စစ်ကောင်စီတပ်သား နှစ်ဦး KNU ထံ လက်နက်နဲ့တကွ လာ‌ရောက်ပူးပေါင်း

စစ်ကောင်စီတပ်သား နှစ်ဦး KNU ထံ လက်နက်နဲ့တကွ လာ‌ရောက်ပူးပေါင်း

ဓာတ်ပုံ− ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (K.N.L.A) ထံ လာရောက်ပူးပေါင်းခဲ့တဲ့ စစ်ကောင်စီတပ်က ရဲဘော် (၂) ဦး ယူဆောင်လာတဲ့ လက်နက်ခဲယမ်းများ။

အကြမ်းဖက်စစ်ကောင်စီတပ်က ဒု-တပ်ကြပ် (၁)ဦး နဲ့ တပ်သား (၁)ဦး ဟာ ကင်အမျိုးသား အစည်းအရုံး KNU ရဲ့ ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော် (K.N.L.A) ထံ လက်နက်နဲ့ တကွ‌လာရောက်ပူး‌ပေါင်းခဲ့တယ် လို့ ထုတ်ပြန်ထားပါတယ်။

အာဏာသိမ်းအကြမ်းဖက် စစ်ကောင်စီတပ်ရဲ့ မတရားဖိနှိပ်အုပ်ချုပ်မှုစနစ်ကို မနှစ်သက်တော့တာကြောင့် တော်လှန်ရေး ပြီးဆုံးချိန်အထိ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (K.N.L.A) နဲ့ အတူ အာဏာရှင်စနစ်အား တွန်းလှန်တိုက်ထုတ် တိုက်ပွဲဝင်ဖို့ အတွက် လာရောက်ပူးပေါင်းကြတာဖြစ်တယ်လို့ လည်း KNU ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

တပ်မ-၄၄ လက်အောက်ခံ ခမရ-၁၁၈ က ဒု-တပ်ကြပ် ဇော်မျိုးခိုင် (၃၆) နှစ် နဲ့ တပ်သား အောင်မျိုးဇော် ၂၃ နှစ် တို့ဟာ KNLA−ပူးပေါင်းတပ်ဖွဲ့ထံလက်နက်နဲ့ တကွ လာရောက်ပူးပေါင်းခဲ့ကြောင်း KNLA−ကော်ဘရာစစ်ကြောင်း စစ်ဆင်ရေးမှူး ဗိုလ်ဒါဘော ကပြောပါတယ်။

သူတို့ နှစ်ဦး နဲ့ အတူ 60mm ကွန်မန်ဒို စိန်ပြောင်း (၁) လက်၊ 60mm ကျည် (၅) လုံး၊ MA-2 (၁) လက်၊ ကျည်ဘောက် (၅) ဘောက် နှင့် MA-2 ကျည် (၁၅၀) တောင့်တို့ ပါလာတယ်လို့လည်း KNU ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြပါရှိပါတယ်။

ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (K.N.L.A) ထံလာရောက်ပူးပေါင်းတဲ့ ရဲဘော် (၂)ဦးကို စစ်ကြောင်း စစ်ဆင်ရေးမှူး ဗိုလ်ဒါဘော မှ တစ်ဦးလျှင် ထိုင်းဘတ်ငွေ ငါးသောင်း (၅၀,၀၀၀) ဆုချီးမြှင့် ခဲ့တယ်လိုဘ သိရှိရပါတယ်။

The Tanintharyi Times