“မြန်မာ့အကျပ်အတည်းဖြေရှင်း‌ရေးအာဆီယံရဲ့လုပ်ဆောင်ချက်တွေ တိုးတက်မှုမရှိဘူးလို့ အင်ဒိုနီးရှား သမ္မတ ဝန်ခံ”

“မြန်မာ့အကျပ်အတည်းဖြေရှင်း‌ရေးအာဆီယံရဲ့လုပ်ဆောင်ချက်တွေ တိုးတက်မှုမရှိဘူးလို့ အင်ဒိုနီးရှား သမ္မတ ဝန်ခံ”

အင်ဒိုနီးရှားအနေနဲ့ မြန်မာ့အရေးမှာ သံတမန်ရေးရာ တိတ်တဆိတ် ချိတ်ဆက်ဆောင်ရွက်နေပေမဲ့ အကြမ်းဖက်မှုတွေကို ရပ်တန့်အောင် ထိထိရောက်ရောက် မလုပ်ဆောင်နိုင်သေးဘူးလို့‌ပြောခဲ့ပါတယ်

ပြီးခဲ့တဲ့ ကြာသပတေးနေ့ မှာ ကျင်းပခဲ့တဲ့ အာဆီယံထိပ်သီးအစည်းအဝေးမှာ အင်ဒိုနီးရှားသမ္မတ ဂျိုကို ဝီဒူဒူ (Joko Widodo) က မြန်မာ့ ပြည်တွင်းစစ်ကို အဆုံးသတ်နိုင်ရေး အာဆီယံရဲ့ ကြိုးပမ်းမှု ရလဒ်မထွက်သေးကြောင်း ကျန်အာဆီယံအဖွဲ့ဝင်နိုင်ငံတွေကို ရှင်းပြကာ လေကြောင်းတိုက်ခိုက်မှု အပါအဝင် အကြမ်းဖက်မှုတွေ အဆုံးသတ်ရေး တောင်းဆိုချက်အသစ်တစ်ခု ထပ်မံကြေညာခဲ့ပါတယ်။

မြန်မာမှာ မကြာခဏ ကြုံတွေ့လာရတဲ့ အဆိုပါ လေကြောင်း တိုက်ခိုက်မှုတွေကို လူ့အခွင့်အရေး တက်ကြွလှုပ်ရှားသူတွေကတော့ “စစ်ရာဇဝတ်မှု” သတ်မှတ်ထားပါတယ်။

အင်ဒိုနီးရှားဆိပ်ကမ်းမြို့ Labuan Bajo မှာ နှစ်ရက်ကြာ ကျင်းပခဲ့တဲ့ အာဆီယံထိပ်သီးအစည်းအဝေး နောက်ဆုံးနေ့မှာ အခုနှစ်အတွက် အာဆီယံ ဥက္ကဋ္ဌ တာဝန်ယူထားတဲ့ ဂျိုကိုဝီက တက်ရောက်လာတဲ့ အာဆီယံအဖွဲ့ဝင်နိုင်ငံတွေရဲ့ ခေါင်းဆောင်တွေကို “ကျွန်တော်အရှိကို အရှိအတိုင်းပဲ ပြောချင်ပါတယ်။ အာဆီယံဘုံသဘောတူညီချက် ငါးရပ်ကို အကောင်အထည်ဖော်ခြင်းနဲ့ ပတ်သက်ပြီး သိသာထင်ရှားတဲ့ တိုးတက်မှုမျိုး အခုအချိန်ထိ မတွေ့ရသေးဘူး” လို့ ပြောခဲ့ပါတယ်။

သူက မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းပြီး သိပ်မကြာခင် ၂၀၂၁ ခုနှစ်အတွင်းမှာပဲ စစ်ခေါင်းဆောင်တွေနဲ့ အာဆီယံ ၁၀ နိုင်ငံ သဘောတူညီခဲ့ကြတဲ့ ငြိမ်းချမ်းရေး လုပ်ငန်းစဥ်ကို ရည်ညွှန်းပြောကြားခဲ့တာ ဖြစ်ပါတယ်။

အဲ့ဒီ အစီအစဥ်မှာ အကြမ်းဖက်မှုတွေ ချက်ချင်းရပ်တန့်ရေး၊ အာဆီယံ အထူးသံတမန်ကတဆင့် သက်ဆိုင်ရာ ပုဂ္ဂိုလ်တွေအကြား စကားဝိုင်း ဆွေးနွေးပွဲတွေ ပြုလုပ်ရေး စတဲ့အချက်တွေ ပါဝင်ပါတယ်။

ဒါပေမဲ့ နောက်ပိုင်းမှာ မြန်မာ့အာဏာသိမ်းစစ်တပ်က အဆိုပါ သဘောတူညီချက်တွေကို လိုက်နာဖို့ ငြင်းဆန်လိုက်တာကြောင့် ကျန်အာဆီယံခေါင်းဆောင်တွေက မြန်မာစစ်ဗိုလ်ချုပ်တွေနဲ့ သူတို့ရဲ့ လက်အောက်ခံ ကိုယ်စားလှယ်အားလုံးကို အာဆီယံ အစည်းအဝေးပွဲတွေမှာ ဖိတ်ကြားခြင်း မပြုဖို့ ဆုံးဖြတ်ခဲ့ကြပါတယ်။

စစ်တပ်ဘက်ကလည်း အာဆီယံရဲ့ အဲဒီ့ဆုံးဖြတ်ချက်ကို မကျေနပ်ကြောင်း ပြသကာ အဖွဲ့ဝင်နိုင်ငံတွေရဲ့ ပြည်တွင်းရေးကို ဝင်ရောက်မစွက်ဖက်ကြဖို့ တုံ့ပြန်ပြောဆိုခဲ့ပါတယ်။

အာဆီယံခေါင်းဆောင်များ ထိပ်သီးစည်းဝေးပွဲ နိဂုံးချုပ် စကားပြောကြားရာမှာ ဂျိုကိုဝီနဲ့ အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီး ရတ်နိုမာဆူဒီ တို့က အာဆီယံအနေနဲ့ ငြိမ်းချမ်းရေး အစီအစဥ်ကို အကောင်အထည်ဖော်နိုင်ဖို့ ဆက်လက် တွန်းအားပေး ဆောင်ရွက်သွားမှာဖြစ်ပြီး မြန်မာ့ အာဏာသိမ်းစစ်တပ် နဲ့သာမက အခြားသော အဖွဲ့အစည်းအားလုံးနဲ့ ချိတ်ဆက် လုပ်ဆောင်သွားမယ်လို့ ပြောကြားခဲ့ပါတယ်။

“ထိတွေ့ဆက်ဆံတယ်ဆိုရုံနဲ့ အသိအမှတ်ပြုတယ်လို့ မှတ်ယူလို့မရပါဘူး” လို့ ဂျိုကိုဝီက ဆိုပါတယ်။

ဆက်လက်ပြီး နိုင်ငံခြားရေးဝန်ကြီး ရတ်နိုမာဆူဒီကလည်း အင်ဒိုနီးရှားဟာ မြန်မာ့ ပဋိပက္ခမှာ ပါဝင်ပတ်သက်နေသူတွေနဲ့ ဒီတစ်နှစ်တာ ကာလအတွင်း တွေ့ဆုံဆွေးနွေးမှု အကြိမ်ရေ ၆၀ ကျော် လုပ်ဆောင်ထားတယ်လို့ ဆိုပါတယ်။ အဲဒီ့အထဲမှာ စစ်တပ်အပါအဝင် အမျိုးသား ညီညွတ်ရေးအစိုးရ (NUG) နဲ့ လူမျိုးစု လက်နက်ကိုင်အဖွဲ့ အစည်းတွေလည်း ပါဝင်ခဲ့တယ်လို့ သိရပါတယ်။

အင်ဒိုနီးရှား အစိုးရက အခုလို တွေ့ဆုံမှုတွေကို ရည်ရွယ်ချက်ရှိရှိ တိတ်တဆိတ်လုပ်ကိုင်ခဲ့တာလို့ သူမက ပြောပါတယ်။ အသံကျယ်ပြီး ရလဒ်မထွက်တဲ့ သံခင်းတမန်ခင်းနည်းတွေအစား ငြိမ်ငြိမ်သက်သက် ယုံကြည်မှုတည်ဆောက်တဲ့ နည်းကို သုံးခဲ့တာလို့ သိရပါတယ်။

သူမက “သံတမန်ရေးအရ တိတ်ဆိတ်သွားလို့ ကျွန်မတို့ ဘာမှ မလုပ်ခဲ့ဘူးလို့ မထင်စေချင်ဘူး။ တကယ်တော့ ပြီးခဲ့တဲ့ လေးလလုံးလုံး အင်ဒီုနီးရှားက မြန်မာ့အရေးအပေါ် အများကြီး လုပ်ပေးထားပါတယ်။ ထပ်ပြီးတော့လည်း ကြိုးစားလုပ်ဆောင်နေဦးမှာပါ။ အာဆီယံမူ ငါးချက်က အရေးပေါ် လိုအပ်ချက်ဖြစ်နေတာကြောင့် ဒါကို မရမက ဖော်ဆောင်သွားချင်ပါတယ်” လို့ ဆိုပါတယ်။

၁၉၆၇ ခုနှစ်မှာ စတင်ဖွဲ့စည်းခဲ့တဲ့ အာဆီယံအသင်းကြီးမှာ အာဏာရှင် အုပ်စိုးတဲ့ နိုင်ငံတွေ၊ ဘုရင်စနစ်နဲ့ အုပ်ချုပ်တဲ့ နိုင်ငံတွေ ပါဝင်ကြသလို ဒီမိုကရေစီစနစ် ကျင့်သုံးတဲ့ နိုင်ငံတွေလည်း ပါဝင်နေပါတယ်။

လက်ရှိအချိန်မှာတော့ မြန်မာ့ အကျပ်အတည်းကို အာဆီယံက ဝင်ရောက် ဖြေရှင်းပေးဖို့ နိုင်ငံတကာက ဖိအားတွေ ပေးနေပါတယ်။ ဒါပေမဲ့ အာဆီယံအဖွဲ့ဝင်တွေ ကြားမှာတောင် သဘောထားကွဲလွဲနေပုံရပြီး တချို့က မြန်မာ့အာဏာသိမ်းစစ်အုပ်စုကို မဖယ်ကြဥ်ရေးနဲ့ အာဆီယံ ထိပ်သီးအစည်းအဝေးပွဲတွေ ပြန်တက်ခွင့်ပေးရေး အဆိုပြုနေကြပါတယ်။

မလေးရှား ဝန်ကြီးချုပ် အန်ဝါ အီဘရာဟင်ကလည်း မြန်မာနဲ့ပတ်သက်ပြီး စိတ်ပျက်လက်ပျက် ဖြစ်နေကြောင်းကို လူသိရှင်ကြား ထုတ်ဖော် ပြောကြားခဲ့ပါတယ်။ မြန်မာနိုင်ငံရဲ့ ဖရိုဖရဲ အခြေအနေတွေကြောင့် မလေးရှားနိုင်ငံကို ထွက်ပြေးတိမ်းရှောင်လာသူ နှစ်သိန်း ဝန်းကျင်ရှိတယ်လို့ ဆိုပါတယ်။

အန်ဝါရဲ့ တွစ်တာအကောင့်မှ တင်ထားတဲ့ ဗီဒီယိုမှတ်တမ်းထဲမှာ အန်ဝါက အာဆီယံခေါင်းဆောင်တွေကို “အာဆီယံဟာ အငြင်းပွားလောက်တဲ့ ပြဿနာအများစုကို မဖြေရှင်းနိုင်ခဲ့ဘူး။ ကျွန်တော်တို့ဟာ ကြားဝင်မစွက်ဖက်ရေး မူဝါဒတွေထဲမှာ ပိတ်မိနေတယ်။ ရှေ့ဆက်သွားနိုင်မယ့် လမ်းကြောင်းအသစ်တွေ ပြောင်းလဲချမှတ်ဖို့ လိုပြီ” လို့ ပြောခဲ့ပါတယ်။

ဒါ့အပြင် မြန်မာပြည်တွင်းက စစ်ဘေးရှောင်တွေအတွက် စီစဥ်ပေးထားတဲ့ အကူအညီပေးရေး ယာဥ်တန်း တိုက်ခိုက်ခံရခြင်းနဲ့ ပတ်သက်ပြီး စစ်တပ်ကို ရှုတ်ချခဲ့ကြသလို ငြိမ်းချမ်းရေး အစီအစဥ်ကို လိုက်နာပေးဖို့နဲ့ အကြမ်းဖက်မှုတွေ ချက်ချင်းရပ်တန့်ပေးဖို့ ဗုဒ္ဓဟူးနေ့က အာဆီယံ ခေါင်းဆောင်တွေ တောင်းဆိုခဲ့ကြပါတယ်။

မြန်မာနိုင်ငံ အရှေ့ပိုင်း ရှမ်းပြည်နယ်မှာ အင်ဒိုနီးရှားနဲ့ စင်္ကာပူ သံတမန်တွေ လိုက်ပါစီးနင်းလာတဲ့ ပြည်တွင်းက အိုးအိမ်စွန့်ခွာထွက်ပြေးနေရတဲ့ စစ်ဘေးရှောင်တွေကို အကူအညီပေးနေတဲ့ ယာဥ်တန်းကို သေနတ်သမားတွေက ပြီးခဲ့တဲ့ သီတင်းပတ်က ပစ်ခတ်ခဲ့ပါတယ်။ ယာဉ်တန်းနှင့်အတူ ပါလာတဲ့ လုံခြုံရေးအဖွဲ့တစ်ဖွဲ့က တုံ့ပြန် ပစ်ခတ်ခဲ့ပြီး ယာဉ်တစ်စီး ပျက်စီးခဲ့ပေမဲ့ ထိခိုက်ဒဏ်ရာရရှိသူ မရှိခဲ့ကြောင်း စစ်တပ်ပိုင် ရုပ်မြင်သံကြား MRTV က ဖော်ပြခဲ့ပါတယ်။

မြန်မာမှာ စစ်အာဏာသိမ်းမှု ဖြစ်ပွားတာ နှစ်နှစ်ကျော်လာပေမဲ့ အာဆီယံထိပ်သီးအစည်းဝေးပွဲကို စစ်အုပ်စုကို မဖိတ်ကြားခဲ့ပါဘူး။ ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းမှုရဲ့ နောက်ဆက်တွဲ ပြည်တွင်းစစ် ပြင်းပြင်းထန်ထန် ဖြစ်နေတဲ့ မြန်မာနိုင်ငံဟာ အာဆီယံအတွက် အကြီးမားဆုံး အကျပ်ရိုက်စရာ ကိစ္စဖြစ်လာပါတယ်။

ထိပ်သီးအစည်းအဝေးမတိုင်မီ အာဆီယံ အဖွဲ့ဝင်နိုင်ငံတွေရဲ့ နိုင်ငံခြားရေးဝန်ကြီးတွေ တွေ့ဆုံကာ ဆွေးနွေးတိုင်ပင်စဥ်အတွင်း နိုင်ငံတချို့က မြန်မာစစ်တပ်ကို အဆက်အဆံမလုပ်ဘဲ တသီးတခြား ထားရှိခြင်းက သူ့ရည်ရွယ်ချက်တွေကို ပိုပြီးမြောက်စေဖို့ တွန်းအားပေးနေသလို ဖြစ်နေတာကြောင့် နိုင်ငံတော် အုပ်ချုပ်ရေးကောင်စီ (SAC) နဲ့ ပြည်လည်ပူးပေါင်းကာ အာဆီယံ နိုင်ငံခြားရေး ဝန်ကြီးများ တွေ့ဆုံပွဲတွေကို ပြည်လည်ဖိတ်ခေါ်သွားဖို့ အကြံပြုခဲ့တာ ရှိတယ်လို့ အာဆီယံအစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

နိုင်ငံတကာရဲ့ ဒေါသအမျက်ထွက်မှုခံနေရတဲ့ မြန်မာစစ်တပ်ကို ပိုမိုသက်ညှာမှုပေးဖို့ တိုက်တွန်းနေတဲ့ အဆိုပါ နိုင်ငံတွေရဲ့ နာမည်တွေကိုတော့ အစီရင်ခံစာထဲမှာ ထည့်သွင်းရေးသားထားခြင်း မရှိပါဘူး။

အစီရင်ခံစာထဲမှာ မြန်မာ့ အကျပ်အတည်းကို ရေတိုအနေနဲ့ မရှုမြင်သင့်ကြောင်း အလေးပေးဖော်ပြချက်တစ်ခုကို ကိုးကားကာ မြန်မာ့အရေးကြောင့် အာဆီယံရဲ့ ဒေသတွင်း အသိုက်အမြုံ ဖွံ့ဖြိုးတိုးတက်ရေးကို မထိခိုက်စေသင့်ကြောင်း ဝန်ကြီးတွေက ဆွေးနွေးခဲ့ကြတယ်လို့ ဖော်ပြထားပါတယ်။

“အာဆီယံအသိုက်အဝန်း တည်ဆောက်မှုလိုမျိုး ပိုမို ကြီးမားတဲ့ ပန်းတိုင်တွေဆီ အရောက်လှမ်းနိုင်ရေး အာဆီယံရဲ့ သက်လုံကို ထိခိုက်စေမှာကတော့ မြန်မာ့အရေး ဆိုတဲ့ ပျော့ကွက်ပဲ ဖြစ်ပါတယ်။ မြန်မာ့အရေးက အမြန်ဖြေရှင်းလို့ ရတဲ့ ပြဿနာမဟုတ်တာကြောင့် စိတ်ရှည်မှု၊ ပျော့ပြောင်းမှုနဲ့ တီထွင်ဖန်တီးနိုင်မှု စတာတွေ လိုအပ်ပါတယ်” လို့ အစီရင်ခံစာက ဖော်ပြထားပါတယ်။

ဒါ့အပြင် အစီရင်ခံစာမှာ အသေးစိတ်ဖော်ပြခြင်း မရှိပေမဲ့ မြန်မာနိုင်ငံမှာ တရားမဝင် မူးယစ်ဆေးဝါးထုတ်လုပ်မှုနဲ့ လူကုန်ကူးမှု အပါအဝင် နိုင်ငံဖြတ်ကျော် ရာဇ၀တ်မှုတွေ များပြားလာခြင်းအပေါ် စိုးရိမ်ပူပန်ကြောင်း ထည့်သွင်းထားပါတယ်။

ဆက်လက်ပြီး ပဋိပက္ခတွေ ပိုမို တိုးပွားစေတဲ့ လက်နက်နဲ့ ငွေကြေးထောက်ပံ့မှုတွေ မြန်မာနိုင်ငံထဲကို အဆက်မပြတ် ဝင်ရောက်နေတာကို ရပ်တန့်ဖို့ သက်ဆိုင်ရာ အင်အားစုအားလုံးကို တိုက်တွန်းထားတယ်လို့လည်း ဖော်ပြထားပါတယ်။

မြန်မာမှာ စစ်အာဏာသိမ်းပြီးချိန်ကစကာ လုံခြုံရေးတပ်ဖွဲ့ဝင်တွေရဲ့ သတ်ဖြတ်မှုကြောင့် အရပ်သား ၃၄၅၀ ကျော် သေဆုံးခဲ့ပြီး ပြည်သူ ထောင်နှင့်ချီ အကျဉ်းချခံနေရဆဲဖြစ်ကြောင်း နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) က ထုတ်ပြန်ထားပါတယ်။

ပြီးခဲ့တဲ့ ဧပြီလအတွင်း စစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် ရပ်ရွာအခမ်းအနားတစ်ခုကို တက်ရောက်လာကြတဲ့ ကလေးငယ်တွေအပါအဝင် ဒေသခံ ၁၆၀ ကျော် သေဆုံးခဲ့တယ်လို့ လူ့အခွင့်အရေး စောင့်ကြည့်လေ့လာရေးအဖွဲ့ (HRW) က ထုတ်ပြန်ခဲ့ပါတယ်။ HRW က အဲဒီ့ တိုက်ခိုက်မှုကို “ထင်ရှားတဲ့ စစ်ရာဇ၀တ်မှု” အဖြစ် သတ်မှတ်ခဲ့ပါတယ်။

မြန်မာ့အရေးအပြင် တောင်တရုတ်ပင်လယ်အတွင်း တရုတ်၊ အာဆီယံအဖွဲ့ဝင်နိုင်ငံတွေ ဖြစ်ကြတဲ့ ဘရူနိုင်း၊ မလေးရှား၊ ဖိလစ်ပိုင်၊ ဗီယက်နမ်၊ ထိုင်ဝမ်တို့ ပါဝင်တဲ့ တောင်တရုတ်ပင်လယ်အရေး ကာလရှည်ကြာ နယ်မြေအငြင်းပွားမှုတွေကိုလည်း အာဆီယံ ထိပ်သီးဆွေးနွေးပွဲမှာ ဆွေးနွေးခဲ့ကြပါတယ်။

ထိပ်သီးအစည်းအဝေးအပြီး အာဆီယံခေါင်းဆောင်တွေ ကိုယ်စား ဂျိုကိုဝီက နိဂုံးချုပ်စကား ပြောကြားရာမှာ တောင်တရုတ်ပင်လယ်အရေးနဲ့ ပတ်သက်ပြီး ကောက်ချက်ချမှု အမှားတွေနဲ့ ထိပ်တိုက် ရင်ဆိုင်မှုတွေကို ရှောင်ရှားနိုင်ဖို့အတွက် သက်ဆိုင်ရာ နိုင်ငံတွေအနေနဲ့ ထိန်းထိန်းသိမ်းသိမ်း ကိုင်တွယ်ဖြေရှင်းကြဖို့ အကြံပြုခဲ့ပါတယ်။

စာရေးသူများ- Edna Tarigan, Jim Gomez

(The Diplomat မှာ ဖော်ပြခဲ့တဲ့ “Indonesia’s President Admits ASEAN Has Made No Progress on Myanmar Crisis” ဆောင်းပါးကို Connect Burma က ဘာသာပြန်ထားခြင်း ဖြစ်ပါတယ်)

The Tanintharyi Times