးတွေ ဖျက်အားပြင်းဗုံးအမျိုးမျိုးနဲ့ တိုက်ခိုက်မှုတွေကြောင့် ပြည်သူ အများအပြား သေဆုံး၊ ထိခိုက်ဒဏ်ရာရရှိမှု ဖြစ်စဉ်တွေ နေ့စဉ် ကြုံတွေ့နေရပါတယ်။
စစ်ကောင်စီဟာ တိုက်ပွဲအတွင်း အရေးမလှ စစ်ရှုံးနေတဲ့အတွက် တိုက်ပွဲဇုန်မဟုတ်တဲ့ မြို့ ရွာအတွင်းရှိ ပြည်သူတွေကို ဗုံးကြဲတိုက်ခိုက်ကာ ကြီးလေးတဲ့ စစ်ရာဇဝတ်မှုတွေ ပြောင်ပြောင်တင်းတင်း ကျူးလွန်နေတဲ့အပေါ် အပြင်းအထန် ကန့်ကွက်ရှုတ်ချတယ်လို့လည်း ညီနောင်မဟာမိတ် (၃) ဖွဲ့က ထုတ်ပြန်ပြောဆိုထားပါတယ်။
ဇူလိုင်လကုန်ပိုင်းက ကိုးကန့်တပ်မတော် MNDAA သိမ်းပိုက်ရရှိထားတဲ့ သိန္နီမြို့ရဲ့ ဈေးအတွင်းမှာ စစ်ကောင်စီလေကြောင်းတိုက်ခိုက်ခဲ့တာကြောင့် ပြည်သူ ၇ ဦး သေဆုံးခဲ့ရပါတယ်။
အခုလ ထဲမှာလည်း ဩဂုတ် ၂ ရက်နေ့မှာ လောက်ကိုင်ရှိ ဆေးရုံကို လေကြောင်းကနေ ဗုံးကြဲခဲ့သလို ဩဂုတ် ၅ ရက်နေ့မှာ တအာင်းတပ်မတော် TNLA ရရှိထားတဲ့ ကွတ်ခိုင်မြို့လယ် ဈေးထဲမှာလည်း တိုက်လေယာဉ်နဲ့ ဗုံးကြဲချခဲ့လို့ ပြည်သူ ၆ ဦး သေဆုံးကာ ဆိုင်ခန်းပေါင်း ၄၀၀ ကျော် ပျက်စီးသွားခဲ့ရပါတယ်။
ဩဂုတ် ၄ ရက်နေ့ကလည်း တအာင်းတပ်မတော်နဲ့အတူ ပူးပေါင်းစစ်ရေးဖော်ဆောင်နေတဲ့ မန္တလေး PDF တပ်ဖွဲ့တို့ရဲ့ ထိန်းချုပ်ထားရာ စဉ့်ကူးမြို့မှာ လေကြောင်းတိုက်ခိက်ခံရမှုကြောင့် ပြည်သူ ၁၃ ဦး သေဆုံးခဲ့ရပါသေးတယ်။
၁၀၂၇ စစ်ဆင်ရေးကြောင့် စစ်ကောင်စီတပ်တွေ လုံးဝကင်းစင်သွားပြီးဖြစ်တဲ့ နယ်မြေမှာ နေထိုင်နေကြသူ ပြည်သူတွေအနေနဲ့လည်း စစ်ကောင်စီတပ်ရဲ့ လေကြောင်းတိုက်ခိုက်မှု ရန်ကနေ ကင်းဝေးစေရေးအတွက် လမ်းညွှန်ပြောဆိုထားသည့်အတိုင်း နေထိုင်သွားကြဖို့နဲ့ ပူးပေါင်းဆောင်ရွက်ပေးကြဖို့ ညီနောင်မဟာမိတ် (၃) ဖွဲ့ ဖြစ်တဲ့ အာရက္ခတပ်တော် AA ၊ တအာင်းတပ်မတော် TNLA ၊ ကိုးကန့်တပ်မတော် MNDAA တို့က တိုက်တွန်းထားပါတယ်။

The Tanintharyi Times
