အိုဘယ့် မလေးရှား (၂)
အိုဘယ့် မလေးရှား (၂)
မနက်တွင် သူတို့နာမည်များ လာခေါ်သည်။ ပြန်လွှတ်တော့မည်ထင်ကာ ဝမ်းသာသွားသည်။ သို့သော် သူတို့ကို နှစ်ယောက်တစ်တွဲ လက်ထိတ်ခတ်လိုက်ကာ လူခွဲ၍ အချုပ်ဆောင်သို့ ပို့လိုက်လေသည်။
မလေးရှားအိပ်မက်ဖြင့် လာခဲ့သော်လည်း မလေးရှားမရောက်ဘဲ ထိုင်းအချုပ်ထဲရောက်ကာ ကိုယ့်စရိတ်ကိုယ်စား နေခဲ့ကြရသည်။
အချုပ်ထဲတွင်တော့ အတန်သင့် အနေအစား ချောင်ခဲ့သည်။ မြန်မာအမျိုးသမီးတစ်ဦးကို ထမင်းမှာစား၍ ရသည်။ ရဲဝန်ထမ်းတစ်ဦးကို မာမားနှင့် အအေး ဝယ်ခိုင်း၍ ရသည်။
ထိုအချုပ်ဆောင်တွင် ၈ ရက်တိတိ နေလိုက်ရလေသည်။
၁၄ ရက်မြောက်နေ့
သူတို့နာမည်များ လာခေါ်ကာ ကားပေါ်တင်လိုက်သည်။ အိမ်ပြန်ခွင့် ပြုတော့မည်ထင်ကာ စိတ်လှုပ်ရှားမိသည်။
ကားက ယခင် စဖမ်းမိစဉ်က အိပ်ခဲ့သည့်ရဲစခန်းသို့ ပြန်မောင်းလာသည်။
ထိုရဲစခန်း တစ်ည ထပ်အိပ်လိုက်ရပြန်သည်။ ပြန်ရတော့မည် အတွေးဖြင့် ကောင်းစွာ အိပ်မပျော်။
၁၅ ရက်မြောက်နေ့
ညနေစောင်းတွင် လာခေါ်၍ ကားပေါ် တက်ခိုင်းလိုက်သည်။ လက်ထိတ်များလည်း မခတ်ထား။
“ငါတို့ကို လွှတ်ပေးတော့မယ်၊ ငါတို့ပွဲစား လာထုတ်တာဖြစ်မယ်” စသဖြင့် ပြောဆိုရယ်မောပြုံးပျော်ကာ ကားပေါ်လိုက်ပါလာကြသည်။
ကားက ၂ နာရီခန့်မောင်းပြီးနောက် ထောင်ဝင်းတစ်ခုထဲ ရောက်သွားလေတော့သည်။
“တန်းစီ”
“မှတ်ပုံတင်နဲ့ အရေးကြီးတဲ့ စာရွက်တွေ၊ ဖုန်းနံပါတ်တွေ သေချာသိမ်းထား”
မြန်မာလူမျိုးတန်းစီးတစ်ယောက်က အော်ပြောသည်။ နောက်မှ ထိုသူက ထားဝယ်သားမှန်း သိရသည်။
ထိုနောက် ပါသမျှအကုန်သိမ်းသည်။ တစ်ယောက်ချင်း အသေအချာစစ်ပြီး စာရင်းသွင်းပြီးနောက် ထောင်အခန်းတစ်ခုထဲ ထည့်လိုက်လေတော့သည်။
ထောင်ကျရက်များအတွင်း အနေအစား ဆင်းရဲဒဏ်ကို အလူးအလဲ ခံခဲ့ရသည်။
တစ်ယောက်နဲ့တစ်ယောက် ထပ်လုမျှ တိုးတိုးဝှေ့ဝှေ့ အိပ်ရသည်။
စားစရာမှာ လက်တစ်ဆုပ်သာသာ ပလစ်စတစ်အိပ်ဖြင့်ထည့်ထားသည့် ထမင်းထုပ်။ ထမင်းပေါ်တွင် ဂေါ်ဖီထုတ်အနွမ်း/ခရမ်းချည်သီးအညံ့တို့ကို ကြော်ထားသည့် အသီးအရွက်ကြော်လေး နည်းနည်း ထည့်ထုပ်ထားသည်။ ကံကောင်းသည့်အခါ ထိုအကြော်ထဲ လုချင်းလုံးခေါ် အသားတု တစ်လုံး ၂ လုံး ပါလာတတ်သည်။
“အခန်းထဲ လူရေပြီး ထမင်းထုပ်တွေကို ခြေနဲ့ ကန်သွင်းပေးခဲ့တယ်”
ထိုထမင်းထုတ်ကို တစ်ရက်တွင် ၂ ကြိမ် ကျွေးသည်။
မဝရေစာစားကာ နေကြရသဖြင့် လူတွေက အရိုးပေါ်အရေတင် ဖြစ်ကုန်သည်။
၂၉ ရက်မြောက်နေ့
“အိမ်ပြန်ချင်သူ ဘတ် ၆၀၀၀ ပေးရမယ်”
ထားဝယ်သားတန်းစီးက သူတို့ထောင်အခန်းနံရံတွင် မြန်မာလို စာလာရေးသည်။
ထိုနေ့သည် ထောင်ကျရက် ၂ ပတ်မြောက်နေ့ ဖြစ်သည်။
“ငါတို့ထားဝယ်သားတွေ အိမ်ပြန်ရတော့မယ်၊ ပိုက်ဆံ ၆၀၀၀ စီ ရှာထားကြ၊ ပိုက်ဆံမပါတဲ့သူ အိမ်ကို ဆက်သွယ်ချင်ရင် ငါ့ကိုလာပြောကြ” ဟု တန်းစီးက အော်ပြီး ပြန်ထွက်သွားသည်။
မေးစမ်းကြည့်သောအခါ ထိုင်းထောင်တွင် တရားမဝင်နယ်စပ်ဖြတ်ကျော်၍ ဖမ်းမိသည့် မြန်မာက လတ်တလောတွင် အလွန်များလွန်းနေသဖြင့် ထိုင်းအစိုးရက ထောင်လွတ်များကို မြန်မာနယ်စပ်သို့ ကိုယ့်စရိတ်ဖြင့် ကိုယ်ပြန်နိုင်သူများကို ဦးစားပေးလွှတ်ပေးခြင်းဟု သိရသည်။
ငွေမပါသူများကို အသိများထံ ဖုန်းဆက်ငွေတောင်းနိုင်ရန် ဖုန်းငှားပေးသည်။ ဖုန်းတစ်ခါဆက် ဘတ်တစ်ရာ။
ထိုအချုပ်ထဲတွင် ဘတ် ၆၀၀၀ မပေးနိုင်၍ လချီကြာနေသည့် မြန်မာနိုင်ငံသားအမျိုးသားအမျိုးသမီးများကို တွေ့ရသည်။
ပြန်ရန်နိုင်ငံမဲ့ဆိုသော ထောင်သက် နှစ်ချီကြာနေသည့် မြန်မာလိုပြောသည့်မွတ်စလင်များလည်း ဒုနှင့်ဒေး တွေ့ရသည်။
သူလည်း ပြန်မည်ဟုဆိုကာ ပါလာသည့်ငွေထဲမှ ဘတ် ၆၀၀၀ ပေးမည်ဟု စာရင်းပေးလိုက်သည်။
ညနေ ၅ နာရီခန့်တွင် သူနှင့် ငွေ ဘတ် ၆၀၀၀ ပေးနိုင်သူတို့ကို လာခေါ်သည်။
ထိုင်းရဲတို့၏ အဆင့်ဆင့်သောအစောင့်အရှောက်ဖြင့် မဲဆောက်သို့ အချုပ်ကားကြီးဖြင့် သွားရသည်။
ကားက တစ်ညလုံး မောင်းသည်။ ညလယ်တွင် ကားခဏနားပြီး ဘတ် ၅၀ စီတောင်းကာ ကောက်ညှင်းနှင့် ကြက်ကင် ဝယ်ကျွေးသည်။ ကားပေါ်မှ လုံးဝ ဆင်းခွင့် မရ။ အပေါ့အလေးသွားမည်ဆိုက ဗူးအလွတ်ထဲ ကိစ္စရှင်းရသည်။
၃၀ ရက်မြောက်နေ့
မနက်တွင်လည်း တနေကုန်မောင်းကာ ညနေ ၄ နာရီခန့်မှ မဲဆောက်ရောက်သည်။ မဲဆောက်ရှိ သံစကာပတ်ကာထားသော အချုပ်ဆောင်ကြီးတစ်ခုတွင် ညအိပ်လိုက်ရသည်။
၃၁ ရက်မြောက်နေ့
မနက်ပိုင်းတွင် အချုပ်ကားဖြင့် လာခေါ်သည်။
အချုပ်ကားက ထိုင်း-မြန်မာ ချစ်ကြည်ရေးတံတားထိပ် ထိုင်းဘက်ခြမ်းတွင် ရပ်လိုက်သည်။
မြန်မာဘက်ကမ်းမှ မှန်လုံကားကြီးများ ချစ်ကြည်ရေးတံတားကို ဖြတ်ကာ ထိုင်းဘက်ထိပ်တွင် လာကြိုသည်။
“ပြည်တော်ပြန်”
လာကြိုသည့် ကားများ၏ နဖူးတွင် စက္ကူပြားများဖြင့် ရေးထားသည်။
ထိုကားဖြင့် မြန်မာဘက်လာရကာ မြဝတီမြို့ရှိ ဝင်းကြီးတစ်ခုတွင်းသို့ ကားများ မောင်းဝင်လိုက်သည်။ မြန်မာဘက်အစိုးရဘက်မှ အရာရှိများက လူစာရင်း၊ ပစ္စည်းစာရင်းဖြင့် လက်ခံသည်။
မိမိ တယ်လီဖုန်များကို မြန်မာအရာရှိများထံ ပြန်ရွေးရသည်။ ထိုသို့ ပြန်ရွေးစဉ် မြန်မာဝန်ထမ်းများက ဖုန်းကို သေချာစစ်ကြသည်။ ဖုန်းထဲတွင် ဆန္ဒပြသည့်ပုံမျိုးတွေ့ပါက ငွေညစ်သည်ဟု သိရသည်။
သူ့ဖုန်းမှာ အားကုန်နေသဖြင့် အစစ်မခံရ။
“တနင်္သာရီတိုင်းကလူတွေ ဒီဘက်မှာ စုမယ်”
တိုင်းအလိုက် လူခွဲပြီးနောက် မှန်လုံကားကြီးများဖြင့် သူတို့ကို မော်လမြိုင်သို့ ခရီးတစ်ထောက် ပို့ဆောင်သည်။ ကားခက တစ်ယောက် ၁၅၀၀၀ ကျပ်။
ည ၇ နာရီတွင် မော်လမြိုင်မြို့သို့ ရောက်လာသည်။
မော်လမြိုင်ရောက်သောအခါ ကွာရတင်းဟုဆိုကာ စာသင်ကျောင်းတစ်ခုတွင် ၃ ရက် ထားလိုက်သည်။
ကွာရတင်းက အခမဲ့မဟုတ်။
“တစ်ယောက် ၁၀၀၀၀ ကျပ် ပေးရမယ်” ဟု အုပ်ချုပ်ရေးမှူးဆိုသူက အော်ပြောသည်။
၃၄ ရက်မြောက်နေ့
သူတို့ကို မော်လမြိုင်မှ ထားဝယ်အဝေးပြေးဂိတ်သို့ ပိုဆောင်သည်။ ကိုယ့်အစီအစဉ်ဖြင့် ကိုယ်ပြန်၍မရဟု အုပ်ချုပ်ရေးမှူးဆိုသူ ပြောသည်။
သူတို့ စီစဉ်ပေးသည့်ကားခက တစ်ယောက် ၃၀၀၀၀ ကျပ်။
ညနေပိုင်းတွင် ထားဝယ် အဝေးပြေးဂိတ် ရောက်သည်။
ဇာတိမြေ ပြန်ရောက်လာရလေပြီ။
မလေးရှားအသွားတွင် စတင်ချိတ်ဆက်ထားသည့် ပွဲစားထံ ဖုန်းဆက်သည်။
“မလေးရှားပြန်ဝင်မယ်ဆို ပြန်ပို့ပေးမယ်၊ မသွားတော့ဘူးဆိုရင် အသွားတုန်းက ကုန်ကျတဲ့ကားခ ၅ သိန်းလောက်နှုတ်ပြီး ပေးထားတဲ့ စရံငွေကို ပြန်ပေးမယ်” ဟု ပွဲစားက အကြောင်းပြန်သည်။
မလေးရှား ပြန်ဝင်မည်ဆိုက ယခင်လမ်းမဟုတ်ဘဲ လမ်းကြောင်းသစ်ဖြင့် သွားရမည်ဖြစ်ရာ ယခင်ကဲ့သို့ ပင်ပန်းမည်မဟုတ်ကြောင်း၊ အဖမ်းအဆီးလည်း စိတ်ချရကြောင်း ပြောလာသည်။
သူက ဤပုံစံဖြင့် ရွာလည်း မပြန်ချင်တော့။ ရှက်ဖွယ်။
ရွာပြန်လည်း အလုပ်မရှိ။ သို့ကြောင့် သူ့တွင် ရွေးစရာလမ်းမရှိ။
“မလေးရှား ပြန်ဝင်မယ်” ဟု အကြောင်းပြန်လိုက်သည်။
ပွဲစားက အဝေးပြေးဂိတ်ရှိ တည်းခိုခန်းတစ်ခု ချက်ချင်း ငှားပေးလိုက်သည်။
၃၅ ရက်မြောက်နေ့
မနက်စောစောတွင် တည်းခိုခန်း၌ ကားလာကြိုသည်။ သူ ကားပေါ် တက်လိုက်သည်။
ကားက ယခင်သွားခဲ့သည့်အတိုင်း ထားဝယ်-မြိတ်-မောတောင်လမ်းအတိုင်း မောင်းကာ ညနေတွင် မောတောင်က ယခင်တည်းခဲ့ရသည့်အိမ်သို့ ရောက်သွားသည်။
တစ်ခါသေဖူး ပျဉ်ဖိုး နားလည်သည်။ သည်လမ်းဆို သူ မသွားချင်တော့။
“ခင်ဗျားတို့ ပြောတော့ လမ်းကြောင်းသစ်ဆိုဗျ၊ ဒီလမ်းဆို ကျွန်တော် မလိုက်ဘူး၊ ပြန်မယ်”
မကြာမီတွင် သေနတ်ကိုင်ထားသည့် ပြည်သူ့စစ်နှစ်ဦး ရောက်လာသည်။
ပွဲစားအုပ်စုထဲက တစ်ယောက်က ပြောသည်။
“သွားမယ်ပြောပြီးတဲ့လမ်း ပြန်လှည့်ချင်တိုင်း လှည့်လို့မရဘူးညီလေး”
သူ ပွဲစားကို ဖုန်းဆက်သည်။
“မင်း မလေးရှားရောက်ရင် ပြီးရော မဟုတ်လား၊ လမ်းက အဓိက မဟုတ်ဘူး”
သူဘာမျှ မတတ်နိုင်။ ရွေးချယ်ခွင့် မရှိ။
ထိုအိမ်တွင်ပင် ညအိပ်လိုက်ရတော့သည်။
၃၆ ရက်မြောက်နေ့
ယခင်အခေါက်ပုံစံအတိုင်း မြို့ပြင်တောင်ကမူတွင် လူတက်စုရပြန်သည်။
တောင်ကမူ ကင်းမြီးကောက်တောထဲ တစ်ည ထပ်အိပ်လိုက်ရပြန်သည်။ ထိုနေ့က မိုးမရွာ၊ လူကလည်း နုံးခွေနေသဖြင့် ကောင်းကောင်းအိပ်ပျော်သွားသည်။
၃၇ ရက်မြောက်နေ့
“တန်းစီ၊ ထွက်မယ်”
မနက်တွင် စထွက်ကြသည်။ ဤအခေါက်တွင် လူ ၃၀ ကျော်။ ယခင်လမ်းအတိုင်းပင် တောနှင့်တောင်၊ ချောက်ကမ်းပါး ရွှံ့ဗွက်ထဲ မနားမနေ တက်လိုက်ဆင်းလိုက်။
တနေကုန်ပြီး တစ်ညလုံး တရွေ့ရွေ့ လျှောက်ကြရသည်။ ထိုင်းဘက်ရောက်နေပြီကို သိနေသည်။
၃၈ ရက်မြောက်နေ့
မနက် ဝေလီဝေလင်းအချိန်တွင် နာနတ်သီးတင်ထားသည့် ဟိုင်းလတ်အရွယ် ကားတစ်စီး တွေ့ရသည်။
ထိုကားပေါ် နာနတ်သီးစီထားသည့်အောက်မှ အမြင့်တစ်ပေခန့်လွတ်နေသောနေရာထဲသို့ လူ ၃၀ ကျော်စလုံး မောင်းတင်သည်။ လူတို့က ကျန်ခဲ့မည်စိုးသဖြင့် အတင်းတိုးတက်ကြသည်။ ကားသမားတို့ကလည်း ထိုးသိပ်သည်။ နေရာ မဆန့်သဖြင့် ပါလာသည့် အဝတ်အိပ်များ အကုန် ထားခဲ့ရသည်။
သူနှင့် သူအသိအမျိုးသမီးက တိုး၍ မတက်။ နောက်ဆုံး မည်သို့မျှ တင်မရတော့သည့်အခြေအနေတွင် သူတို့နှစ်ယောက်ကို နာနတ်သီးစင်ပေါ်တင်လိုက်သည်။ သူတို့ကို နာနတ်သီးပေါ် အိပ်စေပြီးနောက် အပေါ်က နာနတ်သီးဖြင့် ဖုံးသည်။ မျက်နှာတကွင်းစီသာ ဖော်ပေးထားရာ အာရုံဦးကြယ်ရောင်လရောင်တို့ကို ကြည့်က သူတို့ လိုက်ပါခွင့် ရကြသည်။
ထိုနာနတ်သီးကားက တစ်နာရီကျော်ကျော်သာ စီးရပြီး လမ်းသွယ်ဘေးတစ်နေရာတွင် ထိုးရပ်လိုက်သည်။ အနီးတွင် အအေးခန်းကားတစ်စီး အဆင်သင့် စောင့်ကြိုနေသည်။
“ကားချိန်းမယ်၊ ဟိုဘက်ကားပေါ် မြန်မြန်တက်ကြ” ဟု နာနတ်သီးကားသမားက အော်ပြောပြီး လူကုန်သည်နှင့် ချက်ချင်း မောင်းထွက်သွားသည်။
ရပ်ထားသည့်အအေးခန်းကားထဲ အားလုံးတက်ပြေး တိုးသိတ်ဝင်လိုက်ကြရသည်။
“နေမရအောင် ပူလာပြီ၊ အသက်ရှူမဝတာမျိုးရှိလာပြီဆိုရင် နောက်ကနေ လှန်းထုလိုက်” ဟု ကားသမားက မှာကာ အအေးခန်းတံခါးကို ဂျိန်းခနဲပိတ်၍ ကားမောင်းထွက်လိုက်သည်။
လူ ၃၀ ကျော်က ကွန်တိန်နာသေးသေးလေးထဲ မှောင်မဲကြပ်သိပ်။
ထိုသို့သောအအေးခန်းကားဖြင့် လူတွေ ခိုးတင်သဖြင့် အသက်ရှူမဝဖြင့်ကာ ကားတစ်စီးလုံး သေဆုံးသည့်သတင်းများ သူ ဖတ်ခဲ့ကြားခဲ့ဖူးရာ ဘုရားတ ကာ လိုက်ပါလာရသည်။
ညနေ ၄ နာရီခန့်ကြာသောအခါ ကားရပ်သည်။ တံခါးဖွင့်ပေးသောအခါ တည်းခိုခန်းတစ်ခု၏ ရှေ့သို့ ရောက်နေသည်။
“အခန်းထဲ ဝင်ကြ၊ အသံမထွက်ကြနဲ့၊ ဘေးခန်းတွေမှာ လူရှိတယ်။ အကုန်လုံး အဖမ်းခံနေရမယ်” ဟု ကားသမားက ပြောသည်။
အခန်းငယ်တစ်ခုတည်း လူ ၃၀ ကျော် စုထိုင်နေရသည်။ အသံမထွက်ကြ။
အခန်းထဲတွင် ထမင်းကျွေးပြီးနောက် ည ၉ နာရီခန့်တွင် ကားပြန်ထွက်သည်။
ကားမောင်းချိန် ၄ နာရီခန့်ကြာပြီးနောက် ကားထဲ အနံ့ဆိုးတစ်ခု ထွက်လာသည်။
မစင်နံ့။
အပျိုရွယ် အမျိုးသမီးတစ်ဦးဆီက ထွက်လာသည့် မစင်နံ့။
“သူ့ခမျာ ချီးပါချင်တယ်၊ ကားနားပေးပါလည်း မပြောရဲ၊ အောက်လည်း မအောင့်နိုင်တော့ ထွက်ကျကုန်တာနေမှာပေါ့”
ထိုအနံဆိုးကို လူအားလုံး ဝိုင်းရှူရင်း လိုက်ပါလာကြရတော့သည်။
၃၉ ရက်မြောက်နေ့
ကားထိုးရပ်လိုက်ချိန်တွင် မနက်လင်းနေပြီ။ အအေးခန်းတံခါးဖွင့်သောအခါ ရော်ဘာတောတစ်ခုထဲ ရောက်နေသည်။
မရှေးမနှောင်းတွင် အိမ်စီးကားလေးများ လာကြိုသည်။
တစ်စီးတွင် လူ ၆ ရောက်နှုန်းတင်သည်။ လူ ၆ ယောက်ပြည့်သည်နှင့် ကားက ဝူးခနဲ မောင်းထွက်သည်။
ဤတစ်ကြိမ်တွင်တော့ ကားစီးရသည်က သက်သောင့်သက်သာအရှိဆုံး ဖြစ်သည်။
ကားသမားကို စပ်စုကြည့်ရာ သူတို့ ယခင်အခေါက်က အဖမ်းခံခဲ့ရသည် ဟတ်ရိုင်မြို့အနီး ရောက်နေပြီဖြစ်ကြောင်း၊ ထိုမှတစ်ဆင့် ထိုင်းမလေးနယ်စပ် “ခိုလွတ်”သို့ သွားနေကြောင်း သိရသည်။
ယခင်အခေါက် အဖမ်းခံခဲ့ရသည်မှာ ယခုကဲ့သို့ အချိတ်အဆက်မမိဘဲ ရော်ဘာတောထဲ အချိန်များစွာ ကြာနေ၍ အဖမ်းခံခဲ့ရခြင်း ဖြစ်မည်ဟု သူ တွက်ဆမိသည်။
ထိုအိမ်စီးကား ၃ နာရီကျော်ကျော် မောင်းပြီးနောက် ထိုင်း-မလေးနယ်စပ် ခိုလွတ် တောစပ်တစ်ခုသို့ ရောက်လာသည်။
“ကားနားတာနဲ့ တောထဲ အမြန်ပြေးဝင်ကြ” ဟု ကားသမားက မှာသည်။
သူတို့လည်း ကားရပ်သည်နှင့် တောထဲသို့ ကသောကမျော ဝင်ပြေးကြသည်။
ကားက သူတို့ကို ချပေးပြီးသည်နှင့် ဂငယ်ကွေ့ ကွေ့ကာ အရှိန်ပြင်း မောင်းထွက်သွားလေပြီ။
ထိုတောထဲ လူစုကာ နေကြရာ မကြာမှီ လူတစ်ယောက်ရောက်လာသည်။ ထိုသူကိုပင် ငွေပေးကာ ထမင်းမှာစားကြရသည်။ ရေမှာသောက်ရသည်။
“မလေးရှားရောက်တော့မယ်၊ ဘတ်ငွေတွေ သုံးမရတော့ဘူး၊ မလေးငွေနဲ့ လဲပေးမယ်” ဟု ထိုသူက ပြောသည်။
ပါသည့် ထိုင်းငွေများ ထိုသူကိုပင် ပေးလိုက်ကာ မလေးငွေ လဲခိုင်းလိုက်ရသည်။
ထိုသို့ လဲခိုင်းလိုက်ပြီးမှ လဲပေးသူ ပြန်မလာတော့ဘဲ ကိုယ့်ငွေဆုံးသွားတဲ့အဖွဲ့တွေ အများကြီးရှိကြောင်း ပြန်သိရသည်။ သူ့ငွေကတော့ ပြန်လာပေးပါသည်။
ထိုတောထဲ ဖြစ်သလို နေရသည်မှာ ၂ ရက်တိတိ။
(ဆက်လက်ဖော်ပြပါမယ်)
မင်းခန့်
The Tanintharyi Times