စစ်ကောင်စီကို အရေးယူပေးဖို့ ကိုးကန့်တပ်မတော် MNDAA က နိုင်ငံတကာကို တိုက်တွန်း
စစ်ကောင်စီကို အရေးယူပေးဖို့ ကိုးကန့်တပ်မတော် MNDAA က နိုင်ငံတကာကို တိုက်တွန်း
စစ်ကောင်စီက စာသင်ကျောင်းတွေ၊ ဆေးရုံတွေ နဲ့ အရပ်သားနေအိမ်တွေကို ဦးတည်ပြီး ရည်ရွယ်ချက်ရှိရှိ ဗုံးကြဲတိုက်ခိုက်ပြီး စစ်ရာဇဝတ်မှု ကျူးလွန်နေသလို လူ့အခွင့်အရေး ချိုးဖောက်နေတာကြောင့် နိုင်ငံတကာ အသိုင်းအဝိုင်းက ပြင်းပြင်းထန်ထန် အရေးယူပေးဖို့ ကိုးကန့်တပ်မတော် MNDAA က တိုက်တွန်းလိုက်ပါတယ်။
မင်းအောင်လှိုင်ကို ဗဟိုပြုတဲ့ စစ်ကောင်စီဟာ အပြစ်မဲ့ပြည်သူတွေကို ရည်ရွယ်ချက်ရှိရှိ ဗုံးကြဲသတ်ဖြတ်နေတဲ့ အပြုအမူကို ပြင်းထန်စွာ ရှုတ်ချတယ်လို့လည်း ထုတ်ပြန်ထားပါတယ်။
ဇူလိုင်လ တစ်လထဲမှာပင် စစ်ကောင်စီရဲ့ ဗုံးကြဲတိုက်ခိုက်မှုကြောင့် လောက်ကိုင်နဲ့ သိန္နီမြို့က အရပ်သားပြည်သူ အနည်းဆုံး ၁၄ ဦး သေဆုံးခဲ့ပြီး ၂၃ ဦးအထိ ဒဏ်ရာရရှိခဲ့ပါတယ်။
ဩဂုတ် ၁ ရက်နေ့ ည ၁၁ နာရီကျော်မှာ စစ်မြေပြင်မဟုတ်တဲ့ လောက်ကိုင်မြို့တော်၊ တုန်းချိန်မြို့ကို စစ်ကောင်စီက ဗုံးသီး ၄ လုံးနဲ့ ကြဲချခဲ့ပြီး ဗုံးသီး ၂ လုံးက အထူးဒေသ (၁) အမှတ် (၂) ပြည်သူ့ဆေးရုံနဲ့ ဘေးက အဆောက်အဦးမှာ ကျရောက်ပေါက်ကွဲခဲ့တယ်လို့ ဆိုပါတယ်။
နောက်ဗုံးသီး ၂ လုံးကတော့ Fully Light ဟိုတယ်အနီးက အရပ်သားနေအိမ်တွေပေါ် ကျရောက်ပေါက်ကွဲခဲ့တာပါ။
ဩဂုတ် ၂ ရက်၊ မနက် ၁ နာရီခွဲကလည်း ကိုးကန့်ခရိုင်၊ တုန်းရှမ်းမြို့နယ်၊ ထိုက်ဖျင်တိုက်နယ်၊ ရှီးယွမ်ကျည်ရွာကို စစ်ကောင်စီလေကြောင်းကနေ ဗုံးသီး ၁၇ လုံးနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် အရပ်သားနေအိမ် အမြောက်အများ ပျက်စီးဆုံးရှုံးခဲ့ရတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
အဆိုပါ လေကြောင်းကနေ ဗုံးကြဲမှုကြောင့် လောက်ကိုင်ရှိ အမှတ် (၂) ပြည်သူ့ဆေးရုံက လုံခြုံရေးဝန်ထမ်း ၁ ဦး ပွဲချင်းပြီး သေဆုံးခဲ့ရသလို ဆေးရုံတက်နေတဲ့ လူနာ ၂ ဦး ပြင်းထန်ဒဏ်ရာရရှိကာ အသေးစားဒဏ်ရာရသူတွေ အမြောက်အမြားရှိခဲ့တယ်လို့ MNDAA ဘက်က ပြောပါတယ်။
လောက်ကိုင်မြို့ကို ပြီးခဲ့တဲ့နှစ် ၁၀၂၇ စစ်ဆင်ရေးအတွင်း MNDAA က သိမ်းပိုက်ရရှိခဲ့တာဖြစ်ပြီး အခု MNDAA က လားရှိုးမြို့ အားလုံးနီးပါးကို သိမ်းပိုက်ရရှိဖို့ ထိုးစစ်ဆင်နေချိန် စစ်ကောင်စီက လောက်ကိုင်ကို သွားရောက်ဗုံးကြဲခဲ့တာ ဖြစ်ပါတယ်။
MNDAA ဟာ ပြီးခဲ့တဲ့ ဇူလိုင် ၂၅ ရက်ကတည်းက လားရှိုးမြို့ကို ထိန်းချုပ်နိုင်ပြီးလို့ ကြေညာထားပေမယ့် စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ အရှေ့မြောက်တိုင်းစစ်ဌာနချုပ်၊ စစ်တိုင်းရုံးကနေ ခုခံနေတာကြောင့် တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေဆဲ အခြေအနေဖြစ်ပါတယ်။
MNDAA အနေနဲ့ လူ့နေအိမ်တွေ ဆေးရုံတွေ စာသင်ကျောင်းတွေကို ပစ်မှတ်ထားတဲ့ စစ်ဆင်ရေးတွေ လုံးဝဖော်ဆောင်မှာ မဟုတ်ကြောင်းနဲ့ လားရှိုးမြို့အတွင်းရှိ နေအိမ်၊ ဆေးရုံ၊ ဘုရားကျောင်း၊ စာသင်ကျောင်းတွေကို စစ်ကောင်စီက တိုက်ခိုက်ဖျက်ဆီးနေခြင်းသာ ဖြစ်ကြောင်း ကိုးကန့်တပ်မတော်ရဲ့ ထုတ်ပြန်ချက်မှာ ရေးသားထားပါတယ်။
The Tanintharyi Times
