မိုးရာသီ ဝမ်းပျက်ဝမ်းလျှော ဘေးကင်းရေး နည်းလမ်းများ

မိုးရာသီ ဝမ်းပျက်ဝမ်းလျှော ဘေးကင်းရေး နည်းလမ်းများ

ဝမ်းပျက်ဝမ်းလျှော

မိုးရောက်ပြီ ဆိုမှဖြင့် အပူဒဏ်တွေ သက်သာပေမဲ့ ရောဂါပေါင်းစုံကလည်း တွဲဖက် ပါဝင်လာကြပါတယ်။ အထူးသဖြင့် ဝမ်းပျက်ဝမ်းလျှောကတော့ တွေ့ရများတဲ့ မိုးရာသီ ရောဂါပါပဲ။

မိုးရေတွေအိုင်ဖွဲ့ရာကနေ ရေကပေါက်ပွားတဲ့ ရောဂါတွေက မိုးတွင်းဆို အလျှိုလျှို ပွားများလာကြတာပါ။ ကလေးတွေကတော့ ရေကနေ တဆင့် ပြန့်ပွါးတဲ့ ကူးစက်ရောဂါတွေ ပိုခံစားကြရပါတယ်။ သူတို့ကို အစားအသောက် မှန်ကန်စေအောင် သတိပြုရမယ့်ကာလ ပါပဲ။

နှစ်စဉ် ကမ္ဘာပေါ်မှာ ကလေးငယ် ၁.၇ သန်းလောက် သေဆုံးနေကြတဲ့ထဲမှာ ဒုတိယ အများဆုံး ဝမ်းပျက်ဝမ်း‌လျှောကြောင့်လို့ ဆိုပါတယ်။

ဒါကြောင့် မိုးရာသီ ဝမ်းပျက်ဝမ်းလျှောဘေး ကနေ ကင်းဝေးဖို့ နည်းလမ်းတွေ သိထားသင့်ပါတယ်။

 

ဘာကြောင့် ဝမ်းပျက်ဝမ်းလျှော ဖြစ်ရသလဲ

~~~~~~

​ကူးစက်ရောဂါတွေနဲ့ ဆေးတချို့ရဲ့ ဘေးထွက်ဆိုးကျိုးတွေက လတ်တလော သို့မဟုတ် တာရှည် ဝမ်းပျက်ဝမ်းလျှော အဖြစ်များစေတဲ့ အကြောင်းရင်းတွေပါ။ ဝမ်းပျက်ဝမ်းလျှော ဖြစ်စေတဲ့ ကူးစက်ရောဂါက သုံးမျိုး ရှိပါတယ်။

  • ဗိုင်းရပ်စ်ပိုး- norovirus နဲ့ rotavirus တွေက ဝမ်းပျက်ဝမ်းလျှော ဖြစ်များစေတဲ့ ဗိုင်းရပ်စ်တွေပါ။ အဲဒီပိုးတွေကြောင့် အစာအိမ်နဲ့ အူလမ်းကြောင်း ယောင်ရမ်းတာက လတ်တလော ဝမ်းပျက်စေတဲ့ အကြောင်းရင်းပါ။
  • ဘက်တီးရီးယားပိုး- ရောဂါပိုးရှိနေတဲ့ အစားအသောက်နဲ့ ရေတွေ စားသောက်ရာကနေ ဘက်တီးရီးယား ဝမ်းပျက်ဝမ်းလျှောဖြစ်တာပါ။ E. Coli, Salmonella နဲ့ Shigella ပိုးတွေ ကပ်ငြိနေတဲ့ အစားအသောက်တွေ စားရာကနေ ဝမ်းပျက်စေတာပါပဲ။
  • ကပ်ပါးပိုး -Giardia Lamblia လို ကပ်ပါးပိုးတွေ ရှိနေတဲ့ အစားအသောက်တွေ စားမိရာက အစာလမ်းကြောင်းထဲ ပိုးတွေ ရောက်ရှိပြီးရင်တော့ နာတာရှည် ဝမ်းပျက် ဝမ်းလျှော ဖြစ်စေတာပါပဲ။

 

ဝမ်းပျက်ဝမ်းလျှော အမျိုးအစားများ

~~~~~~

ဆေးပညာအရ ဝမ်းပျက်ဝမ်း​လျှောကို သုံးမျိုး ခွဲခြားထားပါတယ်။

  • လတ်တလော အရည်များ သွားခြင်း- အူထဲမှာ ရေတွေ အများကြီး အိုင်လာရာက ဖြစ်တာပါ။ ရုတ်တရက် ဝမ်းအရည်တွေ သွားပါတယ်။ ဒါမျိုးက နာရီများစွာ ကနေ ရက် အပိုင်းအခြားထိ ဖြစ်တတ်ပါတယ်။
  • လှုပ်ရှားမှု ဆက်စပ် ဝမ်းသွားခြင်း - အူတွေ လှုပ်ရှားမှုများပြီး ဖြစ်တာပါ။ ဗိုက်နာတာ၊ ထိုးအောင့်တာတွေပါ ဖြစ်ပါတယ်။
  • ယောင်ရမ်းမှု ဆက်စပ် ဝမ်းသွားခြင်း- ဗိုက်နာတာ၊ ဖျားတာနဲ့ ဗိုက်ကိုထိရင်လည်း နာတတ်ပါတယ်။ အတွင်းက အူတွေ ယောင်ရမ်းလို့ ဖြစ်ရတာပါ။ အူတွင်း သွေးယိုတာ၊ ဝမ်းထဲ သွေးပါတာတွေပါ ဖြစ်တတ်ပါတယ်။

 

ကလေးသူငယ်နဲ့ ဝမ်းပျက်ဝမ်းလျှော

~~~~~~

​ကလေးတွေမှာတော့ ဗိုင်းရပ်စ်ကြောင့် အစာအိမ်နဲ့ အူတွေ ယောင်ယမ်းတာကနေ ဝမ်းပျက်စေပါတယ်။ လက္ခဏာတွေက ရက်အနည်းငယ် ကြာတတ်ပါတယ်။ ကလေးတွေမှာ ရေလုံလောက်အောင် မသောက်လို့ ရေဓာတ်ခမ်းခြောက်တာမျိုး တွေ့ရတတ်ပါတယ်။

ရောဂါပိုး ရှိနေတဲ့ မသန့်ရှင်းတဲ့ရေတွေ သောက်ရာကနေလည်း ဝမ်းပျက်ကြပါတယ်။ သကြားများတဲ့ အစာတွေ၊ အစာဆိပ်ဖြစ်တာတွေ၊ အစာနဲ့ ဓာတ်မတည့်တာတွေကလည်း ကလေးငယ်တွေ ဝမ်းပျက်စေပါတယ်။

 

ဝမ်းပျက် ဝမ်းလျှော လက္ခဏာများ

~~~~~~

​ဘက်တီးရီးယားပိုးကြောင့် ဖြစ်ရတဲ့ ဝမ်းပျက်ဝမ်းလျှောမှာ အတွေ့များတဲ့ လက္ခဏာတွေ က-

  • ဗိုက် ရစ်နာတယ်
  • ဗိုက် တပြင်လုံးနာတယ်
  • ဝမ်းအရည်တွေ ခဏခဏ သွားတယ်
  • ပျို့တယ်
  • အန်တယ်

ပြင်းထန်တဲ့ လက္ခဏတွေကတော့

  • ဝမ်းမှာ သွေးပါတာ
  • ဝမ်းမှာ ပြည်၊ အချွဲတွေပါတာ
  • ဝမ်းသွားရင် နာတာ
  • အန်တာ
  • ဆီး နည်းတာ
  • ဖျားတာ စတာတွေပါပဲ။

 

ဝမ်းပျက် ဝမ်းလျှော ဘယ်လောက်ကြာ

~~~~~~

​ကလေးတွေမှာ ဝမ်းပျက်ရင် ၅ ရက်ကနေ ၇ ရက်လောက်ထိ ကြာတတ်ပါတယ်။ ရှားရှားပါးပါး ၂ ပတ်လောက်ထိ ကြာတာမျိုးလည်း ရှိပါတယ်။ လူကြီးတွေမှာတော့ ၂ ရက်ကနေ ၄ ရက်ထိ တခါတလေ တပတ်လောက်ထိ ဖြစ်ကြပါတယ်။ တရက်ထဲမှာ ဝမ်းပျော့ပျော့ ၁၀ ကြိမ်အထက် သွားတာကိုတော့ ပြင်းထန်တဲ့ ဝမ်းလျှောဝမ်းပျက် ရောဂါလို့ သတ်မှတ်ပါတယ်။

 

ဝမ်းပျက် ဝမ်းလျှော ကာကွယ်ရေး

~~~~~~

​အောက်ပါ နည်းလမ်းတွေ လိုက်နာ ဆောင်ရွက်နိုင်ရင်ဖြင့် မိုးတွင်းအခါ ဝမ်းပျက်ဝမ်းလျှော ဖြစ်လေ့ရှိတာကို ကလေးရော လူကြီးပါ ဘေးကင်းရေး အထောက်အကူဖြစ်စေမှာပါ။

  • ရေသန့် ‌သောက်ပါ- အထူးသဖြင့် မိုးတွင်း အခါမှာ မသန့်ရှင်းတဲ့ ၊ ရောဂါပိုး ကပ်ငြိနေတဲ့ ရေသောက်မိတာက ဝမ်းပျက်ခြင်းအတွက် အရင်းခံအကြောင်းပါပဲ။ ရေသန့်စက်အမျိုးမျိုးနဲ့ စစ်ထားတဲ့ ရေတွေက ကျိုချက်ထားတဲ့ရေထက် ပိုသင့်လျော်ပါတယ်။ ဒါပေမဲ့ အ‌ခြေအနေမပေးရင်တော့ ကျိုချက်ပြီးသောက်တဲ့ ရေက အန္တရာယ်နည်းပါတယ်။
  • လမ်းဘေးစာတွေ ရှောင်ပါ- ဖြစ်နိုင်ရင်တော့ လမ်းဘေးစာတွေ မစားတာ အကောင်းဆုံးပါ။ လမ်းဘေးစာ ဆိုတာက သန့်ရှင်းရေး အရရော၊ ရောဂါပိုး ထိတွေ့နိုင်မှုမှာပါ အဆင်မပြေလို့ပါ။ သေသေချချာ အစားအသောက်ပြင်ဆင်မှု မလုပ်နိုင်တာကိုက ဝမ်းပျက်စေတာပါပဲ။
  • ဆေးပါ၊ ချက်ပါ - ဟင်းသီး ဟင်းရွက်တွေကို သေချာဆေးကြောပြီး ချက်ပြုတ်စားရပါမယ်။ အသီးအရွက်တွေကို ရိုးရိုး ‌ရေနဲ့ ဆေးမယ့်အစား ရှာလကာရည် နဲ့ ရောစပ်ဆေးသင့်ပါတယ်။
  • ချက်စားပါ -အသီးအရွက် ၊ သားငါး အားလုံးကို မချက်ဘဲစားတာက ဝမ်းလျှောစေပါတယ်။ သေသေချာချာ ကျက်အောင် ချက်စားဖို့ သတိပြုပါ။

 

ဝမ်းလျှောနေရင် ရေသောက်ဖို့လိုသလား

~~~~~~

​ဝမ်းပျက်ဝမ်းလျှောချိန်မှာ အဓိက ပြဿနာက ရေဓာတ်ခမ်းခြောက်တာပါ။

ခန္ဓာကိုယ်ထဲက ရေနဲ့ ဓာတ်ဆားတွေ လျော့ပါး ဆုံးရှုံးတာက အသက်အန္တရာယ်ပါ ရှိတာပါ။ ဒါကြောင့် ဝမ်းပျက်ဝမ်းလျှော ဖြစ်တဲ့အခါ ရေ၊ သစ်သီးဖျော်ရည် စတာတွေ အများကြီးသောက်ပေးဖို့လိုပါတယ်။

ကော်ဖီ၊ ကဖင်းပါတဲ့ အရည်တွေ၊ သကြားများတဲ့ အချိုရည်တွေ၊ ဆိုဒါတွေ ကတော့ ဝမ်းနူးစေလို့ ရှောင်ကျဉ်ရပါမယ်။သောက်သုံးမယ့်ရေကို ရောဂါပိုးမွှားကင်းတာ သေချာအောင်တော့ ဂရုစိုက်သင့်ပါတယ်။

 

ဝမ်းပျက် ဝမ်းလျှောချိန် အစားအသောက်

~~~~~~

​ဝမ်းပျက် ဝမ်းလျော ဖြစ်ချိန်မှာ အမျှင်ဓာတ်နည်းပါးတဲ့ ကစီဓာတ် ဖြစ်တဲ့ ဆန်ပြုတ် ၊ ခေါက်ဆွဲပြုတ်၊ ကွေကာအုတ်တွေ၊ ပြုတ်ထားတဲ့ ဟင်းသီးဟင်းရွက်တွေ၊ ကြက်ဥ ၊ ကြက်သားတွေ၊ ဘီစကစ်တွေ စားနိုင်ပါတယ်။

​ဆီကြော်စာတွေ၊ ဆီများတာတွေ၊ အစပ်တွေ၊ သကြားများတဲ့ အချိုတွေ၊ လေပွစေတဲ့ပဲအမျိုးမျိုးနဲ့ ဂေါ်ဖီနွယ်ဝင် အသီးအရွက်တွေ ရှောင်ရပါမယ်။

Ref;https://www.kent.co.in/…/the-risk-of-diarrhoea-during…/

The Tanintharyi Times

 

ဒေါက်တာကြီး