စစ်ကောင်စီရဲ့လေကြောင်းတိုက်ခိုက်မှုကြောင့် ပြည်သူ ၃၀၀ နီးပါး သေဆုံးခဲ့တယ်လို့ ကုလအစီရင်ခံစာ ဖော်ပြ

စစ်ကောင်စီရဲ့လေကြောင်းတိုက်ခိုက်မှုကြောင့် ပြည်သူ ၃၀၀ နီးပါး သေဆုံးခဲ့တယ်လို့ ကုလအစီရင်ခံစာ ဖော်ပြ

ပုံစာ - အခုနှစ် နှစ်ဆန်း (၁)ရက်နေ့မှာ ကန့်ဘလူမြို့က ပဇီကြီးကျေးရွာကို စစ်ကောင်စီက လေကြောင်းကနေ ဗုံးကြဲခဲ့ပါတယ်။

စစ်တပ်အာဏာသိမ်းချိန်ကစပြီး အခုနှစ် ဇူလိုင်လအထိ စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် ပြည်သူ ၂၈၁ ဦး သေဆုံးခဲ့ရတယ်လို့ ကုလသမဂ္ဂလူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီးရုံး OHCHR ရဲ့ အစီရင်ခံစာက ဖော်ပြပါတယ်။

အာဏာသိမ်းချိန်ကနေ ၂၀၂၂ ခုနှစ်မတ်လအထိ လေကြောင်းတိုက်ခိုက်ခံရမှုကြောင့် လူ ၂၅ ဦး သေဆုံးခဲ့ပြီး ၂၀၂၂ ခုနှစ်ဧပြီကနေ ၂၀၂၃ ခုနှစ်ဇူလိုင်အထိ ၁၅ လအတွင်း ၂၅၆ ဦးအထိ သေဆုံးခဲ့ရတာ ဖြစ်ပါတယ်။

စစ်ကောင်စီလေကြောင်းတိုက်ခိုက်တဲ့ အကြိမ်ရေဟာ အာဏာသိမ်းကာလ ရှေ့တစ်နှစ်မှာ အကြိမ် ၃၀၁ ကြိမ် တိုက်ခိုက်ခဲ့ပြီး ၂၀၂၂ ခုနှစ် ဧပြီနောက်ပိုင်းကာလတွေမှာ အကြိမ်ရေ ၆၈၂ ကြိမ်အထိ တိုက်ခိုက်မှု နှစ်ဆ တိုက်ခိုက်ခဲ့တယ်လို့ အစီရင်ခံစာက ဆိုပါတယ်။

မြန်မာနိုင်ငံအလယ်ပိုင်းဒေသမှာ ပြည်သူ ၂၁၆ ဦးအထိ သေဆုံးခဲ့ရပြီး နိုင်ငံအနောက်မြောက်ဒေသမှာ ၂၅ ဦး၊ အရှေ့တောင်ပိုင်းမှာ ၂၁ ဦး၊ အရှေ့မြောက်ပိုင်းမှာ ၁၉ ဦး သေဆုံးခဲ့ရတယ်လို့ OHCHR အစီရင်ခံစာက ဖော်ပြပါတယ်။

စစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် လူပေါင်း ၂၈၁ ဦးထက်မနည်း သေဆုံးခဲ့ပြီး နေအိမ်တွေ ကျောင်းတွေ ဆေးရုံတွေ ဘာသာရေးအဆောက်အအုံတွေ ဗုံးကြဲခံနေရတာ၊ အရပ်သားပြည်သူတွေ ကြောက်ရွံ့ထိတ်လန့်နေရတယ်ဆိုတာ ခိုင်လုံတဲ့ အရင်းအမြစ်တွေကနေ အတည်ပြုချက် ရခဲ့တယ်လို့ ယင်းအစီရင်ခံစာမှာ ရေးသားထားပါတယ်။

အခု အစီရင်ခံစာဟာ ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီရဲ့ ၅၄ ကြိမ်မြောက် အစည်းအဝေးမှာ ကုလသမဂ္ဂလူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီးရုံး OHCHR က တင်သွင်းခဲ့တာပဲ ဖြစ်ပါတယ်။

၅၄ ကြိမ်မြောက် ကုလလူ့အခွင့်အရေးကောင်စီ အစည်းအဝေးကို အခုလ ၁၁ ရက်နေ့ကနေ နောက်လ၊ အောက်တိုဘာ ၆ ရက်နေ့အထိ ဆွစ်ဇာလန်နိုင်ငံ ဂျီနီဗာမြို့မှာ ကျင်းပနေတာပဲ ဖြစ်ပါတယ်။

The Tanintharyi Times