ညောင်လေးပင်ခရိုင်က စစ်ကောင်စီတပ်စခန်း ၃ ခုကို KNLA ကတစ်ရက်အတွင်း တိုက်ခိုက်ဖျက်ဆီးခဲ့ပြီး လက်နက်အများအပြားသိမ်းဆည်းရမိ

ညောင်လေးပင်ခရိုင်က စစ်ကောင်စီတပ်စခန်း ၃ ခုကို KNLA ကတစ်ရက်အတွင်း တိုက်ခိုက်ဖျက်ဆီးခဲ့ပြီး လက်နက်အများအပြားသိမ်းဆည်းရမိ

ညောင်လေးပင်ခရိုင် တပ်မဟာ ၃ နယ်မြေအတွင်းက စစ်ကောင်စီတပ်စခန်း ၃ခုကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) တပ်ရင်း ၇ နဲ့ တပ်ရင်း ၉ တို့ပူးပေါင်းပြီး တိုက်ခိုက်ဖျက်ဆီးခဲ့တယ်လို့ KNU ဗဟိုကသတင်းထုတ်ပြန်ပါတယ်။

စစ်ကောင်စီရဲ့ သံဆိပ်စခန်း၊ ဘောကထာ နဲ့ တုံးတံတာစခန်းတို့ကို နိုဝင်ဘာလ ၁၂ ရက် နံနက် ၄နာရီ အချိန်မှာ စတင် တိုက်ခိုက်ခဲ့ပြီး နံနက် ၁၁း၃၀ အချိန်မှာတော့ စခန်း ၃ ခုလုံးကို တိုက်ခိုက်ဖျက်ဆီးနိုင်ခဲ့ပြီး အောင်မြင်စွာပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့သိရပါတယ်။

သံဆိပ်စခန်း နဲ့ ဘောကထာစခန်းတို့ကို KNLA ရဲ့ မြေပြင်တပ်ဖွဲ့ တွေက တိုက်ခိုက်ခြေမှုန်းဖျက်ဆီးခဲ့ပြီး တုံးတံတာစခန်းကိုတော့ KNLA က တိုက်ခိုက်ရေးသုံး Drone တွေနဲ့ တိုက်ခိုက်ဖျက်ဆီးခဲ့တာဖြစ်ပါတယ်။

စစ်ကောင်စီတပ်စခန်း ၃ လုံးကို တိုက်ခိုက်ဖျက်ဆီးရာမှာ စစ်ကောင်စီတပ်ဘက်က ၁၁ ဦးသေဆုံးခဲ့ပြီး ဒဏ်ရာရရှိသူ စာရင်းကို စီစစ်အတည်ပြုနေဆဲဖြစ်တယ်လို့သိရပါတယ်။

စစ်ကောင်စီတပ်စခန်းတွေကနေ MA အမျိုးစားသေနတ် (၈) လက်၊ ကျည်ဆံ (၃၀၇၀) တောင့်၊ 9mm (၂) လက်၊ 81mm (၁) လက်၊ 81mm ကျည် (၆၈) လုံး၊ 60mm အရှည် (၁) လက်၊ 60mm အတို (၄) လက်၊ 60mm ကျည် (၁၁၃) လုံး၊ RPG-7 (၁) လက်၊ RPG-7 ကျည် (၇၇) လုံး၊ လက်ပစ်ဗုံး (၂၈) လုံး၊ Short Gun (၁) လက်၊ Short Gun ကျည် (၈၈) တောင့်၊ M14 ခြေနင်းမိုင်း (၁၀) လုံး၊ တိုက်မိုင်း (၁၀) လုံး၊ ကျည်ဘောက် (၂၇) ခုနှင့် မိုင်းရှာစက် (၁) ခု တို့ကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) တို့ကို သိမ်းဆည်းရမိခဲ့တယ်လို့သိရပါတယ်။

စခန်းတွေကို ရှင်းလင်းစဉ်အချိန်အတွင်း စစ်ကောင်စီတပ်က လေကြောင်းနဲ့ အကြိမ် ၂၀ ခန့် တိုက်ခိုက်မှုတွေ ပြုလုပ်ခဲ့တာကြောင့် စခန်းအတွင်းက ပစ္စည်းတွေအားလုံးကို ယူဆောင်နိုင်ခဲ့ခြင်းတော့မရှိခဲ့ဘူးလို့သိရပါတယ်။

ဒါ့အပြင် တိုက်ပွဲဖြစ်ပွားပြီးသည့်နောက် စစ်ကောင်စီတပ်မှ ပြည်သူလူထုတွေကို ပစ်မှတ်ထားပြီး လေကြောင်းနဲ့ ၁၀ ကြိမ်ခန့် ကျေးရွာတွေကို ဗုံးကြဲတိုက်ခိုက်ခဲ့သလို နိုဝင်ဘာလ ၁၃ ရက်နေ့ မှာလည်း စစ်ကောင်စီတပ်က ပြည်သူလူထုကို ပစ်မှတ်ထားပြီး လေကြောင်းတိုက်ခိုက်မှုတွေပြုလုပ်ခဲ့တယ်လို့ဆိုပါတယ်။

အဲဒီလို ပစ်မှတ်ထားတိုက်ခိုက်ခံရတာကြောင့် ပြည်သူလူထုထိခိုက်ဒဏ်ရာရမှုတွေနဲ့ ပြည်သူလူထုတွေရဲ့ အိုးအိမ်အဆောက်အဦးတွေ ထိခိုက်ပျက်စီးမှုတွေ ရှိခဲ့ပြီး အသေးစိတ်အချက်အလက်တွေကို စီစစ် အတည်ပြုနေဆဲဖြစ်တယ်လို့သိရပါတယ်။

နိုဝင်ဘာလ ၁၂ ရက်နေ့နဲ့ ၁၃ရက်နေ့အတွင်း စစ်ကောင်စီတပ်မှ ပြည်သူလူထုကို ပစ်မှတ်ထားတိုက်ခိုက်ခဲ့တာကြောင့် ကျေးရွာအုပ်စု ၃ အုပ်စု၊ ကျေးရွာပေါင်း ၁၈ ရွာက ပြည်သူလူထုပေါင်း ၂ သောင်းကျော်မှာ အသက်ဘေးလွတ်ရာကို ထွက်ပြေး တိမ်းရှောင်နေရတယ်လို့ ထုတ်ပြန်ချက်ကဆိုပါတယ်။ ထွက်ပြေးတိမ်းရှောင်နေသူတွေဟာ လက်ရှိမှာ အခက်အခဲပေါင်းများစွာနဲ့ ရင်ဆိုင်ကြုံတွေ့နေကြရတယ်လို့လည်းဆိုပါတယ်။

အာဏာသိမ်းမှုနောက်ပိုင်းမှာ ကရင်အမျိုးသားအစည်းအရုံး KNU ကော်သူးလေအုပ်ချုပ်နယ်မြေ၊ ညောင်လေးပင် ခရိုင် တပ်မဟာ (၃) နယ်မြေအတွင်း ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) နဲ့ ကရင်အမျိုးသားကာကွယ်ရေးတပ်ဖွဲ့ (KNDO) တို့မှ အာဏာသိမ်းအကြမ်းဖက်စစ်ကောင်စီတပ်ရဲ့ တပ်စခန်း ၇ ခုအထိ တိုက်ခိုက်ဖျက်ဆီးခဲ့တယ်လို့လည်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

The Tanintharyi Times