စစ်ရေးပဋိပက္ခတွေကြားထဲက အလှူအတန်းပွဲတွေအပေါ် သူတို့အမြင်
စစ်ရေးပဋိပက္ခတွေကြားထဲက အလှူအတန်းပွဲတွေအပေါ် သူတို့အမြင်
“လူလေးတစ်ဘဝဖြစ်တာ လူပီသရင်ကျေနပ်ပါပြီ။ ငရဲသွားလည်းပြုံးပြုံးပါပဲ။ သေချာတာကတော့ အဲလိုလုပ်မှ ကုသိုလ်ရမယ်လို့ ကျမတို့ဘုရားက မဟောခဲ့ပါဘူး။”
စစ်ရေးပဋိပက္ခတွေကြားထဲက အလှူအတန်းပွဲတွေအပေါ် သူတို့အမြင်
ပွင့်လင်းရာသီနဲ့အတူ ဘာသာရေးအရအလှူအတန်းပွဲတွေနဲ့ ရိုးရာပွဲတော်တွေ ဒီကာလမှာစတင်ပါပြီ။ မြန်မာပြည်တောင်ပိုင်း တနင်္သာရီတိုင်းမှာတော့ မြို့ပြနဲ့ကျေးလက်ဟာ အခြေအနေ ကွာခြားနေပါတယ်။ မြို့ကြီးတွေပေါ်မှာတော့ အရင်နှစ်ကထက် ပိုပြီးစည်စည်ကားကားကျင်းပလာတဲ့အလှူပွဲတွေ၊ ရှင်ပြုလှည့်လည်တာတွေနဲ့အတူ ပျော်ပွဲရွှင်ပွဲတွေလည်းရှိပါတယ်။ တဖက်က ကျေးလက်ဒေသတွေမှာတော့ စစ်ကောင်စီရဲ့ စစ်ကြောင်းတွေပဲ အများစု လှုပ်ရှား၊ စိုးမိုးနေပါတယ်။
ဒီကြားထဲမှာမှ ပွဲလမ်းသဘင်တွေမလုပ်ဖို့ ပြည်သူ့ကာကွယ်ရေးတပ်တွေရဲ့ တောင်းဆိုမှုတွေကလည်း ရှိနေပြန်ပါတယ်။ အဲဒီလိုအခြေအနေတွေကြားမှာ တနင်္သာရီတိုင်းက တောင်ပိုင်းသားတွေ အနေနဲ့ အလှူပွဲနဲ့ ပျော်ပွဲရွှင်ပွဲတွေ ဘယ်လိုလုပ်နေကြသလဲ၊ အဲ့ဒီပွဲတွေအပေါ်ကော ဘယ်လိုအမြင်တွေ ရှိနေလဲ ဆိုတာကို မေးမြန်းပြီး ဒီတပတ်ရဲ့ “တောင်ပိုင်းသားတို့အသံ” အစီအစဥ်ကနေ မေးမြန်းတင်ဆက်ပေးလိုက်ပါတယ်။
(တောင်ပိုင်းသားတို့အသံ)
ထားဝယ်မြို့နယ်၊ အရှေ့တောဒေသခံတစ်ဦး
ကျမတို့ရွာမှာက ကထိန်အလှူတွေကတော့ အခက်အခဲဖြစ်နေတဲ့ ရွာသူ၊ ရွာသားတွေကိုအဓိကထား လှူဒါန်းပေးတာမျိုးဖြစ်လာတယ်။ အရင်ကတော့ ကျမတို့ရွာက ကထိန်အလှူတွေဆို ဆင်တွေနဲ့ လှည့်လည်ပြီးအကြီးအကျယ် လုပ်တဲ့အထဲပါတယ်။ အခုအာဏာသိမ်းပြီးနောက် ကထိန်အလှူကို အကျဉ်းရုံးပဲ လုပ်တော့တယ်။ ဘုန်းကြီးကျောင်းတွေမှာ စည်စည်ကားလုပ်တာမျိုး၊ ရွာထဲလှည့်လည်တာမျိုး ကျမတို့ရွာဘက်မှာ မလုပ်ကြတော့တာကြာပြီ။
ကျမတို့ရွာရဲ့အလှူလုပ်တာကို ကျမအမြင်ကတော့ အလှူရှင်တွေအနေနဲ့ အပျော်သက်သက်ပြုလုပ်တာမဟုတ်ဘဲ အခက်အခဲဖြစ်နေသူတွေအတွက် သွယ်ဝိုက်တဲ့ ပေးကမ်းခြင်းမျိုးဖြစ်တယ်လို့ မြင်မိပါတယ်။ ကထိန်အလှူမှာ ပုံမှန်ဆို ရဟန်းတွေလုပ်ကြတယ်။အခုကတော့ ရဟန်းတွေ၊ ကိုရင်တွေလည်းဘာမှမလုပ်ကြတော့ဘဲ ကထိန်သင်္ကန်းကပ်ကြတာလောက်ပဲရှိတော့တယ်လေ။
ထားဝယ်မြို့ခံလူငယ်တစ်ဦး
ဒီမြို့ပေါ်အလှူတွေကတော့ ပုံမှန်အတိုင်းလိုဖြစ်သွားပြီ။ အားလုံးက ပုံမှန်အနေအထားအတိုင်းပဲ။ အပြစ်ပြောတဲ့သူတွေလည်း ပြောပြီးရင် သွားကြတာပါပဲ။ ကြီးကြီးကျယ်ကျယ်ပဲ၊ ပေါ့ပေါ့ပါးပါးပဲ သွားနေလာနေကြတာပဲ။ ကျနော်မြင်ရတာ အရင်နှစ်တွေကလို အခြေအနေတောင်မဟုတ်တော့ဘူး။ အားလုံးပြီးသွားလို့ အေးဆေးဆေးဖြစ်နေတဲ့ အခြေအနေလိုမျိုးတောင် ဖြစ်နေတာ။
ကျနော်ကတော့ အရင်ကတည်းက အဲလိုတွေလုပ်နေတာကို မကြိုက်ဘူးဗျ။ အခုမှမဟုတ်ဘူး အရင်ကတည်းကပဲ။ လူတွေကလည်း ပင်ပန်းတယ်။ ရှိပြီးသားကျောင်းကို ထပ်လှူတယ်၊ ရှိပြီးသားရွှေရောင်ဝင်းနေတဲ့ဘုရားကိုပဲ ရွှေထပ်ကပ်ချင်ကြတယ်။ အဲလိုဆိုတော့ အလှူကြီးတွေကိုလည်း အထင်မကြီးဘူးပေါ့။ ကျနော်တယောက်တည်းရဲ့အမြင်ပဲ။ ဒီလိုတွေကို အခုကာလကြောင့်မဟုတ်ဘူး အရင်ကတည်းကကိုမကြိုက်တာ။ လူသိရှင်ကြား ကျောင်းကြီးကနားကြီးမှာလုပ်မှ၊ စပီကာတွေနဲ့မှအကြီးအကျယ်လုပ်မှ အလှူမဟုတ်ဘူးလေ။ အခုအချိန်မှာ လိုအပ်နေတဲ့နေရာတွေအများကြီးရှိတာပဲ။ လှူပေးလို့ရတာတွေအများကြီးပဲ။ သူတို့မလှူဘူးလေဗျာ။
တနင်္သာရီမြို့မှာ လာရောက်စစ်ဘေးရှောင်နေတဲ့ မြိတ်သူတစ်ဦး
ကျမအခုနေတဲ့ရွာတဝိုက်လုံးမှာ ဘာအလှူမှမရှိဘူးရှင့်။ လှူဖို့နေနေသာသာ စားဖို့သောက်ဖို့ကိုတောင် တရွာလုံးက ရုန်းကန်နေရတာ။ ကျမဆို အခုနှစ်ထဲ အလှူတစ်ပွဲမှမသွားသေးဘူး။ နဘေးရွာမှာ ဘုန်းကြီးကျောင်းရှိတယ်။ အဲဒီကျောင်းကို ကျမတို့ရွာက အလှူသွားတဲ့သူလည်း လက်ချိုးရေလို့ရတယ်။ အဲကျောင်းမှာလည်း အလှူဆိုပေမဲ့ ဆွမ်းကျွေးအလှူလောက်ပါပဲ။ အဲဒီပတ်ပတ်လည်က လေးငါးရွာအခြေအနေက အဲလိုပဲ။
ကျမအမြင်ပြောမယ်နော်။ အလှူတွေလုပ်တာ ဘာသာရေးအရ လုပ်လို့ရတယ်၊ လုပ်ရမှာပေါ့။ ဒါပေမဲ့ အခုလိုတော့မဟုတ်ဘူး။ မင်းသား၊ မင်းသမီးတွေနဲ့ ပွဲတွေနဲ့ကကြခုန်ကြနဲ့။ အခုကာလမှာ အစကနည်းနည်းစီပျော်ရင်း အခုပေါ်တင်ဖြစ်သွားကြပြီ။ ကျမပြောပြမယ်၊ မနှစ်ကအထိ အလှူသွားရင် မသွားချင်ပဲသွားရတယ်လို့ပြောတဲ့ ကျမမိတ်ဆွေတွေရှိတယ်။ အခု လိုင်းပေါ်မှာပုံတင်တော့ ရေးထားတာက မမြင်ချင်ကျော်သွားတဲ့။ ဟော၊ ဘာသာရေးလုပ်တာအဲ့လိုမှမဟုတ်တာ။ ကျမလေ ဝါတွင်းက ဥပုဒ်တရက်မှမပျက်ဘူး။ တရားသွားထိုင်တယ် ညဘက်အထိပဲ။ ထမင်းဂျိုင့်တွေနဲ့သွားရတယ်။ ဒါကိုယ့်အတွက် ကုသိုလ်အရေးလုပ်တာပဲ။ ဘုရားက ပရိသတ်တွေအများအပြားနဲ့ အဲလိုပျော်ပွဲရွှင်ပွဲလုပ်ပါလို့ မဟောထားဘူး။ တောထဲကလူတွေကိုအားနာရမယ်လေ။ ကိုဗစ်တုန်းကတောင် ရောဂါကြောက်လို့ အဲလိုစုဝေးတာတွေ ပွဲတွေမလုပ်ကြဘူးမလား။ တော်လှန်ရေးက ကိုဗစ်လောက်တောင် အရေးမကြီးဘူးလားပေါ့။ အဲဒီပျော်ပွဲရွှင်ပွဲတွေနဲ့ လူတွေကို ခွဲထုတ်နေတာလို့ခံစားရတယ်ရှင်။
ထားဝယ်မြို့ခံအမျိုးသမီး
အရင်နှစ်ထက် အလှူပွဲတွေပိုများလာတယ်လို့မြင်ရတယ်။ ပြီးတော့ စီးပွားရေးအဆင်မပြေတော့ ငြီးကြတယ်။ သွားရပြန်ဦးမယ်၊အဝတ်အစားလိုဦးမယ်၊ အဲလိုတွေကြားရမြင်ရတယ်။ အဲလိုသွားရင် လှူဖို့လည်းလိုဦးမယ်။ အလှူပွဲတွေအများကြီးဖြစ်လာတာက ရှိတဲ့သူတွေကို ပြန်လှူနေတာပဲရှင်။ အခုသွားတဲ့လူတွေက ဟိုပွဲဒီပွဲပတ်သွားကြတယ်။ မစားနိုင်မသောက်နိုင်တွေနဲ့ ပစ်စလက်ခတ်တွေဖြစ်တယ်။
အဲဒါတွေ စစ်ဘေးရှောင်တွေအတွက်ဆိုရင် အရမ်းကိုပဲအသုံးဝင်မှာ။ အကျိုးရှိတဲ့နေရာမလှူဘူးလို့ခံစားရတယ်။ ပြီးတော့ ပြေးနေတဲ့နေတဲ့နေရာတွေကပြေးတယ်။ ပွဲအကြီးအကျယ်လုပ်တဲ့နေရာကလုပ်နေတယ်။ ဒါတွေကို ပကာသနလို့ပဲ ကျမမြင်တယ်။ သူများအမြင်တော့ ကျမမသိဘူး။ အကျိုးရှိတဲ့နေရာပဲလှူစေချင်တယ်။ မြို့ထဲလှည့်လည်နေတဲ့သူတွေကတော့ ဘယ်လိုသဘောသက်ရောက်သလဲဆိုရင် စစ်ဖြစ်နေတာတွေ ပြေးနေရတာတွေ ဘာမှအာရုံမလာဘူး၊ ဘာမှစိတ်မဝင်စားဘူးဆိုတဲ့ သဘောသက်ရောက်တယ်။ ကျမကတော့ လူလေးတစ်ဘဝဖြစ်တာ လူပီသရင်ကျေနပ်ပါပြီ။ ငရဲသွားလည်းပြုံးပြုံးပါပဲ။ သေချာတာကတော့ အဲလိုလုပ်မှ ကုသိုလ်ရမယ်လို့ ကျမတို့ဘုရားက မဟောခဲ့ပါဘူး။
တော်လှန်ရေးမှာပါဝင်နေသူ လောင်းလုံးကလူငယ်တစ်ဦး
လောင်းလုံးမှာကတော့ အလှူတွေကများပါတယ်။ ပြည်သူတွေကတော့ လှုပ်ရှားမှုကိုကြည့်ပြီး သွားလာနေကြတာပေါ့။ ကြောက်ကြောက်နဲ့သွားလာနေရတာကို မြင်ရတယ်။ အထူးသဖြင့် သူတို့မျက်လုံးတွေမှာတွေ့ရတာပါ။
လူတွေကတော့ အခုအချိန်မှာတော့ သိတဲ့အတိုင်းအားလုံးက အကျဥ်းထဲအကျပ်ထဲမှာကျော်ဖြတ်နေရတယ်။ ဘယ်လိုပဲဖြစ်ဖြစ်လူတွေမှာ မွေးရာပါလွတ်လပ်ခွင့် ရှိပြီးသားပေါ့။ ဘာသာရေးအရဆိုရင်လည်း ဘာသာရေးလွတ်လပ်ခွင့်က ရှိပြီးသားဖြစ်တာပေါ့။ ကျနော်တို့ကတော့ ဒါကိုအသိမှတ်ပြု လေးစားတဲ့စိတ်ရှိတယ်။ ဘယ်သူပဲလုပ်လုပ် ဘာသာရေးကဏ္ဍအရ အလှူပွဲတွေလုပ်တာကို အပြစ်မတင်ပါဘူး။ ဒါပေမဲ့ တစ်ခုရှိတာက လက်ရှိကာလမှာ တော်လှန်ရေးဆိုတဲ့ အခင်းအကျင်းကို ဖြတ်ကျော်နေရတယ်။ ဒီကြားထဲ စစ်ရေးကလည်း အချိန်မရွေးဖြစ်လာနိုင်တယ်။ တဦးချင်းအထူး သတိရှိဖို့လိုတာပေါ့။ အခုလိုလူတွေစည်စည်ကားကားလုပ်နေတဲ့အပေါ်မှာတော့ အပြစ်မတင်ပါဘူး။ မွေးရာပါအခွင့်အရေးပဲဖြစ်တယ်လို့ ပြောချင်ပါတယ်။
မြိတ်မြို့ခံ အသက်ကြီးပိုင်းအမျိုးသမီးတစ်ဦး
အလှူလုပ်ကြ ပွဲတွေလုပ်ကြ ကကြခုန်ကြနဲ့။ မတွေ့ချင်မှအဆုံးပါ။ မြိတ်မြို့ကသာ ကွက်ကျန်စတန်းဆိုရင် အိမ်ပါပြောင်းတော့မယ်။ တချို့အလှူရှင်တွေကလည်း တမျိုး။ ရှာထားဖွေထားတာတွေက မသေခင်လှူထားမှတဲ့တော်။ ဒီ မအလကဘယ်အချိန် ဘာလာလုပ်မလဲမသိဘူးတဲ့။ ဒါကြောင့် သေရင်ကိုယ်နောက်ပါမဲ့ ဒါနတွေကိုပြုလုပ်နေရတာဆိုပဲ။ တော်လှန်ရေးမှာကူချင်ပေမဲ့လည်း အဖမ်းအဆီးတွေကများတော့မလှူရဲဘူးတဲ့။ လှူရမဲ့နေရာကိုလဲ မသိလို့ပါတဲ့။
မြိတ်က အလှူအတန်းနဲ့ ဆူညံအသာယာလွန်ပွဲတွေနဲ့ပတ်သက်ပြီး ကိုယ်တစ်ယောက်ထဲအမြင်နဲ့ ပြောရရင် လုံးဝ၊ လုံးဝမကြိုက်ပါ။ မလုပ်သင့်ပါ။ ကိုယ်တိုင်လည်း ဘုန်းကြီးတွေနဲ့ကင်းဝေးနေတာကြာပါပြီ။ အာဏာရူးတွေ အာဏာသိမ်းပြီးကတည်းကပါပဲ။ ဘာကြောင့်လဲဆိုရင်မြိတ်မှာ အာဏာသိမ်းတာကို ဝမ်းသာအားရဖြစ်သွားတဲ့ဘုန်းကြီးနဲ့ အခုအချိန်အထိ အဘ အဘ နဲ့ မ နေကြတဲ့ ဘုန်းကြီးက များနေလို့ပါ။ ဘယ်လောက်ရင်နာဖို့ကောင်းသလဲဆိုရင် ဒီတကာမကြီးက နိုင်ငံတော်ကြီးကိုဖျက်ဆီးသွားတာ၊ သူ့ကြောင့် အာဏာသိမ်းရတာ၊ သူမကောင်းလို့ အခုလိုပြည်သူတွေသေနေကြရတာတဲ့။ ပလင်ပေါ်ထိုင်ပြီး ဓမ္မအကြောင်းဟောနေတဲ့သူတွေက ဓမ္မနဲ့ အဓမ္မ ကိုတောင် မခွဲခြားတတ်ဘူး။ အဲလိုဘုန်းကြီးတွေကို သံဃာတော်အစစ်အမှန်တွေနဲ့ တတန်းတည်း မထားနိုင်လို့ ဘုန်းကြီးကျောင်းတွေနဲ့ဝေးခဲ့ရတာပါ။ တချို့သံဃာတော်အရှင်သူမြတ်တွေရှိပါတယ်။လက်ချိုးရေလို့ရပါတယ်။ တော်လှန်ရေးကာလပြီးမှ လိုက်ကန်တော့ပါမယ်။
The Tanintharyi Times

