တနင်္သာရီမှာမိုးကြီးမယ့်အခြေအနေတွေကို ဆက်သွယ်ရေးပြတ်တောက်နေတဲ့ ရေဖြူက စစ်ဘေးရှောင်တွေမသိ

တနင်္သာရီမှာမိုးကြီးမယ့်အခြေအနေတွေကို ဆက်သွယ်ရေးပြတ်တောက်နေတဲ့ ရေဖြူက စစ်ဘေးရှောင်တွေမသိ

ပုံစာ - ရေဖြူအနောက်ဘက်ကမ်းက စစ်ဘေးရှောင်တွေ(ပုံဟောင်း)

တနင်္သာရီတိုင်းမှာ အခုရက်ပိုင်း မုန်တိုင်းသတိပေးချက်နဲ့ မိုးကြီးမယ့် မိုးလေဝသအခြေအနေတွေကို ဖုန်းနဲ့အင်တာနက်လိုင်းဆက်သွယ်ရေးပြတ်တောက်နေတဲ့အတွက် မသိရဘူးလို့ ရေဖြူမြို့နယ်က စစ်ဘေးရှောင်တွေကပြောပါတယ်။

တနင်္သာရီတိုင်းအပါအဝင် မွန်နဲ့ကရင်ပြည်နယ်တွေမှာ အခုတစ်ပတ်အတွင်း မိုးကြီးတာနဲ့ နောက်ဆက်တွဲ အကျိုးဆက်တွေဖြစ်လာနိုင်တယ်လို့ NUG နဲ့စစ်ကောင်စီမိုးဇလရဲ့ ခန့်မှန်းချက်တွေက သတိပေးထားပါတယ်။

ဒီနေ့မနက် ထိုင်းနိုင်ငံမှာဖြစ်ပေါ်နေတဲ့လေဖိအားနည်းဆဲလ်ဟာ မြန်မာနိုင်ငံဘက်ကိုရွေ့လျားနိုင်ပြီး အဲဒီအခြေအနေကြောင့် မနက်ဖြန်ကစလို့ အောက်တိုဘာလ ၁ ရက်နေ့အထိ တနင်္သာရီတိုင်းမှာ မိုးကြီးနိုင်တယ်လို့ NUG က ခန့်မှန်းထားပါတယ်။

မိုးကြီးတာနဲ့အတူ နောက်ဆက်တွဲအကျိုးဆက်အဖြစ် မြစ်ချောင်းတွေနဲ့ မြို့နယ်တွေမှာ ရေကြီးတာ၊ မြေပြိုတာ၊ လမ်းတံတားထိခိုက်ပျက်စီးနိုင်တယ်လို့လည်းသတိပေးကြေညာထားပါတယ်။

တဖက်မှာလည်း အခုရက်ပိုင်း စစ်ကြောင်းထိုးတာနဲ့ နှစ်ဖက်တိုက်ပွဲတွေကြောင့် တနင်္သာရီတိုင်းအတွက်းက ထားဝယ်၊ ရေဖြူ၊ သရက်ချောင်း၊ ပုလော၊ တနင်္သာရီနဲ့ ကောသောင်းက ဒေသခံတွေနီးစပ်ရာ တောတောင်တွေထဲကို စစ်ဘေးရှောင်နေရပါတယ်။

အဲဒီထဲက ရေဖြူမြို့နယ်၊ ဝဇွမ်းတောရွာက စစ်ဘေးရှောင်တစ်ဦးကတော့ သူတို့ဒေသကစစ်ဘေးရှောင်နေသူတွေဟာ ဖုန်းနဲ့အင်တာနက်တွေပြတ်တောက်နေလို့ မုန်တိုင်းသတိပေးချက်နဲ့ မိုးကြီးမယ့်အခြေအနေကို မသိရဘူးလို့ဆိုပါတယ်။

“အခုတောင်ပေါ်မှာမို့ ဖုန်းနဲနဲပြောလို့ရတာ။ မိုးကြီးမယ် လေတိုက်မယ်ဆိုတာမျိုးမသိပါဘူး။ ကျမတို့နေရာတဝိုက်မှာ သူ့အစုနဲ့သူနေကြတာ လူရာနဲ့ချီတယ်။ သူတို့လည်း ဘာမှမသိကြဘူးလေ” လို့ တနင်္သာရီတိုင်းမ်ကဆက်သွယ်လို့ရခဲ့တဲ့ စစ်ရှောင်အမျိုးသမီးကပြောပါတယ်။

ဖုန်းနဲ့အင်တာနက်လိုင်းတွေဟာ ခမောင်းချောင်း၊ ဧကနိ၊ ရငဲ နဲ့ ဝဇွမ်းတောရွာတွေဘက်ကို စစ်ကောင်စီတပ် စစ်ကြောင်းထိုးလာတဲ့ အခုလ ၂၁ ရက် ဝန်းကျင်လောက်ကတည်းက MPT နဲ့ အက်တမ် (Telenor) လိုင်းတွေပြတ်တောက်နေတာပါ။

အဲဒီဒေသက စစ်ဘေးရှောင်တွေဟာ ကျေးရွာအနီးအနားကခြံတွေမှာ လူနေလို့ရတဲ့တဲတွေရှိပေမဲ့ ကောင်စီတပ်သားတွေရောက်လာနိုင်လို့ မနေရဲကြဘဲ ရွာနဲ့ဝေးတဲ့တောတောင်တွေမှာ တာလပတ်အခင်း၊ တာလပတ်အမိုးနဲ့ မိသားစုအလိုက်စုပြီးနေကြတာဖြစ်ပါတယ်။

စစ်ရှောင်အမျိုးသမီးကတော့ “ရိုးရိုးမိုးကြီးတဲ့အချိန်ဆိုရင်တောင် ခင်းထားတဲ့တာလပတ်အောက်ကိုရေဝင်တော့ မအိပ်ရပါဘူး။ ထထိုင်နေရတယ်။ လေတိုက်ရင်လည်း တာလပတ်ကြီးကိုင်ထားရတယ်။ အခုတော့ဘယ်လိုလာမလဲမသိဘူးပေါ့” လို့ပြောပါတယ်။

အရေပေါ်စားနပ်ရိက္ခာအတွက်ကတော့ မိသားစုတချို့မှာ တပတ်စာလောက်အထိ သယ်ယူလာတာရှိပေမဲ့ တချို့မိသားစုတွေမှာလည်း တစ်ရက်နှစ်ရက်စာပဲရီက္ခာကျန်တော့တယ်လို့ဆိုပါတယ်။

စစ်ကောင်စီမိုးဇလရဲ့ ဒီနေ့ညနေပိုင်းအထိ ခန့်မှန်းချက်မှာလည်း တနင်္သာရီတိုင်းမှာ နေရာကွက်ပြီးမိုးကြီးနိုင်တယ်လို့ ဖော်ပြထားပါတယ်။

ဒါ့အပြင် မွန်-တနင်္သာရီကမ်းရိုးတန်းတလျှောက်မှာ မိုးသက်လေပြင်းကျချိန် လေတိုက်နှုန်း တစ်နာရီ ၃၅ မိုင်အထိတိုက်ခတ်နိုင်ပြီး ၈ ပေကနေ ၁၀ ပေလောက်အထိရှိတဲ့ လှိုင်းကြီးတာတွေလည်းဖြစ်နိုင်တယ်လို့ ခန့်မှန်းထားပါတယ်။

The Tanintharyi Times