“တနေ့တာ မြန်မာ”
“တနေ့တာ မြန်မာ”
နိုဝင်ဘာ ၇ ရက်၊ ဒီကနေ့မှာ နိုင်ငံတဝှမ်း ဖြစ်ပေါ်နေတဲ့ သတင်းတွေထဲကက ထူးခြားဖြစ်စဉ်တွေကို ကောက်နှုတ်ပြီးတနင်္သာရီတိုင်းမ် စာဖတ်သူတွေအတွက် တင်ပြလိုက်ပါတယ်။
“စစ်ကောင်စီရဲ့ တပ်စခန်း (၃)ခုကိုကိုးကန့်တပ် ထပ်မံသိမ်းယူ”
MNDAAက ကိုးကန့်ခရိုင်၊ ရှီးရှမ်းဒေသနဲ့ တုန်းရှမ်းဒေသမှာ ရှိတဲ့ စစ်ကောင်စီတပ်စခန်းနှစ်ခု၊ရှီးရှမ်းဒေသ ၊ တာရွှေထန်နေရာမှာ ရှိတဲ့ စစ်ကောင်စီရဲ့ နံပါတ်(၁၁)စခန်းကို ဒိကနေ့မနက်ပိုင်းက သိမ်းပိုက်ခဲ့ပါတယ်။ ၁၀၂၇ စစ်ဆင်ရေးစတင်ခဲ့တဲ့ ၁၂ ရက်အတွင်း MNDAA တပ်ဖွဲ့တစ်ခုတည်းက သိမ်းယူခဲ့တဲ့ စစ်ကောင်စီတပ်စခန်းအကြီးအသေး စုစုပေါင်း(၁၁၉)ခု ရှိပါပြီ။ မုံးကိုးဗျူဟာကုန်းကို မနေ့က သိမ်းပိုက်ချိန်မှာ EE-9ဘီးအမျိုးအစား သံချပ်ကာ (၁)စီးကိုသိမ်းယူခဲ့နိုင်ခဲ့တဲ့အတွက် သံချပ်ကာကား ခြောက်စီးအထိ ရရှိပြီ ဖြစ်ပါတယ်။
“၁၀၂၇ စစ်ဆင်ရေးအဖြစ် ကရင်နီဒေသ မယ်စဲ့ရှိ စစ်စခန်းနှစ်ခုကို သိမ်းယူ”
မြန်မာ-ထိုင်းနယ်စပ် ကရင်နီပြည် မယ်စဲ့မြို့နယ် ပန်တိန်းကျေးရွာရှိ စစ်ကောင်စီ တပ် စခန်းနှစ်ခုကို ၁၀၂၇ စစ်ဆင်ရေးအဖြစ် ကရင်နီ တပ်ပေါင်းစုက ဒီကနေ့သိမ်းယူလိုက်ပါတယ်။
စစ်ကောင်စီ လက်အောက်ခံ နယ်ခြားစောင့်တပ် အပြင်ဘက်ရှိ စခန်း ၂ ခုကို သိမ်းယူခဲ့တာဖြစ်ပြီး လက်နက်ခဲယမ်းလည်း သိမ်းယူရရှိကြောင်း ရွှေဖီမြေက ဖော်ပြပါတယ်။ စစ်ကောင်စီတပ်ကို ကရင်နီ ပူးပေါင်းတပ်ဖွဲ့က ဇွန်လကစ တိုက်ထုတ်ခဲ့ပြီးနောက် ကရင်နီ ပူးပေါင်းတပ်ဖွဲ့က မယ်စဲ့မြို့ကို ထိန်းချုပ်ထားတာပဲ ဖြစ်ပါတယ်။ ရှမ်းမြောက်မှာ ဖော်ဆောင်နေတဲ့ ၁၀၂၇ စစ်ဆင်ရေးကို ဝန်းရံထောက်ခံကြောင်း ကရင်နီအခြေစိုက် ကရင်နီ တပ်မတော် (KNPP/KA)၊ ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ် (KNDF)နဲ့ ကရင်နီပြည်လူမျိုးပေါင်းစုံ ပြည်သူ့လွတ်မြောက်ရေးတပ်ဦး (KNPLF-ကလလတ)တို့က ထုတ်ပြန်ထားပါတယ်။ ဒါ့အပြင် KNDF က တပ်ရင်း ၆၀၆ ကလည်း ရှမ်းမြောက် ၁၀၂၇ စစ်ဆင်ရေးမှာ ပါဝင်တိုက်ခိုက်နေပါတယ်။
“ခမ်းပတ်မြို့ကို KIA နဲ့ PDF ပူးပေါင်းတပ်ဖွဲ့က တိုက်ခိုက်သိမ်းပိုက်”
စစ်ကိုင်းတိုင်း တမူးမြို့နယ် ခမ်းပတ်မြို့ကို ကချင်တပ်မတော် KIA နဲ့ PDF ပူးပေါင်းတပ်ဖွဲ့က တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ကြောင်း NUG ရဲ့ ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။
အမှတ်(၁)စစ်ဒေသ တမူးခရိုင် ကွပ်ကဲမှုအစီအစဥ်နဲ့ KIA၊ PDF၊ ပကဖ၊ တမူးခရိုင် တပ်ရင်း(၂) စစ်ဒေသ အထူးတပ်ရင်း (၂) အမှတ် ၁ စစ်ဒေသ လက်နက်ကြီးအဖွဲ့ ၊ ရှေ့တန်းကွပ်ကဲရေးအဖွဲ့၊ CNDF၊ TDA၊ RCDF နဲ့ KNA-Burma တို့က ဒီနေ့မနက်ပိုင်းမှာ တိုက်ခိုက်သိမ်းပိုက်ခဲ့တာပဲ ဖြစ်ပါတယ်။ ကလေး-တမူး အာရှအဝေးပြေးလမ်းပေါ်ရှိ ခမ်းပတ်မြို့ကို အခုလ ၃ ရက်ကစပြီး ဝိုင်းပတ်တိုက်ခိုက်ခဲ့ရာ ဒီနေ့မနက်မှာ နယ်မြေလုံခြုံရေးအတွက် ရှင်းလင်းမှု ဆောင်ရွက်ပြီး အပြီးသတ် သိမ်းယူနိုင်ခဲ့တာလို့ သိရပါတယ်။

“လောက်ကိုင်နဲ့ ချင်းရွှေဟော်ကြား လမ်းပိုင်းမှာ အရပ်သားရှစ်ရာခန့် ပိတ်မိနေ”
မြောက်ပိုင်းညီနောင်သုံးဖွဲ့နဲ့ စစ်ကောင်စီတပ်တို့ တိုက်ပွဲပြင်းထန်နေတဲ့ ရှမ်းမြောက်ဒေသ လောက်ကိုင်နဲ့ ချင်းရွှေဟော်ကြားက ပါစင်ကျော်ရွာနားမှာ လောက်ကိုင်ကနေ နေရပ်ပြန်လာကြတဲ့ အရပ်သားရှစ်ရာလောက် ပိတ်မိနေတယ်လို့ RFA ကဖော်ပြပါတယ်။ ၎င်းတို့ဟာ လမ်းဘေးမှာပဲ ဖြစ်သလိုနေကြရပြီး အကူအညီတွေ လိုအပ်နေတယ်လို့ ဆိုပါတယ်။
ပိတ်မိနေသူတွေဟာ လောက်ကိုင်မှာ အလုပ်သွားလုပ်ကြတဲ့ ရှမ်း၊ ကချင်၊ တအာင်းနဲ့ ဗမာတိုင်းရင်းသားတွေ အများစုဖြစ်ပါ။ အရှေ့ဘက် ချင်းရွှေဟော်မြို့အပိုင်းမှာ ကိုးကန့်တပ်ဖွဲ့က နေရာယူထားပြီး အနောက်ဘက် လောက်ကိုင်မြို့ ဘက်အခြမ်းမှာတော့ စစ်ကောင်စီတပ်ဖွဲ့တွေ ရှိနေတာကြောင့် တိုက်ပွဲကြားထဲ ရောက်နေတာပါ။MNDAA ပြန်ကြားရေးတာဝန်ခံ ကိုရန်နိုင်ကတော့ ချင်းရွှေဟော် - လောက်ကိုင်လမ်းမှာ ပိတ်မိနေသူတွေကို ကူညီနိုင်ရေး အလုပ်မှုဆောင်အဖွဲ့ ဖွဲ့ပြီး ချိတ်ဆက်ဖို့ ဆောင်ရွက်နေတယ်လို့ RFA ကို ဒီနေ့ညနေပိုင်း ပြန်လည်ဖြေဆိုထားပါတယ်။
“မုံးကိုးဗျူဟာကုန်းတိုက်ပွဲ ခဲယမ်းဂိုဒေါင်ပေါက်ကွဲပြီး စစ်ကောင်စီတပ်မမှူးသေလို့ MNDAA ထုတ်ပြန်”
ရှမ်းပြည်နယ် မုံးကိုးဒေသရှိ စစ်ကောင်စီ ဗျူဟာကုန်းကို အခုလ ၅ ရက်နဲ့ ၆ ရက်က တိုက်ခိုက်ရာမှာ စစ်ကောင်စီတပ်မှတပ်မမှူး သေဆုံးခဲ့တယ်လို့ ကိုးကန့်တပ်မတော် (MNDAA)က သတင်းထုတ်ပြန်ပါတယ်။
MNDAA က မုံးကိုးဒေသက စစ်ကောင်စီဗျူဟာကုန်းကို တိုက်ခိုက်ချိန် လေကြောင်းမှ ပြန်လည်ပစ်ခတ်တိုက်ခိုက်ခဲ့လို့ ဗျူဟာကုန်းရှိ ခဲယမ်းဂိုဒေါင်တစ်ခုပေါက်ကွဲခဲ့ပြီး စစ်တက္ကသိုလ် အပတ်စဉ်(၄၁) ကျောင်းဆင်း တပ်မမှူးတစ်ဦးလည်း တိုက်ပွဲမှာ သေဆုံးခဲ့တယ်လို့ ထုတ်ပြန်ခဲ့တာပါ။ ထွက်ပေါ်နေတဲ့ သတင်းတွေအရ သေဆုံးသူမှာ စစ်ကောင်စီ တပ်မ (၉၉)တပ်မမှူးဖြစ်ပြီး ဗိုလ်မှူးချုပ် အဆင့်ဖြစ်တယ်လို့ ဆိုပါတယ်။ “ ၇နှစ်တိုင်တိုင် ကျော်ဖြတ်ခဲ့ပြီးနောက် မုံးကိုးနယ်စပ်ဂိတ်မှာ MNDAAရဲ့ အလံကို နောက်တစ်ကြိမ် ထပ်မံ ထူထောင်နိုင် ခဲ့” ဆိုပြီး ရုပ်သံမှတ်တမ်းတစ်ခုကိုလည်း MNDAA က ထုတ်ပြန်ထားပါတယ်။
The Tanintharyi Times

