မြိတ်မှာ လေပြင်းနဲ့ မြေပြိုမှုကြောင့် နေအိမ်သုံးဆယ်နီးပါးပျက်စီး
မြိတ်မှာ လေပြင်းနဲ့ မြေပြိုမှုကြောင့် နေအိမ်သုံးဆယ်နီးပါးပျက်စီး
မြိတ်မြို့နယ်မှာ လေပြင်းတိုတ်ခတ်မှုနဲ့ မြေပြိုမှုတွေကြောင့် နေအိမ်တွေ ထိခိုက်ပျက်စီးခဲ့တယ်လို့ မြို့ခံတွေ ဆီကနေ သိရပါတယ်။
ဒီနေ့မနက်က တိုက်ခတ်တဲ့ လေပြင်းကြောင့် မြိတ်မြို့ တိုးချဲ့ရပ်ကွက် စေတနာလမ်းက ၅ ဆောင်၊ ခူဒိုင်လမ်းက ၅ ဆောင်၊ ခေမာလမ်းက ၁၁ ဆောင်၊ အောင်ဆန်း(၁)လမ်း ၃ ဆောင်၊ အောင်ဆန်း (၂)လမ်းက ၂ ဆောင်ပျက်စီးခဲ့တယ်လို့ မြို့ခံတွေက ပြောပါတယ်။
“အိမ်တွေကတော့ တိုက်အိမ်နည်းပါတယ်။ (တိုးချဲ့ရပ်ကွက်မှာ) လူထိခိုက်တာတော့မရှိပါဘူး။” လို့ မြို့ခံအမျိုးသားတစ်ဦးက ပြောပါတယ်။
လက်ရှိမှာတော့ သဘာဝဘေးသင့်ပြည်သူတွေကို မြိတ်ခရိုင် သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုအဖွဲ့က နေရာထိုင်ခင်းစီစဥ်ပေးပြီး မှတ်တမ်းယူတာတွေလုပ်ဆောင်နေတယ်လို့ သိရပါတယ်။
ဒီနေ့မနက် ၉ နာရီလောက်မှာပဲ စန္ဒဝတ်ကျေးရွာအုပ်စု၊ ကျွဲကူးကျေးရွာ၊ ပုလဲသွယ်ရပ်ကွက်မှာ အိမ်တစ်ဆောင်ပေါ်ကို တောင်မြေပြိုကျပြီး အဲဒီနေအိမ်မှာနေထိုင်တဲ့ အသက်ကြီးပိုင်းအမျိုးသမီးတစ်ဦးထိခိုက်ဒဏ်ရာရခဲ့တယ်လို့ မြို့ခံတွေက ပြောပါတယ်။
“နံရိုးပါကျိုးသွားတယ်။ အခုတော့ကူညီကယ်ဆယ်ရေးတွေဆက်လုပ်နေတုန်းပဲ။” လို့ မြို့ခံနောက်တစ်ဦးက အခုည ၇ နာရီခွဲလောက်မှာ ပြောပါတယ်။
မြိတ်မြို့နယ်ထဲမှာ တစ်နေ့လုံးမိုးသည်းထန်ခဲ့လို့ နေရာအများစုမှာ ရေကြီးရေလျှံတာတွေဖြစ်ခဲ့ပြီး ညနေပိုင်းမှာတော့ နေရာတချို့မှာ ရေကျသွားပြီလို့သိရပါတယ်။
မနေ့မနက်က ထိုင်းနိုင်ငံမှာဖြစ်ပေါ်နေတဲ့ လေဖိအားနည်းဆဲလ်ဟာ မြန်မာနိုင်ငံဘက်ကိုရွေ့လျားနိုင်ပြီး အဲဒီအခြေအနေကြောင့် ဒီကနေ့ကစလို့ အောက်တိုဘာ ၁ ရက်နေ့ထိ တနင်္သာရီတိုင်းမှာ မိုးကြီးနိုင်တယ်လို့ NUG ကခန့်မှန်းထားပါတယ်။
တနင်္သာရီတိုင်းမှာ နောက်နှစ်ရက်အတွင်း မိုးပိုလာမယ်လို့ စစ်ကောင်စီမိုးဇလက ဒီကနေ့မနက်က ထုတ်ပြန်အသိပေးထားပါတယ်။
အခုနှစ်ဇူလိုင်လထဲမှာ လေပြင်းတိုက်ခတ်မှုကြောင့် စန္ဒဝတ်ကျေးရွာအုပ်စု စန္ဒဝတ်ရွာကနေအိမ်တစ်လုံး၊ ကျွန်းစုမြို့နယ် သချောင်းရွာကနေအိမ်တစ်လုံး၊ မြိတ်ကမ်းနားမှာရပ်နားထားတဲ့ သမ္ဗာန်လှေ ၁၀ စီးထက်မနည်း နစ်မြုပ်၊ ပျက်စီးခဲ့ပါတယ်။
ဒါ့အပြင် ကလွင်ကျေးရွာအုပ်စု ရှားတောဝရပ်ကွက်က အမျိုးသားတစ်ဦးလည်း လေပြင်းကြောင့် လဲကျတဲ့ အုန်းပင်ပိလို့ ပွဲချင်းပြီးသေဆုံးခဲ့ပါတယ်။
The Tanintharyi Times
