မီဒီယာများနှင့် ထိတွေ့ဆက်ဆံခြင်း (၄) ၊ သတင်းထုတ်ပြန်ချက်များကို ရေးသားခြင်း
မီဒီယာများနှင့် ထိတွေ့ဆက်ဆံခြင်း (၄) ၊ သတင်းထုတ်ပြန်ချက်များကို ရေးသားခြင်း
သတင်းမီဒီယာတွေနဲ့ ထိတွေ့ဆက်ဆံခြင်းအလုပ်မှာ ငွေကြေးနဲ့ အချိန် အသက်သာဆုံးကတော့ သတင်းထုတ်ပြန်ချက်တွေကို ပေးပို့ခြင်း ဖြစ်ပါတယ်။ လက်ဖက်ရည်တိုက်စရာ မလိုပါ၊ မုန့်ကျွေးစရာ မလိုပါ။ Word File မှာ စာရိုက်ပြီး အီးမေးနဲ့ ပို့လိုက်ရုံနဲ့ အလုပ်ပြီးမြောက်ပါတယ်။
ဒါပေမယ့် အထူးသတိထားရမယ့်အချက်တစ်ခု ရှိပါတယ်။ အဲဒါကတော့ ဂျာနယ်လစ်တွေရဲ့ အီးမေး၊ မက်ဆင်ဂျာ၊ တယ်လီဂရမ် စတဲ့ လူမှုမီဒီယာတွေထဲကို တနေ့တနေ့ဝင်တဲ့ သတင်းထုတ်ပြန်ချက်ဟာ အတော်များတယ် ဆိုတာပါပဲ။ ကိုယ့်သတင်းထုတ်ပြန်ချက်က သတင်းအနေနဲ့မပါလာတာကို စိတ်တိုနေမယ့်အစား သတင်းဖြစ်အောင် ထုတ်ပြန်ချက်ကို ဘယ်လိုရေးရမယ်ဆိုတာကို အားထုတ်တာက ပိုမိုမှန်ကန်တဲ့ ဆုံးဖြတ်ချက်ပါ။
ဂျာနယ်လစ်တွေက သတင်းဆိုတာကို ဘယ်လိုအနက်ဖွင့်သလဲ ဆိုတာ ပြန်ကြည့်ပါ။ ပြီးရင် ကိုယ့်ရဲ့ထုတ်ပြန်ချက်ကို အဲဒီအချက် တခုခုနဲ့ ကိုက်ညီအောင် ရေးဖို့ပါပဲ။
အီးမေးလ်ပို့တဲ့အခါမှာ Subject ကိုရေးတာကအစ သတိထားပါ။ Subject ကို ဖတ်လိုက်တာနဲ့ သတင်းထောက်၊ အယ်ဒီတာတွေ စိတ်လှုပ်ရှားအောင် ရေးပါ။
‘ရန်ကုန်က လမ်းဘေးခွေးတွေကို ညှင်းပမ်းနှိပ်စက်ခြင်း မခံရအောင် တိရိစ္ဆာန်ညှင်းပန်းနှိပ်စက်ခြင်းမှ ကာကွယ်ရေးအဖွဲ့က စတင်ဆောင်ရွက်ပြီ’ လို့ ရေးမယ့်အစား ‘ရန်ကုန်မှာ ပိုင်ရှင်မဲ့ခွေးတွေကို အဆိပ်ခတ်သတ်ဖြတ်မှုကို ပြည်သူ ၃သိန်းက လက်မှတ်ထိုး ကန့်ကွက်လိုက်ပြီ’လို့ ရေးပါ။
နောက်တစ်ချက်က သတင်းထောက်တွေ သတင်းရေးတဲ့အခါမှာ ဘယ်လိုပုံစံနဲ့ ရေးကြတယ်ဆိုတာကို နားလည်ဖို့ လိုအပ်ပါတယ်။ သတင်းထောက်တွေ သတင်းရေးတဲ့အခါမှာ ပိရမစ်စောက်ထိုးပုံစံနဲ့ရေးကြပါတယ်။ ဆိုလိုတာကတော့ တြိဂံစောက်ထိုးပုံပါပဲ။
ပိရမစ်စောက်ထိုးပုံစံဆိုတာက အရေးကြီးဆုံးအကြောင်းအရာကို ထိပ်ဆုံးမှာ ထားတာ ဖြစ်ပါတယ်။ သတင်းရဲ့အောက်ပိုင်းကိုရောက်လေ အရေးပါမှု လျော့နည်းလာလေ ဖြစ်ပါတယ်။
သတင်းထုတ်ပြန်ချက်တွေကို သတင်းဌာနတွေဆီကိုမပို့ဘဲ ကိုယ့်အဖွဲ့အစည်းရဲ့ လူမှုမီဒီယာမှာပဲတင်ရင်လည်း ဒီလိုရေးသားနည်းက ပြည်သူတွေကို ပိုဆွဲဆောင်နိုင်ပါတယ်။ ဝါကျတစ်ကြောင်း ဖတ်လိုက်တာနဲ့ စာဖတ်သူကို ချက်ချင်းဆွဲဆောင်နိုင်မှာပါ။ သတင်းထုတ်ပြန်ချက်နမူနာ တစ်စောင် ပြပါမယ်။ အောက်မှာကြည့်ရှူပါ။
အဖွဲ့အစည်းအမှတ်တံဆိပ် (Logo)
တိရိစ္ဆာန်များအား ညှင်းပန်းနှိပ်စက်ခြင်းမှ ကာကွယ်စောင့်ရှောက်ခြင်းအဖွဲ့
ရက်စွဲ။၂ ဧပြီ ၂၀၂၃
ရန်ကုန်က ပိုင်ရှင်မဲ့ခွေးများကို သုတ်သင်ရေးအား လူသိန်းချီ ကန့်ကွက်
ရန်ကုန်လမ်းများပေါ်ရှိ ပိုင်ရှင်မဲ့ခွေးများကို အဆိပ်ခတ်သတ်ဖြတ်ရှင်းလင်းရေး စီမံကိန်းကို မြို့ခံလူ၃သိန်းက ကန့်ကွက်ကြောင်း လက်မှတ်ရေးထိုးပြီး မြို့တော်စည်ပင်သာယာရေးကော်မတီထံ တင်ပြလိုက်သည်။
ခွေးလေခွေးလွင့်အရေအတွက်ကို လျှော့ချဖို့ကို အများပြည်သူများနှင့်အတူ ပူးပေါင်ဆောင်ရွက်သွားမည်ဟုလည်း တင်ပြချက်တွင် ပါဝင်ပါသည်။ ခွေးများမှတဆင့် လူကိုကူးစက်နိုင်သည့်ရောဂါများကို ဝိုင်းဝန်း ထိန်းချုပ်ရေးလည်း အတူရေးဆွဲကြမည်ဟု တိရိစ္ဆာန်များအားညှင်းပန်းနှိပ်စက်မှ ကာကွယ် စောင့်ရှောက်ခြင်း အဖွဲ့က ထိုတင်ပြချက်တွင် ကတိပြုထားသည်။
အဖွဲ့ဥက္ကဌ ဒေါ်လှလှက “ခွေးတွေဟာလူသားတွေရဲ့ အကောင်းဆုံး မိတ်ဆွေတွေပါ၊ ခွေးတွေ အလွန်အကျွံ များပြားလာမှုကို ထိန်းသိမ်းရမယ်ဆိုတာ မှန်ပေမယ့် ရက်စက်တဲ့ နည်းလမ်းတွေကို ကျွန်မတို့ လက်ခံမှာ မဟုတ်ပါဘူး”ဟု ပြောဆိုသည်။
အင်တာနက်ပေါ်က လူမှုမီဒီယာများအပေါ်မှာ ခွေးချစ်သူများနှင့် ရှင်းလင်းလိုသူများ အကြားမှာ လပေါင်းများစွာ ကြာအောင် အငြင်းပွားမှုဖြစ်ပွားအပြီး မြို့တော်စည်ပင်သာယာရေးကော်မတီက ယခုလိုဆုံးဖြတ်ခဲ့ခြင်း ဖြစ်သည်။
ဘတ်ဂျတ်လျာထားပြီး ခေတ်မီနည်းလမ်းများကို အသုံးပြုလျှင် တဖြည်းဖြည်းနှင့် ခွေးအကောင်ရေကို လျှော့ချနိုင်လာမည်ဟု ထိုတောင်းဆိုချက်မှာ ဖော်ပြထားပါသည်။
တိရိစ္ဆာန်များအား ညှင်းပန်းနှိပ်စက်ခြင်းမှ ကာကွယ်စောင့်ရှောက်ခြင်းအဖွဲ့ကို ၂၀၁၅ခုနှစ်တွင် စတင်တည်ထောင်ခဲ့ပြီး မြန်မာနိုင်ငံအတွင်းရှိ တိရိစ္ဆာန်များ၏ အခွင့်အရေးကို ကာကွယ်ပေးမှုများအား ဆောင်ရွက်လာခဲ့ပါသည်။ ယခုအခါ ရန်ကုန်၊ မန္တလေးနှင့် တောင်ကြီးမြို့များမှာ ရုံးခွဲများ ဖွင့်လှစ်ထားပြီး ဖြစ်ပါသည်။
ထပ်မံသိရှိလိုပါက ဆက်သွယ်ရန် -
ဒေါ်မမလေး
သတင်းမီဒီယာ ဆက်သွယ်ရေးတာဝန်ခံ
ရုံးဖုန်း - ၁၁၁၁၁၁၁
မိုဘိုင်း - ၂၂၂၂၂၂၂၂၂
အီးမေးလ် - mamalay@mamalay.com
https//www.facebook.com/antianimalkilllers
______________________
အပေါ်က သတင်းထုတ်ပြန်ချက်နမူနာကိုကြည့်ပြီး အနှစ်ချုပ်ပြန် ဆွေးနွေးပါမယ်။
၁။ ထုတ်ပြန်ချက်ထိပ်ဆုံးမှာ အဖွဲ့အစည်းရဲ့ အမှတ်တံဆိပ် (Logo) ပါပါစေ။
၂။ ပြီးရင် သတင်းထုတ်ပြန်တဲ့ ရက်စွဲကို ထည့်ပါ။
၃။ သတင်းခေါင်းစဉ်ကို ထည့်ပါ။
“ရန်ကုန်ကပိုင်ရှင်မဲ့ခွေးများကို သုတ်သင်ရေးအား လူသိန်းချီကန့်ကွက်” ဆိုတာမျိုး ဖြစ်ပါတယ်။ ပြည်သူတွေ အာရုံစူးစိုက်အောင်ရေးပါ။
၄။ ပထမစာပိုဒ်မှာ သတင်းရဲ့ အနှစ်ချုပ် (အရေးအကြီးဆုံးအရာ)ကို ရေးပါ။
၅။ ပြီးရင် အသေးစိတ်အချို့ကို ရှင်းပြပါ။ စည်ပင်ကို တင်ပြတဲ့အထဲမှာ အခြားဘာအချက်တွေပါသလဲ။
၆။ အဖွဲ့အစည်းကို ကိုယ်စားပြုသူရဲ့ မှတ်ချက်ကလေး တစ်ခုလောက် ထည့်ပါ။
အဖွဲ့ ဥက္ကဌ ဒေါ်လှလှက
“ခွေးတွေဟာ လူသားတွေရဲ့ အကောင်းဆုံးမိတ်ဆွေတွေပါ၊ ခွေးတွေအလွန်အကျွံ များပြားလာမှုကို ထိန်းသိမ်းရမယ်ဆိုတာမှန်ပေမယ်ရက်စက်တဲ့ နည်းလမ်းတွေကို ကျွန်မတို့လက်ခံမှာ မဟုတ်ပါဘူး” ဟု ပြောဆိုသည်။
၇။ နောက်ခံသမိုင်း နည်းနည်းထည့်ပါ။
‘အင်တာနက်ပေါ်က လူမှုမီဒီယာများအပေါ်မှာ ခွေးချစ်သူများနှင့် ရှင်းလင်းလိုသူများ အကြားမှာ လပေါင်းများစွာကြာအောင် အငြင်းပွားမှုဖြစ်ပွားအပြီး မြို့တော် စည်ပင် သာယာရေးကော်မတီက ယခုလို ဆုံးဖြတ်ခဲ့ခြင်း ဖြစ်သည်။’
၈။ ကိုယ့်အဖွဲ့အစည်းရဲ့ နောက်ခံသမိုင်းကိုအကျဉ်းရှင်းပြတဲ့စာပိုဒ်ကို အောက်ဆုံးမှာ ထည့်ပါ။
တိရိစ္ဆာန်များအားညှင်းပန်းနှိပ်စက်ခြင်းမှကာကွယ် စောင့်ရှောက်ခြင်းအဖွဲ့ကို ၂၀၁၅ခုနှစ်တွင် စတင်တည်ထောင်ခဲ့ပြီး မြန်မာနိုင်ငံ အတွင်းရှိ တိရိစ္ဆာန်များ၏ အခွင့်အရေးကို ကာကွယ်ပေးမှုများအား ဆောင်ရွက် လာခဲ့ပါသည်။ ယခုအခါ ရန်ကုန်၊ မန္တလေးနှင့် တောင်ကြီးမြို့များမှာ ရုံးခွဲများ ဖွင့်လှစ်ထားပြီး ဖြစ်ပါသည်။
၉။ မီဒီယာတွေအနေနဲ့ ထပ်သိချင်ရင် ဆက်သွယ်ဆောင်ရွက်ရမယ့် တာဝန်ခံနဲ့ ဆက်သွယ်ဖို့ လမ်းကြောင်းကို တစ်ခါတည်း အရံသင့် ထည့်ပေးထားပါ။
၁၀။ တတ်နိုင်သလောက် သတင်းထုတ်ပြန်ချက်ကို ၂ မျက်နှာထက် ပိုမရေးတာ ကောင်းပါတယ်။
( ဆက်လက် ဖော်ပြသွားပါမယ်။)
The Tanintharyi Times
