လက်နက်ခဲယမ်းနဲ့ ထောက်ခံမှုရဖို့ မော်စကိုသွားတဲ့ မြန်မာစစ်ခေါင်းဆောင်

လက်နက်ခဲယမ်းနဲ့ ထောက်ခံမှုရဖို့ မော်စကိုသွားတဲ့ မြန်မာစစ်ခေါင်းဆောင်

ကမ္ဘာ့နိုင်ငံတွေက သူတို့နဲ့ ခပ်ခွာခွာနေချိန် မြန်မာဗိုလ်ချုပ်တွေဟာ ရုရှားနဲ့ ဆက်ဆံရေးကို တိုးမြှင့်လာပါတယ်။

ရုရှား၊ မြန်မာ အာဏာရှင် အစိုးရနှစ်ရပ်ဟာ ကမ္ဘာ့ဇာတ်ခုံပေါ်မှာ ပိုပြီး အထီးကျန်ဖြစ်လာနေချိန် မြန်မာ ထိပ်တန်းစစ်ဗိုလ်ချုပ်တွေဟာ မော်စကိုမှာ ရုရှားကာကွယ်ဝန်ကြီးဌာန အကြီးတန်းအရာရှိတွေနဲ့ တွေ့ဆုံပြီး နှစ်နိုင်ငံ စစ်ဘက်ဆက်ဆံရေးတိုးမြှင့်ဖို့နဲ့ နျူကလီးယားစွမ်းအင်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ကြဖို့ ကတိပြုခဲ့ပါတယ်။

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ ရုရှားကာကွယ်ရေးဝန်ကြီး Sergei Shoigu တို့ တွေ့ဆုံမှုအပြီးမှာ “လက်ရှိ ချစ်ကြည်ရင်းနှီးတဲ့ ဆက်ဆံရေးနဲ့ စစ်ရေး-နည်းပညာ ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရေးတို့အတွက် ပွင့်လင်းမြင်သာစွာ အမြင်ချင်း ဖလှယ်ခဲ့ကြပါတယ်” လို့ မြန်မာ နိုင်ငံပိုင်မီဒီယာက ဖော်ပြခဲ့ပါတယ်။

(မှတ်ချက် - မြန်မာစစ်ခေါင်းဆောင်ဟာ ရုရှား ဒုတိယကာကွယ်ရေးဝန်ကြီး အလက်ဇန်းဒါး ဖိုမင် နဲ့သာ တွေ့ခဲ့ရပြီး ကာကွယ်ရေးဝန်ကြီး Sergei Shoigu နဲ့ တွေ့ဆုံခဲ့ခြင်း မရှိပါ။)

ရုရှားဟာ ၂၀၂၀ ရွေးကောက်ပွဲမှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီက အနိုင်ရခဲ့သော်လည်း ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီမှာ အာဏာသိမ်းခဲ့တဲ့ မြန်မာစစ်တပ်ရဲ့ အရေးပါဆုံး ကျောထောက်နောက်ခံတွေထဲက တစ်ဦးအဖြစ် ပေါ်ထွက်လာခဲ့ပါတယ်။

စစ်အစိုးရသစ်ဟာ နိုင်ငံတကာ တရားဝင်မှု မဆိုစလောက်သာ ရရှိပြီး စစ်တပ်အုပ်စိုးမှုကို ဆန့်ကျင်တဲ့ လူထုဆန္ဒပြပွဲတွေနဲ့ အဲဒီနောက် ပေါ်ထွက်လာတဲ့ လက်နက်ကိုင်တော်လှန်ရေးကြောင့် တိုင်းပြည်ကို ထိန်းချုပ်ဖို့ ရုန်းကန်နေရပါတယ်။

ရုရှားသည်ပင် စစ်တပ်ကို မြန်မာအစိုးရအဖြစ် တရားဝင် အသိအမှတ်ပြုတာ မရှိဘဲ ဖြုတ်ချခံ NLD အစိုးရက ခန့်အပ်ခဲ့တဲ့ သံအမတ်ကို ကုလသမဂ္ဂမှာ မြန်မာသံအမတ်အဖြစ် ရာထူးဆက်ယူထားဖို့ သဘောတူခဲ့ပါတယ်။

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဟာ အာဏာသိမ်းပြီးတဲ့နောက် ရုရှားကို တစ်ကြိမ်ထက်မက သွားခဲ့ပေမဲ့ သူလိုလားတောင့်တလွန်းတဲ့ ရုရှားသမ္မတ ဗလာဒီမာပူတင်နဲ့ တွေ့ဆုံခွင့်ကိုတော့ မရခဲ့ပါဘူး။

ဒါပေမဲ့လည်း စစ်တပ်နဲ့ သူ့ခေါင်းဆောင်တွေ၊ သူတို့ အကျိုးစီးပွားတွေအပေါ် အနောက်နိုင်ငံအများအပြားက ပိတ်ဆို့ အရေးယူထားပေမဲ့ ရုရှားနဲ့ တရုတ်တို့ကတော့ ပြည်သူ့ဘက် သေနတ်ပြောင်းလှည့်ပြီး ၁၈ လအတွင်း လူနှစ်ထောင်ကျော် သတ်ဖြတ်ခဲ့တဲ့ စစ်အစိုးရကို ဆက်လက် လက်နက်တပ်ဆင်ပေးနေဆဲပါ။

“အပြစ်ပေးအရေးယူခံရခြင်းကနေ ကင်းလွတ်ပြီး နေ့စဉ်နဲ့အမျှ ကျူးလွန်နေတဲ့ မြန်မာစစ်တပ်ရဲ့ စစ်ရာဇဝတ်မှုတွေနဲ့ လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုတွေကို ပူတင်အစိုးရက ကူညီပံ့ပိုးနေတယ်” လို့ လူ့အခွင့်အရေး အဖွဲ့ Progress Voice ရဲ့ ဥက္ကဋ္ဌ ဒေါ်ခင်ဥမ္မာက ဆိုပါတယ်။

ပံ့ပိုးကူညီမှုတွေထဲက အရေးပါဆုံးတစ်ခုကတော့ စစ်အစိုးရလေတပ်ကို ကူညီပေးမှုဖြစ်ပြီး လေတပ်ဦးစီးချုပ်ဟာ ရရှားခရီးစဉ်မှာ လိုက်ပါခဲ့ပါတယ်။

အသစ်ဖွဲ့စည်းထားတဲ့ စစ်အာဏာသိမ်းမှုဆန့်ကျင်ရေး လက်နက်ကိုင်တော်လှန်ရေး အဖွဲ့ဖြစ်တဲ့ ပြည်သူ့ကာကွယ်ရေးတပ် (PDF) တွေနဲ့ နိုင်ငံရေးအရ ကိုယ်ပိုင်အုပ်ချုပ်ခွင့်အတွက် ဆယ်စုနှစ်များစွာ တိုက်ပွဲဝင်ခဲ့ပြီး စုဖွဲ့မှုပိုကောင်းတဲ့ တိုင်းရင်းသားလက်နက်ကိုင်တွေရဲ့ ပြင်းထန်တဲ့ ခုခံတော်လှန်မှုတွေကို မြန်မာစစ်တပ်ဟာ ရင်ဆိုင်နေရပါတယ်။

အဲဒီ တော်လှန်ရေး မဟာမိတ်တွေဟာ အာဏာသိမ်းပြီးနောက်ပိုင်း စစ်မြေပြင် အောင်ပွဲတွေနဲ့ အကဲခတ်တွေကို အံ့အားသင့်စေခဲ့ပေမဲ့ သူတို့မှာ စစ်လေယာဉ်တွေ မရှိကြပါဘူး။ ဒါကြောင့် စစ်တပ်ရဲ့ လေကြောင်းစိုးမိုးမှုဟာ အားသာချက်ကြီး တစ်ခု ဖြစ်နေပါတယ်။

“စစ်တပ်ရဲ့ လက်ရှိစစ်ဆင်ရေးတွေဟာဆိုရင် တိုက်ခိုက်ရေး၊ ခဲယမ်းရိက္ခာ သယ်ယူပို့ဆောင်ရေး၊ ကယ်ဆယ်ရေးနဲ့ တပ်ဖွဲ့ဝင်တွေ သယ်ယူပို့ဆောင်ရေးတွေမှာ ရုရှားနဲ့ ဆိုဗီယက်ခေတ် လေယာဉ်တွေအပေါ် အဓိက မှီခိုနေတယ်” လို့ ဘန်ကောက်အခြေစိုက် လုံခြုံရေးလေ့လာသုံးသပ်သူ အန်တိုနီ ဒေးဗစ် က ပြောပါတယ်။

“အပိုပစ္စည်းတွေ၊ ပြည်တွင်းထုတ်မဟုတ်တဲ့ လေယာဉ်တင် လက်နက်ခဲယမ်းတွေနဲ့ လေ့ကျင့်ရေးအကူအညီတွေ အတွက် ယုံကြည်စိတ်ချရတဲ့ ထောက်ပံ့မှုသာ မရှိရင် လေတပ်ဟာ မကြာခင်မှာ အကြီးအကျယ် ဒုက္ခရောက်နိုင်တယ်” လို့ သူက ရှင်းပြပါတယ်။

“ဘေးလွတ်ရာပြေးရတဲ့ အရပ်သားတွေ”

အာဏာသိမ်းပြီးနောက်ပိုင်း တိုက်ပွဲတွေကြောင့် လူပေါင်း ၇ သိန်းခန့် အိုးအိမ်စွန့်ခွာ ထွက်ပြေးနေရကြောင်း ကုလသမဂ္ဂက ပြောထားပြီး ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကလည်း အတိုက်အခံတွေကို အမြစ်ပြတ် ချေမှုန်းမယ်လို့ ကြွေးကြော်ထားပါတယ်။

ရုရှားထုတ် Su-30 အမျိုးအစား တိုက်လေယာဉ် ခြောက်စီးရစရာရှိတဲ့အနက်က နှစ်စီးဟာ မတ်လအတွင်းမှာ မြန်မာနိုင်ငံကို လျှို့ဝှက်စွာနဲ့ ရောက်လာခဲ့တယ်လို့ ယခုလအစောပိုင်းက ဖော်ပြတဲ့ ပြည်တွင်းမီဒီယာ ဧရာဝတီရဲ့ သတင်းတစ်ရပ်အရ သိရပါတယ်။

PDF အမာခံနယ်မြေဖြစ်တဲ့ စစ်ကိုင်းတိုင်းဒေသကြီး၊ ဒီပဲယင်းမြို့နယ်မှာ စစ်ရဟတ်ယာဉ်တွေက ပစ်ခတ်လို့ ရွာပေါင်း ၁၅ ရွာက အရပ်သား လေးထောင်ကျော် ထွက်ပြေးနေရကြောင်း ကြာသပတေးနေ့မှာ RFA သတင်းတစ်ရပ်က ဆိုပါတယ်။

ထင်ရှားတဲ့ တိုင်းရင်းသားလက်နက်ကိုင်အချို့ လှုပ်ရှားရာ နယ်မြေဖြစ်တဲ့ ကယားနဲ့ ကရင်ပြည်နယ်တွေမှာ ယခုနှစ် ဇန်နဝါရီကနေ မတ်လအတွင်း ကျေးရွာတွေနဲ့ ပြည်တွင်းနေရပ်စွန့်ခွာသူတွေ ယာယီခိုလှုံရာ စခန်းတစ်ခုကို ပစ်မှတ်ထားတဲ့ လေကြောင်းတိုက်ခိုက်မှု ရှစ်ကြိမ်ရှိခဲ့တယ်လို့ Amnesty International က လတ်တလောထုတ်ပြန်တဲ့ အစီရင်ခံစာမှာ ဆိုထားပါတယ်။

“မှတ်တမ်းတင်ထားတဲ့ တိုက်ခိုက်မှုအားလုံးနီးပါးမှာ တိုက်ခိုက်ခံရတဲ့ နေရာတွေမှာ အရပ်သားတွေပဲ ရှိနေပုံရတယ်” လို့ အဲဒီအစီရင်ခံစာက ဆိုပါတယ်။

စစ်တပ်ဟာ ရုရှားထုတ် MiG-29 နဲ့ Yak-130၊ တရုတ်ထုတ် F-7 နှင့် K-8 လေယာဉ်တွေကို အသုံးပြုခဲ့တယ်လို့ Amnesty က ပြောပါတယ်။

“ပစ်စလက်ခတ် လေကြောင်းတိုက်ခိုက်မှုတွေဟာ တစ်နိုင်ငံလုံးမှာ အကြမ်းဖက်လုပ်ရပ်တွေ ကျူးလွန်နေတဲ့ တရားမဝင် စစ်အစိုးရရဲ့ နည်းဗျူဟာတစ်ခုဖြစ်တယ်။ စစ်အစိုးရဟာ မြန်မာပြည်သူတွေကို တိုက်ခိုက်ဖို့နဲ့ ရွာလုံးကျွတ်၊ မြို့လုံးကျွတ် ဖျက်ဆီးဖို့ ရုရှားတိုက်လေယာဉ်တွေနဲ့ စစ်ရဟတ်ယာဉ်တွေကို အသုံးပြုနေတယ်။” လို့ ဒေါ်ခင်ဥမ္မာကဆိုပြီး အဲဒီအကြမ်းဖက်မှုတွေအပေါ် ရုရှားက အမြတ်ထုတ်နေတယ်လို့ စွပ်စွဲပြောကြားပါတယ်။

တရုတ်နိုင်ငံအပေါ် အလွန်အမင်း မှီခိုအားထားရမှုကို ရှောင်ရှားဖို့ မြန်မာစစ်တပ်က ကြိုးပမ်းအားထုတ်တဲ့ နေရာမှာ ရုရှားဟာ အဓိက အကျိုးခံစားခွင့်ရသူ ဖြစ်နေပြီး အထူးသဖြင့် လေယာဉ်၊ ရဟတ်ယာဉ်တွေ အပါအဝင် စစ်ဘက်သုံး ဝေဟင်ပစ္စည်းကိရိယာတွေ အရောင်းအဝယ်ကိစ္စမှာ ရုရှားက အကျိုးအမြတ်ရနေတာလို့ ဒေးဗစ်က ပြောပါတယ်။

စစ်တပ်ရဲ့ အဲဒီလို လမ်းကြောင်းပြောင်းလဲလာမှုဟာ လွန်ခဲ့တဲ့ ဆယ်စုနှစ်ကျော်ကာလ ကတည်းက စခဲ့တာလို့ သူက ဆိုပါတယ်။

“တရုတ်ရဲ့ ကြီးထွားလာတဲ့ မြန်မာပြည်က အကျိုးစီးပွားတွေအပေါ် နှစ်ရှည်လများ ရှိခဲ့တဲ့ သံသယတွေကြောင့် အာဏာသိမ်းပြီးကတည်းက စစ်တပ်ရဲ့ ထိပ်ပိုင်းခေါင်းဆောင်တွေဟာ ရုရှားနဲ့ ပိုမိုနီးကပ်စွာ ဆက်ဆံခြင်းအားဖြင့် ရလာမဲ့ နိုင်ငံရေး၊ စစ်ရေးနဲ့ စီးပွား အကျိုးအမြတ်တွေကို ပိုပြီး အလေးပေးလာတယ်” လို့ သူက ပြောပါတယ်။

နျူကလီးယား လက်နက်တွေကို ကြီးကြပ်ရတဲ့ ရုရှားအစိုးရပိုင် နျူကလီးယား စွမ်းအင်ကော်ပိုရေးရှင်း Rosatom နဲ့ တွေ့ဆုံစဉ်မှာ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က “နျူကလီးယား စွမ်းအင်ကို ငြိမ်းချမ်းစွာ အသုံးပြုရေး” ဆွေးနွေးခဲ့တယ်လို့ ဆိုတဲ့အတွက် ဂယက်ထခဲ့ပါသေးတယ်။

ဒါပေမဲ့လည်း မြန်မာ့စွမ်းအင်ဆိုင်ရာ ကျွမ်းကျင်သူနဲ့ အစိုးရအကြံပေးဟောင်း Guillaume de Langre က နျူကလီးယားစွမ်းအင်ဆိုင်ရာ ဆွေးနွေးမှုတွေဟာ လက်တွေ့မကျဘူးလို့ ပြောပါတယ်။

“မြန်မာနိုင်ငံမှာ နျူကလီးယားပညာရှင် တစ်ယောက်တောင် မရှိပါဘူး။ ဒါကြောင့် ရုရှားက ဓာတ်အားပေးစက်ရုံ တည်ဆောက်ပြီး လောင်စာကနေ စွန့်ပစ်ပစ္စည်းအထိ ကွင်းဆက်တစ်ခုလုံး အပြည့်အဝ တာဝန်ယူ လည်ပတ်ဖို့ ဆန္ဒမရှိရင် မြန်မာအနေနဲ့ နောက်ထပ်ဆယ်စုနှစ် တစ်စုကြာ အချိန်ယူပြီး နျူကလီးယားသိပ္ပံပညာရှင်တွေကို လေ့ကျင့် သင်ကြားပေးရပါလိမ့်မယ်” လို့ သူက ပြောပါတယ်။

အာဏာသိမ်းမှုဟာ လျှပ်စစ်စွမ်းအင်ကဏ္ဍကို ဒေဝါလီခံရမယ့် လမ်းကြောင်းပေါ် တွန်းတင်ပေးလိုက်တာပဲလို့ De Langre က ဆိုပြီး စစ်အစိုးရဟာ ဝယ်ယူသူ ဒါမှမဟုတ် အခြေခံအဆောက်အအုံ ပရောဂျက်တွေရဲ့ လုံခြုံရေးကို အာမခံပေးသူအဖြစ် ယုံကြည်ကိုးစားခံရသူ မဟုတ်ဘူးလို့ ပြောပါတယ်။

“အာဆီယံ ကာကွယ်ရေး အစည်းအဝေး”

စနေနေ့ညမှာ ပြန်ရောက်လာကြောင်း နိုင်ငံပိုင်မီဒီယာတွေက ဖော်ပြတဲ့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ရဲ့ တစ်ပတ်ကြာ ခရီးစဉ်ဟာ တပ်မတော်အနေနဲ့ ပိုပြီး အထီးကျန်လာချိန်၊ ရုရှားအနေနဲ့လည်း ယူကရိန်းနိုင်ငံကို ဖေဖော်ဝါရီ ၂၄ ရက်မှာ စတင်ကျူးကျော် တိုက်ခိုက်မှုအပေါ် နိုင်ငံတကာရဲ့ တုံ့ပြန်မှုတွေနဲ့ ရင်ဆိုင်ရချိန် ဖြစ်နေပါတယ်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီလို့ တရားဝင် ခေါ်ဝေါ်တဲ့ မြန်မာစစ်အစိုးရဟာ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ထံကို သံတမန်ခန့်အပ်လွှာပေးဖို့ ငြင်းဆန်ပြီး သံအမတ်အဆင့်ကနေ သံရုံးယာယီတာဝန်ခံအဖြစ် အဆင့်လျှော့ချဖို့ ကြိုးပမ်းခဲ့တဲ့ ဗြိတိန် ထိပ်တန်းသံတမန်ကို ဗုဒ္ဓဟူးနေ့မှာ တိုင်းပြည်ကနေ နှင်ထုတ်ခဲ့ပါတယ်။

“စစ်အစိုးရဟာ သံတမန်ရေးအရ အထီးကျန်ဆန်မှုဆီကို ပိုပြီးဦးတည်နေတယ်” လို့ မြန်မာနိုင်ငံဆိုင်ရာ ဗြိတိန် စစ်သံမှူးက သူ့ရဲ့ တွစ်တာမှာ ရေးသားခဲ့ပါတယ်။

ပြည်တွင်းရေးကို ဝင်မစွက်ရေး မူဝါဒကြောင့် လူသိများတဲ့ အာဆီယံသည်ပင် မြန်မာ့အကျပ်အတည်းကို ဖြေရှင်းဖို့ ပူးတွဲသဘောတူထားတဲ့ အချက်ငါးချက်ကို အကောင်အထည်ဖော်ဖို့ ပျက်ကွက်တဲ့အတွက် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ သူ့ရဲ့ နိုင်ငံခြားရေးဝန်ကြီးကို ထိပ်သီးအစည်းအဝေးတွေ တက်ခွင့်မပြုဘဲ ချန်ထားပါတယ်။

ဒါပေမဲ့ အချို့ကတော့ စစ်အစိုးရရဲ့ ကာကွယ်ရေးဝန်ကြီးကို အာဆီယံအစည်းအဝေးတွေမှာ ဆက်လက် တက်ရောက်ခွင့် ပေးထားခြင်းကနေ ချန်လှပ်ထားဖို့ အပါအဝင် နောက်ထပ်လုပ်ဆောင်မှုတွေကို မြင်လိုကြပါတယ်။

ယခုလကျင်းပမဲ့ အာဆီယံ အကြမ်းဖက်မှု တန်ပြန်တိုက်ဖျက်ရေး အစည်းအဝေးကို ရုရှားနဲ့ မြန်မာနိုင်ငံတို့က ပူးတွဲ အိမ်ရှင်အဖြစ် လက်ခံကျင်းပမှာဖြစ်ပြီး ဇူလိုင် ၂၀ ရက်မှာ မော်စကိုမှာ စတင်မှာဖြစ်ပါတယ်။

“အာဆီယံက ရန်လိုတဲ့ရုရှားနဲ့ အကြမ်းဖက် မြန်မာစစ်တပ်ကို အကြမ်းဖက်မှု တန်ပြန်ရေး အစည်းအဝေးမှာ ပူးတွဲ သဘာပတိ လုပ်ခွင့်ပေးတာဟာ အဓိပ္ပါယ်မရှိပါဘူး။ သူတို့ရဲ့ ဆိုးရွားတဲ့ အကြမ်းဖက် လုပ်ရပ်တွေကိုသာ ပိုမို လှုံ့ဆော်ပေးရာရောက်လိမ့်မယ်” လို့ ဒေါ်ခင်ဥမ္မာက ဆိုပြီး အဲဒီပွဲကို သပိတ်မှောက်ဖို့ ဒီမိုကရေစီ နိုင်ငံတွေကို တိုက်တွန်းခဲ့ပါတယ်။

သြစတြေးလျနဲ့ နယူးဇီလန်တို့ဟာ အစည်းအဝေးကနေ နုတ်ထွက်ခဲ့ပြီးဖြစ်သော်လည်း ဂျပန်၊ တောင်ကိုရီးယားနဲ့ အမေရိကန် သုံးနိုင်ငံကတော့ မော်စကိုအပေါ် ပိတ်ဆို့အရေးယူမှုတွေ ချမှတ်ထားပေမဲ့ လာမယ့် အစည်းအဝေးနဲ့ ပတ်သက်လို့ သူတို့ရဲ့ ဆုံးဖြတ်ချက်ကို လူသိရှင်ကြား မထုတ်ပြန်သေးပါဘူး။

မြန်မာစစ်တပ်အနေနဲ့ကတော့ အဲဒီအစည်းအဝေးကို နိုင်ငံရေးအရ အသုံးချဖို့ များပါတယ်။

ဒီဇင်ဘာလမှာ ကျင်းပခဲ့တဲ့ အွန်လိုင်းအစည်းအဝေးတစ်ခုမှာ စစ်တပ်ဟာ သူ့ရဲ့ နိုင်ငံရေးပြိုင်ဘက်တွေကို “အကြမ်းဖက်”အဖြစ် စွပ်စွဲတဲ့ ဆွေးနွေးပွဲတစ်ခု ပါဝင်ခဲ့တယ်လို့ Justice for Myanmar အဖွဲ့က လွတ်လပ်စွာသတင်းရယူခွင့်အရ တောင်းဆိုမှုကနေ ရခဲ့တဲ့ သြစတြေးလျ ကာကွယ်ရေးဌာနရဲ့ အီးမေးလ်တွေအရ သိရပါတယ်။

“အဲဒီအစည်းအဝေးကနေ နုတ်ထွက်ပြီး မြန်မာစစ်အစိုးရနဲ့ အနာဂတ်တွေ့ဆုံမှုတွေအားလုံးကို ရုပ်သိမ်းဖို့ သူတို့ရဲ့အစိုးရတွေကို တိုက်တွန်းပါတယ်” လို့ ဒေါ်ခင်ဥမ္မာက ပြောဆိုပါတယ်။။

(အယ်လ်ဂျာဇီးယား သတင်းဌာနမှာ Myanmar leader shops for support, weapons in Moscow ခေါင်းစဉ်နဲ့ ဇူလိုင် ၁၇ ရက်က ဖော်ပြတဲ့ ဆောင်းပါးကို တနင်္သာရီ ပရိသတ်အတွက် ဘာသာပြန်ဆို ဖော်ပြခြင်း ဖြစ်ပါတယ်။)

The Tanintharyi Times