မီဒီယာများနှင့် ထိတွေ့ဆက်ဆံခြင်း (၅)
မီဒီယာများနှင့် ထိတွေ့ဆက်ဆံခြင်း (၅)
သတင်းမီဒီယာများနှင့်အင်တာဗျူးဖြေဆိုခြင်း
အင်တာဗျူးတွေမှာ သတင်းမီဒီယာတွေ ကိုယ့်ဆီက လိုချင်တာ ၂မျိုး ရှိပါတယ်။ တခုက အချက်အလက် (Fact) ပါ။ နောက်တစ်မျိုးက ကိုယ့်ရဲ့ ထင်မြင်ချက် (Opinion) ဖြစ်ပါတယ်။
ဘယ်လို အချက်အလက်ကို ကိုယ်ပေးနိုင်တယ်။ ဘယ်လို ထင်မြင်ချက်ကို ကိုယ်ပေးခွင့်ရှိတယ်ဆိုတာကို ကိုယ်သိထားဖို့ လိုပါတယ်။
သတင်းသမားတွေ အင်တာဗျူးမှာ မေးတဲ့အခါ မေးခွန်းပုံစံ၂ မျိုး မေးပါတယ်။ တစ်မျိုးက အပိတ်မေးခွန်း (Closed-Ended Question) ဖြစ်ပြီး နောက်တစ်မျိုးကတော့ (Open-Ended Question) ဖြစ်ပါတယ်။
အပိတ်မေးခန်းဆိုတာက “ခင်ဗျား မန်ချက်စတာယူနိုက်တက်အသင်းရဲ့ ပရိတ်သတ်လား” ဆိုတဲ့ မေးခွန်းမျိုးပါ။ ဖြေတဲ့သူဟာ ‘ဟုတ်တယ်’ ‘မဟုတ်ဘူး’ ဒီနှစ်မျိုးထဲက တစ်မျိုးမျိုးကိုပဲ ဖြေခွင့်ရှိပါတယ်။ ဒါကြောင့် ဒီလိုမေးခွန်းမျိုးကို ‘Yes or No Question’ လို့ ခေါ်လေ့ရှိပါတယ်။
အဖွင့်မေးခွန်းဆိုတာကတော့ “ခင်ဗျား မက်ဆီ ကစားတာနဲ့ စီရော်နယ်ဒို ကစားတာကို ဘယ်လိုနှိုင်းယှဉ်မလဲ” ဆိုတဲ့ မေးခွန်းမျိုးပါ။ ဖြေတဲ့သူဟာ ‘ဟုတ်တယ်၊ မဟုတ်ဘူး’ လောက်နဲ့ဖြေလို့ မရတော့ပါဘူး။ စကားပို ပြောလာရပါတယ်။ ဒါကြောင့် ဒီလိုမေးခွန်းမျိုးကို Why and How Question လို့ ခေါ်ကြပါတယ်။
အတွေ့အကြုံရှိတဲ့ သတင်းသမားအများစုဟာ အဖွင့်မေးခွန်းများများ မေးလေ့ ရှိကြပါတယ်။ သတင်းရင်းမြစ်တွေကို စကားများများ ပိုပြောစေချင်လို့ပါပဲ။
သတင်းမီဒီယာတွေနဲ့ အင်တာဗျူးလုပ်တဲ့အခါ ဆောင်ရန်ရှောင်ရန်အချို့ကို အခုစတင် ဆွေးနွေးပါမယ်။ အင်တာဗျူးတစ်ခုမှာ အချိန်ကာလ ၃ ပါး ရှိပါမယ်။
(၁) အင်တာဗျူး မတိုင်ခင်
(၂) အင်တာဗျူး ကာလအတွင်း
(၃) အင်တာဗျူးအပြီးချိန် ဖြစ်ပါတယ်။
(၁) အင်တာဗျူးမတိုင်ခင်
အင်တာဗျူးမတိုင်ခင်မှာ ကိုယ့်ကိုမေးမယ့် သတင်းမီဒီယာနဲ့ အင်တာဗျူးမယ့်သူ အကြောင်းကို သုတေသနလုပ်ကြည့်ဖို့ လိုအပ်ပါတယ်။ တစ်ခါတစ်ရံမှာတော့ အရေးပေါ်ဖြေဆိုဖို့ လိုအပ်လာရင် အချိန်သိပ်ရမှာ မဟုတ်ပါဘူး။ ကိုယ်ဖြေမယ့် မီဒီယာနဲ့ အင်တာဗျူးသူအကြောင်းကို အနည်းငယ်သိထားရင် အရမ်းအကျိုးရှိပါတယ်။ အချိန်မရရင် သူတို့အကြောင်းကိုသိတဲ့ ကိုယ့်မိတ်ဆွေကို မေးကြည့်ပါ။
◉ကိုယ့်ကို မေးလာနိုင်တဲ့ မေးခွန်းတွေကို ချရေးကြည့်ပါ။ ပြီးရင် ကိုယ်ဖြေသင့်တဲ့အဖြေတွေကို ချရေးပါ။
◉အဲဒီမေးခွန်းတွေအထဲမှာ ကိုယ့်အတွက် ဖြေဖို့ အခက်ခဲဆုံးမေးခွန်းတွေကို ချရေးပါ။ မှင်နီတားထားပါ။ ကိုယ်ဖြေသင့်တဲ့အဖြေတွေကိုလည်း ချရေးပါ။
◉ကိုယ့်အဖွဲ့အစည်းက ပြောချင်တဲ့ အဓိက သတင်းစကား (Key Message) ကိုလည်း ချရေးထားပါ။
◉ကိုယ့်အဖြေကို သက်သေပြဖို့အတွက် အထောက်အပံ့ပေးမယ့် အချက်အလက်တွေကို ကြိုတင်ပြင်ဆင်ထားပါ။
◉အင်တာဗျူးဖြေမယ့်သူဟာ အင်တာဗျူးစည်းကမ်းကို သတ်မှတ်လို့ ရပါတယ်။ နမူနာ ပြောပါမယ်။
(က) ကျွန်တော့်ကို နာမည်နဲ့ ဖော်ပြလို့ရပါတယ်။ (On the Record)။
(ခ) ကျွန်တော့်ကို နောက်ခံအကြောင်းအရာ(Background)ပဲ ဖော်ပြပေးပါ။
(ဂ) ကျွန်တော့်ကို အမည်မဖော်ပြလိုတဲ့ဒေသခံတဦးလို့ပဲ ဖေါ်ပြပေးပါ။ (Anonymous)
(ဃ) ကျွန်တော်ပြောတာကို လုံးဝမဖော်ပြပါနဲ့၊ ခင်ဗျားသိအောင်ပဲ ပြောတာပါ (Off the Record) ဆိုတဲ့ စည်းကမ်းမျိုးတွေပါ။
◉ဒါတွေဟာအင်တာဗျူးဖြေမယ့်သူတွေရဲ့ရွေးချယ်ခွင့်ပါ။ ဂျာနယ်လစ်နဲ့တော့ အပြန်အလှန်ညှိနှိုင်းဖို့ လိုပါတယ်။
(၂) အင်တာဗျူးချိန်အတွင်း
အင်တာဗျူးချိန်အတွင်းမှာ အောက်ပါအချက်တွေကို ဂရုစိုက်စေချင်ပါတယ်။
◉ပထမဆုံးစည်းကမ်းကတော့ ဘယ်တော့မှ မညာပါနဲ့။ လိမ်ညာမှုဟာ တစ်နေ့နေ့ ပေါ်လာမှာပါ။ မေးခွန်းကို ရှောင်ထွက်ဖို့ ကြိုးစားပါ။ ‘ဒီနှစ်အတွင်း ဆရာတို့အဖွဲ့ရဲ့ သုံးစွဲမှုစားရိတ်တွေ ဘယ်လောက်ရှိပါသလဲ’လို့ မေးလာလို့ မဖြေနိုင်ရင် ‘ကျွန်တော့်မှာ လောလောဆယ်တော့ ကိန်းဂဏန်းတွေ အဆင်သင့် မရှိပါဘူး။ ဘဏ္ဏာရေးတာဝန်ခံကို ပြန်မေးရမှာပါ’လို့ ဖြေတာမျိုးပါ။
◉ကိုယ်စကားပြောနေတာ သတင်းသမားတစ်ယောက်ကို မဟုတ်ဘူး၊ ပြည်သူတွေ အားလုံးကို ပြောနေတယ်ဆိုတာကို သတိရပါ။ ဒါကြောင့် ‘သမီးမေးခွန်းက’ တို့၊ ‘ဆရာ့အနေနဲ့’ တို့ ‘အဘပြောချင်တာကတော့’တို့ ဆိုတဲ့ အသုံးအနှုန်းတွေကို ရှောင်ပါ။ ‘ကျွန်တော်’ ၊ ’ကျွန်မ’ စတဲ့ အသုံးအနှုံးတွေဟာ အသင့်တော်ဆုံးပါပဲ။
◉မျက်လုံးချင်းဆက်သွယ်မှု (Eye Contact) ရှိပါ။ ဒါဟာကိုယ်က ကိုယ်ပြောနေတဲ့ အကြောင်းအရာပေါ်မှာ ယုံကြည်မှု ဘယ်လောက်ရှိတယ်ဆိုတာကို ဖော်ပြပေးပါတယ်။
◉ဒီမေးခွန်းကို ကျွန်တော်မဖြေပါရစေနဲ့လို့ ဖြစ်နိုင်ရင် မပြောပါနဲ့။ ကျွန်တော်ဒီဖြစ်ရပ်နဲ့ ပက်သက်ပြီး ပြန်စုံစမ်းပေးပါ့မယ်။ ပြီးရင်ပြန်ပြောပါမယ် လို့ ပြောပါ။
◉မေးခွန်းကို မရှင်းရင် ပြန်မေးပါ၊ ရမ်းမဖြေပါနဲ့။
◉နောက်ထပ်အရေးကြီးတဲ့အချက်က အင်တာဗျူးမေးတဲ့ သတင်းသမားနဲ့ ရန်မဖြစ်ဖို့ပါပဲ။ သူနဲ့ကိုယ်နဲ့ရန်ဖြစ်ရင် ပရိတ်သတ်အတွက်လည်း အကျိုးမရှိပါ၊ ကိုယ့်အဖွဲ့အစည်းအတွက်လည်း အကျိုးမရှိပါဘူး။ အယူအဆ မတူလို့ ရပါတယ်။ ဒေါသကိုတော့ ထိန်းနိုင်ဖို့ လိုပါတယ်။
◉သူမေးတဲ့ မေးခွန်းထဲမှာ ကိုယ်က ပြောချင်တဲ့ Key Message မပါလာရင်လည်း အဲဒီနေရာကို ရောက်အောင်ဆွဲခေါ်ပြီး ပြောပါ။ အင်တာဗျူးအပြီးမှာ သတင်းသမားတွေ စိတ်ထဲမှာ အဲဒီ Key Message ပါသွားဖို့ လိုအပ်ပါတယ်။
◉လိုအပ်ရင် (ကိုယ်မှတ်ချက်မပေးသင့်တဲ့အခါ) သင့်တော်တဲ့၊ ပြောရေးဆိုခွင့် ရှိတဲ့သူကို ညွှန်းပါ။ ကိုယ်မဖြေလိုက်ပါနဲ့။ ကျွန်မထက် သူကဒီနေရာမှာ ပိုပြီး သိပါတယ်ဆိုပြီး ညွှန်းလိုက်ပါ။
◉အင်တာဗျူးအဆုံးမှာ (ဒါမှမဟုတ် အစမှာ) သူ့ကိုဆက်သွယ်ဖို့လိပ်စာ၊ ဖုန်းနံပါတ်နဲ့ ဖောင်ပိတ်ချိန်တွေကို မေးထားဖို့ မမေ့ပါနဲ့။
(၃) အင်တာဗျူးအပြီး
◉ကိုယ့်မှတ်စုတွေကို ပြန်ကြည့်ပါ။ ကိုယ်ပြောရမယ့် အဓိကအချက် ဘာကျန်သွားလဲ၊ ကိုယ်ဘယ်အချက် မှားပြောလိုက်မိသလဲ။ အချိန်မှီအောင်သူ့ကို လှမ်းဆက်သွယ်ပါ။
◉သူထပ်အင်တာဗျူးသင့်တဲ့ သတင်းရင်းမြစ်ကို စဉ်းစားမိရင် လှမ်းပြော ပေးလိုက်ပါ။
◉ကိုယ့်အင်တာဗျူးပါလာတဲ့အခါ ပြန်ဖတ်/ကြည့်ပါ။ အားနည်းချက်၊ အားသာချက်ကို ကြည့်ပြီး နောက်တစ်ကြိမ်အတွက် သင်ခန်းစာယူပါ။
ရုပ်သံအင်တာဗျူးများ
အင်တာဗျူး တောင်းခံလာတဲ့အခါ ရုပ်သံအင်တာဗျူးလား၊ စာလုံးနဲ့ ဖော်ပြမယ့် အင်တာဗျူးလားဆိုတာကို မေးဖို့ လိုအပ်ပါတယ်။
ရုပ်သံအင်တာဗျူးဆိုရင် လုံခြုံရေး အတွက် စဉ်းစားပြင်ဆင်ဖို့ လိုအပ်ပါတယ်။ ကိုယ့်ရုပ်ကို ဘယ်လိုဖော်ပြမလဲဆိုတာကို စဉ်းစားရပါမယ်။
◉ရုပ်သံအင်တာဗျူးတွေမှာ “ဆရာတို့အဖွဲ့အတွက် အဓိက စိန်ခေါ်မှုက ဘာဖြစ်မလဲ” လို့ မေးလာရင် ဖြေတဲ့အခါမှာ သူ့မေးခွန်းကို ပြန်ကောက်ပြီး ဖြေပါ။ “ကျွန်တော်တို့အဖွဲ့ရဲ့ လက်ရှိအကြီးမားဆုံး စိန်ခေါ်မှုကတော့ အလှူရှင်တွေ လိုအပ်ချက်ပါပဲ”ဆိုတဲ့ အဖြေမျိုးပါ။ “အလှူငွေ လိုအပ်ချက်ပါပဲလို့ ဖြေရင် တည်းဖြတ်တဲ့ အယ်ဒီတာဟာ အတော်ခေါင်းစားပါတယ်။
◉ရုပ်သံအင်တာဗျူးမှာ ဖြေတဲ့အခါ မေးခွန်းမေးသူကိုပဲ ကြည့်ပါ။ ကင်မရာကို မကြည့်ပါနဲ့။ ချွင်းချက်ကိုယ့်အဖွဲ့ကို ကိုယ်စားပြုတဲ့ ဆောင်ပုဒ်တွေကို ပြောချင်တဲ့အခါမှာတော့ ကြည့်လို့ရပါတယ်။
◉ခြေဟန်လက်ဟန်နဲ့ပြောပါ၊ တောင့်တောင့်ကြီး ဖြစ်မနေပါစေနဲ့။ ဒါပေမယ့် ခြေဟန်လက်ဟန်ဟာ မျက်စေ့နောက်လောက်အောင် လည်း မဖြစ်သင့်ပါ။
( ဆက်လက် ဖော်ပြသွားပါမယ်။)
The Tanintharyi Times
