ငါးမန်း

ငါးမန်း

ငါးမန်းက

အမြဲတမ်းဗီလိန်ပဲ။

လူသားစားငါးမန်းဆိုတာ

ကြောက်ကိုကြောက်ရမယ့်အရာပဲ။

ဒါပေမယ့်

ငါးမန်းဟာ

ယောင်လို့တောင်မှ ကုန်းပေါ်တက်မလာခဲ့ဘူး။

ငါးမန်းဟာ

မဟုတ်မဟပ် မလိမ့်တစ်ပတ်မလုပ်တတ်ဘူး။

ငါးမန်းဟာ

ပုလင်းတူဘူးဆို့ဝါဒကို အာဟာရလို့မယူဆဘူး။

ငါးမန်းဟာ

သူတော်ကောင်းအရေမခြုံတတ်ဘူး။

ငါးမန်းဟာ

အရက်ခွက်ထဲအဆိပ်မခတ်တတ်ဘူး။

ငါးမန်းဟာ

ခင်ဗျားတို့အိုးအိမ်ကိုမီးမရှို့ဘူး။

ငါးမန်းဟာ

ဘယ် ဘာသာဝင်မှလည်းမဟုတ်ဘူး။

ငါးမန်းဟာ

ရေထဲမှာနေပေမယ့်

နှလုံးသားကတော့ ကျောက်တောင်ဆန်လေတယ်။

နိုင်မွန်အောင်သွင်

The Tanintharyi Times