ရေကြီးရေလျှံမှုတွေကြောင့် တိုင်းနဲ့ ပြည်နယ် ၉ ခုက အခြေခံပညာကျောင်းပေါင်း ၁၇၀၀ ကျော် ယာယီပိတ်ထားရ
ရေကြီးရေလျှံမှုတွေကြောင့် တိုင်းနဲ့ ပြည်နယ် ၉ ခုက အခြေခံပညာကျောင်းပေါင်း ၁၇၀၀ ကျော် ယာယီပိတ်ထားရ
နိုင်ငံတစ်၀န်း တိုင်းနဲ့ ပြည်နယ် ၉ ခုမှာ ရေကြီးနစ်မြုပ်မှတွေကြောင့် စာသင်ကြားဖို့ အခက်အခဲရင်ဆိုင်နေရတဲ့ စာသင်ကျောင်း ပေါင်း ၁၇၀၀ ကျော်ကို ဇူလိုင်လ၂၈ ရက်နေ့ကတည်းက ယာယီပိတ်ထားရတာ ဖြစ်တယ်လို့ စစ်ကောင်စီ ပညာရေး၀န်ကြီးဌာနရဲ့စာရင်းတွေ အရသိရပါတယ်။
ရေကြီးရေလျှံမှုတွေကြောင့် ကချင်ပြည်နယ်၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ မန္တလေး တိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး နဲ့ ဧရာဝတီတိုင်းဒေသကြီးတွေမှာ အခြေခံပညာကျောင်းပေါင်း ၁၇၄၉ ကျောင်းကို ယာယီပိတ်ထားရတာ ဖြစ်တယ်လို့ ဆိုပါတယ်။
“ရေကြီးနေတာကြောင့် ကျောင်းတချို့တော့ ပိတ်ထားကြရတာရှိပါတယ်။ သင်ကြားရေးလုပ်ငန်းတွေ ဘယ်လိုမှ ဆက်လုပ်လို့မရတဲ့ အခြေအနေမို့ မြို့နယ်ကလည်း ရေကြီးတဲ့နေရာက ကျောင်းတွေကို ပိတ်ထားဖို့ အသိပေးထားတယ်။ တချို့ရွာကကျောင်း တွေက ကျောင်းမမြှုပ်ပေမယ့် ရွာရှိနေအိမ်တွေမြှုပ်တာကြောင့် သွားလာရေးအခြေအနေကြောင့် ကျောင်းပိတ်ထားတာရှိတယ်” လို့ ပဲခူးတိုင်းဒေသရှိ ကျောင်းဆရာမတစ်ဦးက Connect Burma ကိုပြောပါတယ်။
ကျောင်းတွေ ယာယီပိတ်ထားရတဲ့ ကာလမှာ ကျောင်းသား၊ ကျောင်းသူတွေရဲ့ ပညာသင်ယူမှု ပျက်ကွက်မှုမရှိစေဖို့ ထိခိုက်မှုမရှိစေဖို့ ရေကျပြီး နောက်ပိုင်း ပိတ်ရက်တွေမှာ အစားထိုး ပြန်လည်တက်ရောက်ဖို့ စီစဉ်ထားရှိတယ်လို့လည်း စစ်ကောင်စီ ပညာရေးဝန်ကြီးဌာန ကဆိုပါတယ်။

ဒါပြင် နိုင်ငံတစ်ဝန်းမှာ သဘာဝဘေးအန္တရာယ်ကြောင့် ထိခိုက်ပျက်စီးခဲ့တဲ့ အခြေခံပညာကျောင်းပေါင်း ၁၁၂၀ ကျောင်း ရှိတယ်လို့ သိရပါတယ်။
ယခုရက်ပိုင်းအတွင်း မိုးရွာအဆက်မပြတ်ရွာသွန်းမှုကြောင့် တိုင်းနဲ့ပြည်နယ်မြို့နယ်တချို့တွင် ရေကြီးရေလျှံမှု ဖြစ်ပေါ်နေပြီး ဒေသခံသောင်းနှင့်ချီ ရေ ဘေးသင့်နေရကာ ရေကြီးမှုကြောင့် လူသေဆုံးမှုတွေလည်း ရှိနေပါတယ်။
ဇူလိုင်လ ၂၇ ရက်ကစလို့ နိုင်ငံတစ်ဝန်း ရေကြီးရေလျှံမှုတွေကြောင့် ရေဘေးဒုက္ခကြုံနေကြရပြီး ပဲခူးတိုင်း တစ်ခုတည်းမှာပဲ လူ ရှစ်သောင်းနီးပါး ရေဘေးကြုံနေကြရပါတယ်။
ယခုနှစ် ၂၀၂၄-၂၅ ပညာသင်နှစ်မှာ အခြေခံပညာကျောင်း ၇၀ ရာခိုင်နှုန်းခန့် ပြန်လည် ဖွင့်လှစ်နိုင်ခဲ့ပြီး ကျောင်းသား ၉၂ ရာခိုင်နှုန်း ကျောင်းတက်ရောက်လျက်ရှိတယ်လို့ စစ်ခေါင်းဆောင် ပြောကြားချက်အရ သိရပါတယ်။

Connect Burma
The Tanintharyi Times
