ပုလောမြို့နယ်မှာ နေအိမ်သုံးဆယ်ကျော်အပြင် မော်တော်ယာဥ် နှစ်ဆယ်နီးပါးကို စစ်ကောင်စီတပ်မီးရှို့ဖျက်ဆီးခဲ့

ပုလောမြို့နယ်မှာ နေအိမ်သုံးဆယ်ကျော်အပြင် မော်တော်ယာဥ် နှစ်ဆယ်နီးပါးကို စစ်ကောင်စီတပ်မီးရှို့ဖျက်ဆီးခဲ့

ဓာတ်ပုံ - မီးရှို့ဖျက်ဆီးခံရတဲ့ အိမ်တွေ။ (Photo-CJ)

ပုလောမြို့နယ်ထဲကကျေးရွာအုပ်စုနှစ်ခုကို စစ်ကြောင်းထိုးဝင်ရောက်ခဲ့တဲ့ စစ်ကောင်စီတပ်ဟာ နေအိမ်တွေနဲ့မော်တော်ယာဥ်တွေကို မီးရှို့ဖျက်ဆီးခဲ့တယ်လို့ဒေသခံတွေကပြောပါတယ်။

အခုလ ၁၅ ရက်ကနေ ၁၈ ရက်နေ့အထိ လေးရက်အကြာစစ်ကြောင်းထိုးခဲ့တဲ့စစ်ကောင်စီတပ်က အခုလိုမီးရှို့ဖျက်ဆီးခဲ့တာပါ။

နောက်ဆုံးရရှိထားတဲ့အချက်အလက်တွေအရ လက္ကူးကျေးရွာအုပ်စုထဲက လက္ကူးရွာမှာ နေအိမ် ၁၇ ဆောင်၊ ပြင်းဖြူရွာမှာ ၇ ဆောင်၊ မြဒေါင်ရွာမှာ ၄ ဆောင်၊ တိုကျေးရွာအုပ်စုထဲက ပိတပ်ရွာမှာ နေအိမ် ၅ ဆောင် စုစုပေါင်း ၃၃ ဆောင် မီးရှို့ခံခဲ့ရတယ်လို့ ဒေသခံတွေဆီကသိရပါတယ်။

နေအိမ်တွေအပြင် ဆိုင်ကယ်၊ဘေးတွဲဆိုင်ကယ်၊ ကား၊ သုံးဘီး၊ လယ်ထွန်စက် စတဲ့ မော်တော်ယာဥ်နဲ့ စက်ပစ္စည်း အစီးနှစ်ဆယ်နီးပါးမီးရှို့ဖျက်ဆီးခံခဲ့ရတယ်လို့ ဒေသခံတွေကဆိုပါတယ်။

မီးရှို့ဖျက်ဆီးခံရတဲ့နေအိမ်တွေအပြင် လက်နက်ကြီးကြောင့်ထိခိုက်ပျက်စီးတဲ့နေအိမ်နဲ့ ရိုက်ဖြိုဖျက်ဆီးခဲ့တဲ့နေအိမ်ကလည်း ၁၀ ဆောင်ထက်မနည်းရှိနေတယ်လို့ ဒေသခံတွေကပြောပါတယ်။

စစ်ကောင်စီတပ်က စစ်ကြောင်းထိုးဝင်ရောက်ခဲ့တဲ့လေးရက်မှာ ပြည်သူ့ကာကွယ်ရေးတပ်တွေနဲ့ တိုက်ပွဲတွေအပြင်းအထန်ဖြစ်ပွားခဲ့ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဘက်က ကျဆုံးသူ ၈ ဦးရှိခဲ့ပါတယ်။

အဲဒီအပြင် ပြင်းဖြူရွာနဲ့ ပိတပ်ရွာတို့ကအရပ်သား ၅ ဦးကို စစ်ကောင်စီတပ်က ပစ်သတ်ခဲ့တယ်လို့ဒေသခံတွေကပြောပါတယ်။

ပုလောမြို့နယ်ဟာ စစ်အုပ်ချုပ်ရေးကြေညာခံထားရတဲ့မြို့နယ်ဖြစ်ပြီး တနင်္သာရီတိုင်းမှာ တိုက်ပွဲဖြစ်ပွားမှုအများဆုံးမြို့နယ်လည်းဖြစ်ပါတယ်။

The Tanintharyi Times