တစ်ပတ်တာ မြန်မာ
တစ်ပတ်တာ မြန်မာ
နိုင်ငံတဝှမ်းမှာ ဇွန် ၂၁ ရက်ကနေ ၂၈ ရက်အထိ တစ်ပတ်တာအတွင်း ဖြစ်ပေါ်ခဲ့တဲ့ သတင်းတွေထဲက ထူးခြားဖြစ်စဉ် ၁၂ ခု ကို ကောက်နှုတ်ပြီး တနင်္သာရီတိုင်းမ်စာဖတ်သူတွေအတွက် တင်ပြလိုက်ပါတယ်။
၁။ ထီးကပလယ်တပ်စခန်းကို KNU ပြန်သိမ်း
ထိုင်း - မြန်မာနယ်စပ်မှာ နှစ်ပေါင်း ၃၀ နီးပါးလက်လွှတ်ခဲ့ရတဲ့ ထီးကပလယ်တပ်စခန်းကို အခုလ ၂၂ ရက် က ပြန်သိမ်းပိုက်နိုင်ခဲ့ပြီလို့ ကရင်အမျိုးသားအစည်းအရုံး(KNU) က ထုတ်ပြန်ပါတယ်။ အဲ့ဒီစခန်းကို အခုလ ၄ ရက်က စတိုက်ခဲ့တာပါ။ KNU တပ်မဟာ ၆ (ဒူးပလာယာခရိုင်) ထဲက ကော့ကရိတ်မြို့နယ်အပိုင်မှာရှိတဲ့ ထီးကပလယ်စခန်းကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA)၊ ကရင်အမျိုးသားကာကွယ်ရေး တပ်မတော် (KNDO) တို့ရဲ့ ဦးဆောင်မှုနဲ့ ပြည်သူ့ကာကွယ်ရေးတပ်(PDF) အပြင် ဒရုန်းတပ်တွေပါ ပါဝင်တိုက်ခိုက်ခဲ့ကြတာ ဖြစ်ပါတယ်။ ဒီစခန်းဟာ KNU တပ်ဖွဲ့တွေ မာနယ်ပလော ဌာနချုပ်ကနေ ဆုတ်ခွာရပြီးနောက်ပိုင်း ၁၉၉၅ ခုနှစ် မေလမှာ ဌာနချုပ်သစ်အဖြစ် ပြောင်းရွှေ့ တည်ထောင်ခဲ့တဲ့စခန်းပါ။ ဒါပေမဲ့ ၁၉၉၇ ခုနှစ် ဖေဖော်ဝါရီလမှာ တိုက်ခိုက်သိမ်းပိုက်ခံခဲ့ရပါတယ်။
၂။ စစ်တောင်းမြစ်ဝှမ်းစစ်ဆင်ရေး စစ်ကောင်စီတပ်ဘက်က ၇ ဦးသေ၊ ၂၂ ဦး အဖမ်းခံရ
ပဲခူးတိုင်း၊ ကျောက်ကြီးမြို့နယ်ထဲမှာရှိတဲ့ စစ်တပ်စခန်းတွေကို NUG ရဲ့ အမှတ် (၂) စစ်ဒေသခွဲက PDFတပ်ရင်းတွေနဲ့ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA ပူးပေါင်းတပ်တွေက အခုလ ၂၆ ရက်က တိုက်ခဲ့ပါတယ်။ ဒီတိုက်ပွဲမှာ စစ်ကောင်စီတပ်သား ၇ ဦးထက်မနည်းသေဆုံးပြီး သုံ့ပန်း ၂၂ ဦးဖမ်းဆီးရမိတယ်လို့ NUG ကာကွယ်ရေး ဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။ ဒါအပြင် စစ်ကောင်စီတပ်သားတချို့ ဆုတ်ခွာထွက်ပြေးပြီး လက်နက်မျိုးစုံ ၂၈ လက်နဲ့ ခဲယမ်းတွေ၊ စစ်သုံးပစ္စည်းတွေ သိမ်းဆည်းရမိခဲ့ပါတယ်။ တိုက်ပွဲမှာ ဖမ်းမိတဲ့ သုံ့ပန်းတွေကို ဂျနီဗာကွန်ဗန်းရှင်းနဲ့အညီ စနစ်တကျထိန်းသိမ်းထားတယ်လို့ NUG က ဆိုပါတယ်။ အခုလ ၂၅ ရက်တုန်းကလည်း ရန်ကုန်-မန္တလေးအမြန်လမ်းဟောင်းပေါ်က စစ်တပ်စခန်း ၉ ခုကို PDF၊ KNLA ပူးပေါင်းတပ်တွေ တိုက်ခိုက်တာကြောင့် စစ်ကောင်စီတပ်သား ၂၀ ထက်မနည်းသေဆုံးတယ်လို့ တိုက်ပွဲအပြီး ညပိုင်းမှာ သတင်းထုတ်ပြန်ထားပါတယ်။
၃။ နောင်ချိုမှာ တိုက်ပွဲတွေ ဆက်လက်ပြင်းထန်နေ
ရှမ်းပြည်နယ်မြောက်ပိုင်းက နောင်ချိုမြို့နယ်မှာ အခုလ ၂၈ရက်အထိ တိုက်ပွဲတွေဆက် လက်ပြင်းထန်နေပါတယ်။ နောင်ချိုမြို့နယ်က လုံစံ၊ မြက်ချင်းနု၊ လုံဝယ်၊ ဉာဏ်တော၊ နောင်လင်နဲ့ နောင်အောကျေးရွာကြားတို့မှာ အခုလ ၂၇ ရက်က စစ်ကောင်စီတပ်နဲ့ ဆက်လက်တိုက်ပွဲဖြစ်ပွားနေတယ်လို့ တအာင်းတပ်မတော် TNLAကလည်း ထုတ်ပြန်ပါတယ်။ တိုက်ပွဲဖြစ်ပွားနေချိန်မှာ စစ်တပ်က လေကြောင်းကနေ ဗုံး ၄၅ လုံးနဲ့ လက်နက်ကြီး ၃၂ လုံးပစ်ကူတိုက်ခိုက်ခဲ့တယ်လို့လည်း ဖော်ပြပါတယ်။ နောင်လင်နဲ့ နောင်ဩကျေးရွာကြားမှာ စစ်တပ်နဲ့ တိုက်ပွဲဆက်လက်ဖြစ်ပွားနေချိန်အတွင်းမှာ စစ်ကောင်စီတပ်က လေကြောင်းကနေ ဗုံး ၂၀ လုံးနဲ့ လက်နက်ကြီး ၃၁ လုံး ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့လည်း ဖော်ပြပါတယ်။ နောင်ချိုနဲ့ ၄မိုင်ကျော်သာကွာဝေးတဲ့ မြက်ချင်းနုကျေးရွာကြားမှာ တိုက်ပွဲဖြစ်နေတယ်လို့လည်း TNLAရဲ့ ထုတ်ပြန်ချက်က ဖော်ပြပါတယ်။ မြက်ချင်းနုရွာ၊ နောင်ဩရွာအထိ ထိန်းချုပ်ထားဆဲဖြစ်တယ်လို့ ဓနုပြည်သူ့လွတ်မြောက်ရေးတပ်တော်(DPLA)ရဲ့ ပြောရေးဆိုခွင့်ရှိသူက ပြောပါတယ်။ ဇွန်လ ၂၇ရက်ကလည်း နောင်ချိုမြို့နယ်က လုံစံ၊ လုံဝယ်၊ နောင်လင်၊ နောင်ဩ၊ နောင်ဖာနဲ့ အုမ္မခါးကျေးရွာတွေမှာ တိုက်ပွဲပြင်းထန်နေပါတယ်။
၄။ မော်ချီးသတ္တုတွင်းထဲ စစ်ကောင်စီတပ်က လေကြောင်းကနေ တိုက်ခိုက်လို့ သေဆုံးသူ ၇ ဦးရှိ
ကယား(ကရင်နီ)ပြည်နယ်၊ ဖားဆောင်းမြို့နယ်ထဲက မော်ချီးသတ္တုတွင်းဒေသကို စစ်ကောင်စီက လေကြောင်းကနေ တိုက်ခိုက်ခဲ့တာကြောင့် အရပ်သား ၇ ဦးသေဆုံးပြီး နောက်ထပ် ၂၀ ဦးဝန်းကျင် ထိခိုက်ဒဏ်ရာရခဲ့ပါတယ်။ မော်ချီးမြို့ထဲက ခဲသတ္တုတွင်းတစ်နေရာ လေကြောင်းတိုက်ခိုက်ခံခဲ့ရတာဖြစ်ပြီး ဒဏ်ရာရသူတွေထဲ အသက်အန္တရာယ်စိုးရိမ်ရတဲ့သူတွေလည်းရှိတာကြောင့် သေဆုံးအရေအတွက် ထပ်တိုးလာနိုင်တယ်လို့ မြေပြင်အခြေအနေသိသူတစ်ဦးက ပြောပါတယ်။ ဒီနေ့ ညနေပိုင်းအထိ မော်ချီးဒေသထဲမှာ စစ်တပ်ရဲ့ ကင်းထောက်လေယာဉ်တချို့ ဝဲပျံနေတုန်းပဲလို့ ဒေသခံတချို့က ဆိုပါတယ်။ ဖားဆောင်းမြို့နယ်ထဲမှာလည်း ပြီးခဲ့တဲ့လပိုင်းအတွင်း စစ်တပ်နဲ့ ကရင်နီတော်လှန်ရေးပူးပေါင်းတပ်တွေကြား တိုက်ပွဲဆက်ရှိနေပြီး စစ်ရေးတင်းမာနေတာဖြစ်ပါတယ်။ မော်ချီးသတ္တုတွင်းက စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ပြီးခဲ့တဲ့နှစ်မှာ ဆုတ်ခွာသွားတာကြောင့် ကရင်နီပူးပေါင်းတပ်တွေက ထိန်းချုပ်ထားတာဖြစ်ပါတယ်။
၅။ ကာကွယ်ရေးရဲဘော် ၆ဦးနဲ့ ကျောက်မဲခရိုင်ပကဖအဖွဲ့ဝင် ဒေါ်ရီဆွေကို TNLA ပြန်လွှတ်
တအာင်းတပ်မတော်(TNLA)က ဖမ်းဆီးထိန်းသိမ်းခဲ့တဲ့ ရွှေဘိုမြို့က ပြည်သူ့ကာကွယ်ရေးရဲဘော် ၆ဦးနဲ့ ကျောက်မဲခရိုင်ပကဖအဖွဲ့ဝင် ဒေါ်ရီဆွေတို့ကို အခုလ ၂၇ ရက်က ပြန်လွှတ်ပေးလိုက်ပြီလို့ သိရပါတယ်။ ရွှေဘိုမြို့က ပြည်သူ့ကာကွယ်ရေးရဲဘော် ၆ဦးနဲ့ ဒေါ်ရီဆွေကို ကျောက်မဲမြို့မှာ အခုလ ၁၇ ရက်က ထိန်းသိမ်းခဲ့ပြီး ၁၁ရက်အကြာမှာ ပြန်လွှတ်လိုက်တာပဲ ဖြစ်ပါတယ်။ ဒေါ်ရီဆွေက ကျောက်မဲခရိုင်ပကဖ အဖွဲ့ဝင်၊ ကျောက်မဲမြို့ ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်းတာဝန်ခံ ဖြစ်ပါတယ်။ ဒေါ်ရီဆွေနဲ့ ရွှေဘိုက ပြည်သူ့ကာကွယ်ရေးရဲဘော်တွေဟာ ကျောက်မဲမြို့နယ်အတွင်း လုံခြုံရေးဆိုင်ရာ ကြိုတင်သတိ ပေးခြင်းမရှိခဲ့လို့ ဖမ်းဆီးစစ်ဆေးခဲ့တာလို့ သတင်းဌာနတွေက ရေးသားကြပါတယ်။ ထိန်းသိမ်းခဲ့စဉ်ကရော ယခု ပြန်လွှတ်လိုက်တယ်ဆိုတဲ့ သတင်းကိုပါ TNLAက ထုတ်ပြန်ခြင်းမရှိပါဘူး။ ကျောက်မဲမြို့ကို TNLAနဲ့ PDF တွေက ၁၀၂၇ စစ်ဆင်ရေးကာလမှာ သိမ်းယူခဲ့တာ ဖြစ်ပါတယ်။
၆။ သရက်ချောင်း၊ မင်းဒပ်ရွာရှိ စစ်ကောင်စီတပ်စခန်းနေရာကို KNLA ပူးပေါင်းတပ် သိမ်းပိုက်ထိန်းချုပ်
ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ(၄) မြိတ်-ထားဝယ်ခရိုင် သရက်ချောင်းမြို့နယ်ရှိ စစ်ကောင်စီတပ်စွဲရာနေရာ တခုကို တိုက်ခိုက်သိမ်းပိုက်ခဲ့ကြောင်း KNU မြိတ်-ထားဝယ်ခရိုင်က အခုလ ၂၆ ရက်က ထုတ်ပြန်ပါတယ်။ သရက်ချောင်းမြို့နယ် မင်းဒပ်ရွာဘုန်းကြီးကျောင်းမှာ အထိုင်ချတပ်စွဲထားတဲ့ အာဏာသိမ်းစစ်ကောင်စီတပ်စခန်းကီု ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA) တပ်ရင်း(၁၂) လက်အောက်ခံ တပ်ခွဲ(၂)နဲ့ တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေက ဝင်ရောက်တိုက်ခိုက်ခဲ့တာပါ။ တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဖွဲဝင် ၅ ဦးသေဆုံးပြီး စစ်သုံးပစ္စည်းအချို့ သိမ်းဆည်းရရှိခဲ့တယ်လို့ ထုတ်ပြန်ပါတယ်။ မင်းဒပ်ရွာမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ဖွဲ့တွေက ဝင်း၀ စစ်ကောင်စီတပ်စခန်းကို ပြန်ဆုတ်ခွာသွားတယ်လို့ သိရပါတယ်။ မင်းဒပ်ရွာကို KNLA တပ်ခွဲ(၂)နဲ့ တော်လှန်ရေးပူးပေါင်းတပ်ဖွဲက ပြန်လည်ထိန်းချုပ်နိုင်ခဲ့တာပဲ ဖြစ်ပါတယ်။
၇။ လျှို့ဝှက်နေရာမှာ ဒေါ်အောင်ဆန်းစုကြည်ကို ဖမ်းဆီးချုပ်နှောင်ထားလို့ မြန်မာ့အကျဉ်းထောင်သက်သေအဖွဲ့ထုတ်ပြန်
ဒေါ်အောင်ဆန်းစုကြည်ကို နေပြည်တော်အချုပ်ထောင်နဲ့ ၁၄ မိုင်အကွာရှိ လျှို့ဝှက်နေရာမှာ ဖမ်း ဆီးချုပ်နှောင်ထားတယ်လို့ မြန်မာ့အကျဉ်းထောင်သက်သေ(MPW)အဖွဲ့အစည်း ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။ ဖြစ်ပေါ်လာနိုင်တဲ့ နောက်ဆက်တွဲအခြေအနေတွေနဲ့ ပတ်သက်ပြီး အဓိကတာဝန်ယူကြရမယ့် အမည်စာရင်းကိုလည်း ရေးသားထုတ်ပြန်ထားပါတယ်။ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို နေပြည်တော်အချုပ်ထောင်နဲ့ ၁၄ မိုင် အကွာအဝေးမှာ ရှိတဲ့ စစ်ဆင်ရေးအထူးအဖွဲ့ (ကစထ-၆)ရုံးစိုက်တဲ့ နေရာမှာ လုံခြုံရေးတင်းကြပ်စွာနဲ့ ဖမ်းဆီးချုပ်နှောင်ထားကြောင်း၊ ထိုနေရာက စစ်ခေါင်းဆောင်ရုံးထိုင်တဲ့ နေရာနဲ့ မဝေးဘဲလက်ရှိအချိန်မှာ ဒုဗိုလ်ချုပ်ကြီး အဆင့်ရှိသူက တာဝန်ယူဦးစီးနေတယ်လို့ MPWက ထုတ်ပြန်ထားပါတယ်။ လက်ရှိမှာ ဒေါ်အောင်ဆန်းစုကြည်က သွား၊ နှလုံးနဲ့ ပတ်သက်တဲ့ ဝေဒနာနဲ့ အသက်အရွယ်အရ သက်ကြီးပိုင်းမှာ ဖြစ်လေ့ရှိတဲ့ ကျန်းမာရေးဝေဒနာတွေလည်း ခံစားနေရပြီး လုံလောက်တဲ့ ကျန်းမာရေးစောင့်ရှောက်မှုတွေကို စနစ်တကျ ကုသခွင့်မရရှိဘဲ စစ်ကောင်စီခွင့်ပြုထားတဲ့ ဆရာဝန်နဲ့ ဆေးမှူးတွေကတဆင့် ဆေးမီးတိုနည်းနဲ့သာ ကုသခွင့်ပေးနေတယ်လို့ ဖော်ပြပါတယ်။
၈။ စစ်ကောင်စီက ၂၀၂၅ ငြိမ်းချမ်းရေးဖိုရမ် ကျင်းပ
ဒုတိယဗိုလ်ချုပ်ကြီးရာပြည့် ဦးဆောင်တဲ့ငြိမ်းချမ်းရေးဖော်ဆောင်မှုကော်မတီ(NSPNC) က ကမကထပြုလုပ်တဲ့ ၂၀၂၅ ငြိမ်းချမ်းရေးဖိုရမ်ကို အခုလ ၂၅ ရက်ကနေ ၂၇ ရက်အထိ နေပြည်တော်မှာ ကျင်းပခဲ့ပါတယ်။ မြောက်ပိုင်းမဟာမိတ်အဖွဲ့လို့သိကြတဲ့ FPNCC ထဲက ဝအဖွဲ့(UWSA)၊ မိုင်းလားအဖွဲ့(NDAA)နဲ့ ရှမ်းအဖွဲ့(SSPP)တို့အပြင် နိင်ငံရေးပါတီတွေ၊ ပြည်တွင်း၊ ပြည်ပက အသိပညာရှင်နဲ့ အတတ်ပညာရှင်တွေလည်း တက်ရောက်ကြပါတယ်။ သုံးရက်တာ ဆွေးနွေးပွဲမှာ ရွေးကောက်ပွဲအောင်မြင်စွာ ကျင်းပရေး၊ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ကိုင်တွယ်ဖြေရှင်းနိုင်ဖို့အတွက် နည်းဗျူဟာတွေကို ဖော်ထုတ်တာနဲ့ မြန်မာနိုင်ငံရဲ့အနာဂတ်မှာ ပထဝီနိုင်ငံရေးဆိုင်ရာ ရှုထောင့်အမျိုးမျိုးနဲ့ ဆက်နွယ်သက်ရောက်မှုရှိပုံကို လေ့လာဆန်းစစ်ပြီး အသွင်ကူးပြောင်းရေးမှာ ကျင့်သုံးသင့်တဲ့ နည်းဗျူဟာတွေကို ဖော်ထုတ်ခြင်းတို့ကို ဆွေးနွေးခဲ့ကြတယ်လို့ သိရပါတယ်။

၉။ သင်္ဘောသားလူသစ်တွေ အသက် ၂၄ နှစ် ၆လ ကျော်ပါက ပြည်ပထွက်ခွင့် ပိတ်ပင်ထား
အသက် ၂၄ နှစ်နဲ့ ၆လ အရွယ်ကနေ ၃၅ နှစ်အသက်အရွယ်အတွင်းရှိတဲ့ သင်္ဘောသားအဖြစ်လုပ်ကိုင်ဖို့ကြိုးစားနေတဲ့ လူသစ်တွေကို ပြည်ပ သွားရောက်လုပ်ကိုင်ခွင့်မပြုတော့ဘူးလို့ Voice of Myanmar က သတင်းဖော်ပြပါတယ်။ အဆိုပါ အသက်ကန့်သတ်ချက်က လာမယ့် ဇူလိုင်လ ၁ ရက်မှစပြီး စတင်အကျုံးဝင်မှာဖြစ်ပြီး အဲဒီအချိန်ကစလို့ သတ်မှတ်အသက်အပိုင်းအခြား အမျိုးသားနဲ့ အမျိုးသမီးတွေက သင်္ဘောသားအဖြစ်လုပ်ကိုင်နိုင်ခြင်း မရှိတော့ဘူးလို့ သိရပါတယ်။ သင်္ဘောသားစာအုပ်လုပ်ဖို့ လျှောက်လွှာဖောင်တွေထုတ်ပေးချိန်မှာ အသက်က ၂၄ နှစ် ၆လအထိရှိတဲ့သူကိုပဲ သဘောသားလျှောက်လွှာ ထုတ်ပေးမှာ ဖြစ်ပြီး အဲဒီအသက်ထက်ကျော်သူတွေကို သင်္ဘောသားစာအုပ် မထုတ်ပေးဘဲ ပိတ်ထားမှာပါ။ DMAရေကြောင်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနရုံးချုပ်က တရားဝင်ပိတ်ထားတာ ဖြစ်ကြောင်း သင်တန်းကျောင်းတခုရဲ့ တာဝန်ရှိသူကပြောပါတယ်။ ယခုအလုပ်လုပ်ကိုင်နေဆဲ သင်္ဘောသားတွေနဲ့ သင်္ဘောသားစာအုပ်လျှောက်ထားပြီး သင်တန်းတက်နေတဲ့သူတွေကတော့ အသက်ကန့်သတ်ချက်မှာမပါဝင်ဘဲ ပုံမှန်လုပ်ငန်းစဥ်အတိုင်း လုပ်ဆောင်နိုင်ပြီး လုပ်ကိုင်ခွင့်ရရှိမှာဖြစ်တယ်လို့သိရပါတယ်။
၁၀။ ဘယ်လာရုစ်မှာ ပညာသင်နေတဲ့ တပ်အရာရှိတွေနဲ့ စစ်ခေါင်းဆောင်တွေ့
ဘယ်လာရုစ်နိုင်ငံကို ရောက်နေတဲ့ စစ်ခေါင်းဆောင်က ပညာတော်သင် စစ်ကောင်စီသင်တန်းသား အရာရှိတွေနဲ့ အခုလ ၂၇ ရက်က တွေ့ဆုံခဲ့ပါတယ်။ ဘီလာရုနိုင်ငံ မင့်စ်မြို့မှာ ပြုလုပ်မယ့် စတုတ္ထအကြိမ်၊ ဥရောပ-အာရှ စီးပွားရေးဖိုရမ် (EFF 2025) ကို တက်ရောက်ဖို့အတွက် စစ်ခေါင်းဆောင် ရောက်ရှိနေတာပါ။ ပြည်ပနိုင်ငံတွေကို ပညာတော်သင် သင်တန်းသားတွေ စေလွှတ်ပေးနေတာဟာ အနာဂတ်နိုင်ငံ တည်ဆောက်တဲ့အခါ လူသားအရင်းအမြစ်ကောင်းတွေ ရရှိစေဖို့ ဖြစ်တယ်လို့ စစ်ကောင်စီသင်တန်းသား အရာရှိတွေနဲ့ တွေ့ဆုံချိန်မှာ သူက ပြောပါတယ်။ အခုလ ၂၈ ရက်မှာတော့ ရုရှားနိုင်ငံ၊ ဘူရားတီးရား ပြည်နယ်အကြီးအကဲက ဖိတ်ကြားလို့ စစ်ခေါင်းဆောင်ဟာ ရုရှားနိုင်ငံကို ဆက်သွားတယ်လို့ သိရပါတယ်။
၁၁။ ကမ္ဘာ့ငြိမ်းချမ်းရေးညွှန်းကိန်းမှာ မြန်မာက အဆင့် ၁၅၃ ကို ရောက်နေ
၂၀၂၅ ခုနှစ်အတွက် ကမ္ဘာ့ငြိမ်းချမ်းရေးညွှန်းကိန်းကို ထုတ်ပြန်တဲ့အစီရင်ခံစာအရ မြန်မာက အဆင့် ၁၅၃ မှာရှိနေတယ်လို့ အစီရင်ခံစာရေးသားထုတ်ဝေတဲ့ Institute for Economics and Peace(IEP)အဖွဲ့ က ဖော်ပြပါတယ်။ ကမ္ဘာ့လူဦးရေ ၉၉ ဒသမ ၇ ရာခိုင်နှုန်းကို ကိုယ်စားပြုတဲ့ မြန်မာအပါအဝင် နိုင်ငံပေါင်း ၁၆၃ နိုင်ငံရဲ့ ငြိမ်းချမ်းရေးနဲ့ အကြမ်းဖက်မှုတွေအပေါ် အခြေခံပြီးတွက်ချက်ထုတ်ပြန်ထားတာလို့ IEP ရဲ့ အစီရင်ခံစာက ဖော်ပြပါတယ်။ အဲဒီတွက်ချက်မှုတွေထဲမှာ ပဋိပက္ခတွေကြား လူမှုစီးပွားဘေးကင်းလုံခြုံမှု၊ စစ်ပွဲအရှိန်အဟုန်တွေနဲ့ ပြည်တွင်း၊ ပြည်ပရင်ဆိုင်နေရတဲ့အခြေအနေတွေကိုပါ ထည့်သွင်းထားတယ်လို့ ဆိုပါတယ်။ နိုင်ငံအတွင်းက စစ်ပွဲပဋိပက္ခကြောင့် သေဆုံးမှုတွေက အမြင့်ဆုံးအဆင့်ကိုရောက်ရှိနေပြီး ငြိမ်းချမ်းရေးတွေ လျော့နည်းယိုယွင်းလာတာကြောင့် မနှစ်ကထက် ၅ ဆင့်ပိုတိုးလာတာပါ။ ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ်ရဲ့ ကမ္ဘာ့ငြိမ်းချမ်းရေးညွှန်းကိန်းမှာတော့ မြန်မာက အဆင့် ၁၄၈ မှာ ရပ်တည်ခဲ့ပါတယ်။

၁၂။ မန္တလေးတိုင်း လွှတ်တော် ဥက္ကဋ္ဌဟောင်းဦးအောင်ကျော်ဦးကွယ်လွန်
မန္တလေးမြို့၊ အိုးဘိုထောင်မှာ ထောင်ဒဏ် ၅ နှစ်ကျခံနေရတဲ့ မန္တလေးတိုင်းလွှတ်တော် ဥက္ကဋ္ဌဟောင်း ဦးအောင်ကျော်ဦးဟာ အခုလ ၂၇ ရက်က နှလုံးအမောဖောက်ကာ ဆေးရုံရောက်ပြီး နာရီပိုင်းအတွင်း ကွယ်လွန်သွားခဲ့ပါတယ်။ အသက် ၆၉ နှစ်မှာ ကွယ်လွန်တာပါ။ သေဆုံးချိန်မှာ ကွယ်လွန်သူရဲ့ ရုပ်အလောင်းကို မန္တလေးဆေးရုံကြီး ရင်ခွဲရုံမှာထားကာ မိသားစုကို တွေ့ခွင့်မပေးခဲ့တဲ့ အတွက် သက်ပျောက်ဆွမ်းကို ရုပ်အလောင်းမပါဘဲ ကပ်ခဲ့ရပါတယ်။ စစ်ကောင်စီက မန္တလေးတိုင်း လွှတ်တော် ဥက္ကဌ ဦးအောင်ကျော်ဦးကို ၂၀၂၁ ဒီဇင်ဘာ ၃၀ ရက်မှာ ရာဇသတ်ကြီးဥပဒေပုဒ်မ ၅၀၅-က၊ သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဥပဒေပုဒ်မ-၂၅ တို့နဲ့ ထောင်ဒဏ် ၅ နှစ်ချမှတ်ခဲ့တာဖြစ်ပါတယ်။ ပြီးခဲ့တဲ့နှစ် အောက်တိုဘာ ၇ ရက်တုန်းကလည်း သွေးကင်ဆာရောဂါခံစားနေရတဲ့ မန္တလေးတိုင်းဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်ဟာ ထောင်တွင်းလုံလောက်တဲ့ ဆေးကုသခွင့်မရဘဲ ဆုံးပါးခဲ့ပါတယ်။
The Tanintharyi Times
