ယုံကြည်ချက်နဲ့ ရှေ့ဆက်ကြမယ်… ဒီခရီး
ယုံကြည်ချက်နဲ့ ရှေ့ဆက်ကြမယ်… ဒီခရီး
မိုးတွေက သိပ်ရွာတာပဲ အချစ်ရယ်…
ဟိုး… အဝေးက မှိုင်းညှို့တောင်တန်းရဲ့ တဖက်မှာ
အမိုးအကာမဲ့ ရုန်းကန်ရှင်သန်နေရတဲ့ ဘဝတွေ
ရက်ပေါင်းတစ်ထောင် … တဲ့
ဗုံးမိုး ကျည်ဆံမိုးကြားမှာ ပြေးလွှားရှင်သန်ခဲ့ရ
အကျည်းတန်နေ့စွဲထဲက ပြက္ခဒိန်ကြီးဟာ တစစီလွင့်ပါးလို့။
မိုးတွေက သိပ်ရွာတာပဲ အချစ်ရယ်…
မိစ္ဆာတွေ ကြဲပက်လိုက်တဲ့ အက်ဆစ်မိုးအောက်မှာ
ပြာကျသွားတဲ့ ကွန်းခိုရာတွေ
ဆုံးရှုံးလိုက်ရတဲ့ နှောင်ကြိုးတွေ
ကြယ်တွေကြွေတဲ့ ကောင်းကင်အောက်မှာ
အမှောင်ကမ္ဘာဟာ တိတ်ဆိတ်ခြောက်ခြားလို့။
ယုံကြည်လိုက်စမ်းပါ အချစ်ရယ်…
အရင်းအနှီး ဘယ်လောက်ကြီးကြီး
အချိန်ကာလ ဘယ်လောက်ကြာကြာ
တော်လှန်ခရီးနှင်နေသေးသရွေ့
နွေဦးတေးသံဟာ
နီစွေးစွေး သွေးစက်ကြားမှာ
လွန့်လူးရှင်သန်လာမှာ။
ယုံကြည်လိုက်စမ်းပါ အချစ်ရယ်…
မိုးတွေ ဘယ်လောက်စွေစွေ
ပွင့်ချပ်လွှာတွေ ဘယ်လောက်ကြွေကြွေ
ဖီးနစ်ငှက်လို အားမာန်မျိုးနဲ့
တို့တတွေ မီးပုံကြားက ရုန်းကန်ထပျံကြမယ် ။
မျှော်လင့်ချက်ထားစမ်းပါ အချစ်ရယ်…
မိုးလေသာလို့ နေခြည်ဖြာတဲ့ တစ်နေ့မှာ
ချစ်ခြင်းမေတ္တာ အဖူးအပွင့်လေးတွေ ကမ်းလင့်ကြရင်း
ငြိမ်းချမ်းခြင်း ဂီတသံစဉ်တွေ ပျော်ပျော်ကြီး တီးခတ်ကြတာပေါ့ကွယ်။ ။
ငြိမ်းပန်
The Tanintharyi Times
