ထားဝယ်ပင်မသပိတ်စစ်ကြောင်း အကြမ်းဖက်ဖြိုခွင်းခံရတဲ့နေ့ ၂ နှစ်ပြည့် လူထုအသံ

ထားဝယ်ပင်မသပိတ်စစ်ကြောင်း အကြမ်းဖက်ဖြိုခွင်းခံရတဲ့နေ့ ၂ နှစ်ပြည့် လူထုအသံ

ဓာတ်ပုံ - ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၂၈ ရက်နေ့ ထားဝယ်မြို့မြင်ကွင်းဓာတ်ပုံများ။

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၂၈ ရက်နေ့။

ထားဝယ်ဒေသက လူတော်တော်များများက နာကြည်းချက်တွေနဲ့အတူ အဲဲဒီနေ့ကို အမှတ်တရ ရှိနေကြတယ်။

အာဏာသိမ်းတာကို ဆန့်ကျင်တဲ့ လူထုသိန်းနဲ့ချီပါတဲ့ ထားဝယ်ပင်မသပိတ်စစ်ကြောင်းကို စစ်ကောင်စီတပ်သားတွေနဲ့ ရဲတပ်ဖွဲ့တွေက ကျည်အစစ်တွေ၊ မီးခိုးဗုံးတွေ၊ ရေကားတွေအသုံးပြုပြီး အကြမ်းဖက်ဖြိုခွဲခဲ့ကြတယ်။

ဒီပစ်ခတ်ဖြိုခွဲမှုဖြစ်စဥ်တွေမှာ ထားဝယ်၊ ရေဖြူနဲ့ လောင်းလုံးမြို့နယ်တို့က အမျိုးသား ၄ ဦးကျဆုံးခဲ့ပြီး ပြည်သူအများအပြားဒဏ်ရာရခဲ့ပါတယ်။ ဒီနေ့ဟာ ထားဝယ်ပြည်သူ ၄ ဦးပထမဆုံးကျဆုံးခဲ့ရတဲ့ နှစ်နှစ်မြောက်နှစ်ပတ်လည်နေ့ဖြစ်ပါတယ်။

ထားဝယ်ပင်မသပိတ်စစ်ကြောင်းဖြိုခွင်းခံခဲ့ရချိန်က ကိုယ်တိုင်တွေ့ကြုံခဲ့ရသူတွေရဲ့ အတွေ့အကြုံနဲ့ ခံစားချက်အချို့ကို တနင်္သာရီတိုင်းမ်က စုစည်းဖော်ပြလိုက်ပါတယ်။

◉ နွေဦးရာဇာ (အမည်လွှဲ)

ဒုရဲအုပ်ဟောင်း

အဲဒီနေ့က ထားဝယ်လမ်းဆုံကြီးကနေဒေါင်းငူစျေးဘက်ကိုသွားနေတဲ့ စစ်ကြောင်းထဲကျနော်ပါတယ်။ ကြွေးကြော်သံတွေနဲ့ လူတန်းရှည်ကြီးပေါ့။ အဲဒီစစ်ကြောင်းကို ရဲနဲ့စစ်သားတွေက စျေးတောင်ဘက်လမ်းကနေ စစ်ကြောင်းကို ဖြတ်ပြီးမျက်ရည်ယိုဗုံးတွေနဲ့စပစ်တယ်။ အဲဒီမှာ ကျနော်တို့ဆုတ်လိုက်ရတယ်ပေါ့။ ပြီးတာနဲ့ သူတို့ကိုပြန်ဝိုင်းမယ်လို့ ရှေ့ကိုတိုးကြတဲ့အချိန် ကျည်အစစ်တွေနဲ့ပစ်လိုက်တာပဲ။

ကိုယ့်ရှေ့မှာပဲတစ်ယောက်ကျသွားတာကိုမြင်လိုက်တယ်။ ကျသွားပြီဆိုတာနဲ့ လူစုကွဲသွားပြီး အားလုံးဆုတ်ကြတာပေါ့။ ကြားမှာပိတ်မိနေတဲ့သူတွေကလည်း ပုန်းကြတယ်။ ကျနော်လည်း လိုက်ထရပ်ကားတစ်စီးနောက်မှာပုန်းနေလိုက်တယ်။ ကျနော်ကိုမြင်သွားပြီး ကျည်အစစ်နဲ့ပစ်တယ်။ အဲဒါကိုလည်း ဆီတိုင်ကီမှာကျည်ရာပွင့်သွားမှသိရတာပဲ။ သူတို့ကိုလာဝိုင်းတော့ မပစ်ပါနဲ့လို့ ကျနော်အော်လိုက်တယ်။ အဲမှာပဲဝင်ပြေးလာပြီး ခေါင်းကိုသေနတ်ဒင်နဲ့ သုံးချက်ရိုက်တယ်။ ကျနော်ဆောင်းထားတဲ့ဆိုင်ကယ်ဦးထုပ်ဆိုကွဲထွက်သွားတယ်။ ပါးစပ်ကိုလည်းဖြတ်ကန်တယ်၊ သွေးထွက်သွားတယ်။ ရင်ဘက်တွေကိုကန််တယ်၊ ကျောကုန်းကိုနံပါတ်တုတ်နဲ့ သုံးချက်ရိုက်တယ်။ ပြီးတာနဲ့ စျေးတောင်ဘက်လမ်းထဲက အချုပ်ကားပေါ်ဆွဲတင်လိုက်တာပဲ။

ကျနော်ကားပေါ်ရောက်တော့ အထဲမှာ ကျနော့်ထက်အရင်အဖမ်းခံထားရတဲ့ အမျိုးသမီး ၈ယောက်နဲ့ အမျိုးသား ၅ ယောက်ရှိပြီ။ ကျနော်ကနောက်ဆုံးအဖမ်းခံရတဲ့သူပဲ။ သူတို့အားလုံးကိုကားပေါ်တင်ပြီး ရဲစခန်းရှေ့ခေါ်သွားတယ်။ ညနေ ၅ နာရီလောက်ကျတော့ထောင်ကိုပို့လိုက်တယ်။ ဒီနေ့ ၂ နှစ်တိတိပြည့်ပြီ။ အဲဒီနေ့ကမြင်ကွင်းကြီးကိုတော့ မျက်စိထဲကဘယ်ထွက်တော့မှာလဲ။ ပစ်ခံလိုက်ရတာ၊ ကျသွားတာ၊ ကျ​နော့်ကိုဝိုင်းရိုက်ကြတာတွေ။ ဒီကောင်တွေကို ကမ္ဘာမကြေဘူး။ တော်လှန်ရေးအောင်မှပဲ ငြိမ်းချမ်းရေးရမယ်။ ကျနော့်စိတ်ကတော့ ဒီလိုတွေဖြစ်ခဲ့တဲ့နေရာကိုတောင် ပြန်မသွားချင်လောက်အောင်ဖြစ်နေဆဲပါပဲ။

◉ ကိုပိုင်ဦးချို

(လက်နက်ကိုင်တော်လှန်ရေးမှာပါဝင်နေတဲ့ နိုင်ငံရေးအကျဥ်းသားဟောင်း)

အဲဒီနေ့ကမှတ်မှတ်ရရ မနက်စောစော မြူတွေဆိုင်းပြီးအေးနေတယ်။ လှည်းနေလှေအောင်းမြင်းဇောင်းမကျန်ဆိုပြီး လူပေါင်းသိန်းနဲ့ချီပြီးလမ်းပေါ်ထွက်လာကြတယ်။ သိပ်မကြာတဲ့အချိန်မှာပဲ စျေးတောင်ဘက်လမ်းမှာ ပထမဆုံးပစ်ခတ်ခံရတာကိုကြားလိုက်ရတယ်။ ဒါကြောင့် စုရပ်ကိုပြန်သွားမယ်ဆိုပြီး ဥတံတားကြီးလမ်းဆုံဘက်ကိုပြန်ဆုတ်လာကြတာပေါ့။ ဒီအချိန်ဆို ရဲတွေစစ်သားတွေက အလှသစ်စင်တာဘက်ကနေ ဥတံတားကြီးလမ်းဆုံဘက်ကိုသေနတ်တွေနဲ့ချိန်ထားကြပြီ။ သူတို့ကို ကျနော်တို့ရဲ့ပြည်သူတွေက ဒိုင်းကာတွေနဲ့ မျက်နှာချင်းဆိုင်ကာထားတယ်။ ဒိုင်းကာဆိုတာကလည်း သံပြားအပါးလေးတွေနဲ့ ရေတိုင်ကီပုံးကိုခွဲထားတာတွေပါ။ အဲလိုနဲ့ မိန့်ခွန်းစပြောတယ်။ ခဏပဲကြာတယ် သေနတ်သံတွေကြားရတာ။ ချက်ချင်းပဲ ဒိုင်းကာနေတဲ့သူတွေထဲက တစ်ယောက်ခွေကျသွားတယ်။ အဲဒီလူက ကိုလွင်လွင်ဦးပါပဲ။

အားလုံးမှင်သက်ပြီးထူပူသွားတယ်။ ကျသွားတဲ့ ကိုလွင်လွင်ဦးကို ဆွဲထုတ်သွားကြတယ်။ အဲဒီအချိန်ကတည်းက သတိမလည်လာတော့ပါဘူး။ အဲဒီအချိန်မှာ ကျနေတဲဲ့ဒိုင်းကာတစ်ခုကိုကောက်ပြီး ကျနော်ဝင်ကာတယ်။ ဆုတ်ကြဆုတ်ကြလို့အော်မှ အကုန်ဆုတ်လိုက်ကြတယ်။ တခြားကျည်ထိတဲ့သူတွေလည်းရှိသေးတယ်။ ဖြစ်ပျက်သွားတာတွေကအများကြီးပါပဲ။ ကျနော့်မျက်လုံးထဲမှာသူ့ကိုပဲမြင်နေတယ်။ သူကိုင်ထားတဲ့ဒိုင်းကာ​က အပေါက်တွေကိုရောပေါ့။

ဖေဖော်ဝါရီ ၂၈ ရက်နေ့ဟာ သပိတ်စစ်ကြောင်းမှာပါနေတဲ့သူတွေအားလုံးအဖို့ မေ့မရတဲ့နေ့ပါပဲ။ အရေးတော်ပုံအောင်မှရမယ်ဆိုတဲ့သူတွေအဖို့ မနေ့တနေ့ကလိုပါပဲ။ တကယ်တော့ ၂နှစ်ရှိပြီ ပြည်သူတွေပင်ပန်းနေကြပြီ။ ဒါပေမဲ့ အဲဒါတွေကိုပြန်တွေးပြီး နောက်မဆုတ်ပဲ လိုချင်တဲ့ပန်းတိုင်ကိုသွားရမှာပဲ။ ကျနော်အားလုံးအတွက် ကြေကွဲဝမ်းနည်းဖွယ်နေ့ပါပဲ။ ဒီနေ့မနက်လည်း ကျနော်ရောက်နေတဲ့နေရာမှာ ရာသီဥတုကမြူတွေဆိုင်းပြီးအေးနေတယ်။ ရာသီဥတုက ကျနော်တို့ကို သတိပေးနေသလိုပါပဲဗျာ။

◉ ကျောင်းဆရာတစ်ဦး

ကျနော်တို့ပညာရေးသပိတ်စစ်ကြောင်း ညနေစျေး(ဒေါင်းငူစျေး) နားရောက်နေတဲ့အချိန် ပစ်သံကြားရတယ်။ ဘယ်ကနေပစ်တယ်ဆိုတာတောင်မသိရဘူး။ အကုန်လုံး ရုန်းရင်းဆန်ခတ်ပဲ။ အနီးအနားမှာရှိတဲ့အိမ်တွေဝင်ပြေးကြတာ။ ကျနော်တို့ဆိုပြေးစရာတောင်မလိုဘူး။ လူအုပ်စုကြီးနဲ့ ညှပ်ပြီးအိမ်ထဲအထိပါသွားတာ။ အိမ်တွေထဲမှာလည်းအကုန်ပိတ်မိနေကြတယ်။ သိတဲ့အတိုင်း ကျနော်တို့စစ်ကြောင်းမှာက ဆရာမတွေများတယ်လေ။ ကြောက်ကြတာပေါ့။ နီးတဲ့အိမ်ဝင်ပြေးကြတာပဲ။ အိမ်ထဲရောက်တော့လည်း အိမ်ထဲမှာနေလို့မရဘူး။ လူကအများကြီး။ အိမ်ပေါက်ဝမှာလည်းအများကြီး။ အထဲမှာ ခုံတွေနဲ့တိုက်မိပြီး ခြေထောက်နာတဲ့ဆရာ၊ ဆရာမတွေရှိတယ်။ ဒါပေမယ့်ခြေထောက်နာတာကိုတောင်မှ ငုံ့ကြည့်ဖို့နေရာမရှိဘူး။ လူတွေကတိုးကြပ်နေတာကိုး။ နည်းနည်းငြိမ်ငြိမ်သွားကြတော့ ကျနော်တို့ပြန်ထွက်လာတယ်။ ဆရာမတချို့က အိမ်တွေထဲမှာကျန်ခဲ့တယ်။ ရပ်တော်မူဘုရားနားရောက်တော့အနောက်ဘက်ကနေပစ်နေသေးတယ်။ အဲဒီမှာလည်းအိမ်တစ်အိမ်ထဲဝင်ပြေးကြရသေးတယ်။ ဆရာမတွေကလည်း ကြောက်လို့ဆိုပြီးလာဆွဲထားကြတယ်။ ဆရာမတွေဆိုကြောက်လို့လက်တွေအေးစက်နေတာပဲ။ ကျနော်တို့က စစ်ကြောင်းနဲ့ပြန်လိုက်လာပြီး ဆိုင်ကယ်ထားတဲ့နေရာကိုရောက်တဲ့အချိန်စုံစမ်းလိုက်ချိန်မှာမှ တချို့ဆရာမတွေပါမလာဘူး။ မပါလာတာက ခုနကဝင်ပုန်းခဲ့တဲ့အိမ်တွေမှာပိတ်မိနေကြတာ။ ကျနော်တို့စစ်ကြောင်းတွေသွားပြီးတဲ့အချိန်အထိ အဲဒီနားမှာပစ်နေတုန်းပဲလေ။ အိမ်တွေပေါ်က ရိုက်ထားတဲ့ဗွီဒီယိုတွေရှိတယ်မလား။ အဲဒီအိမ်တွေပေါ်မှာကျန်နေခဲ့ကြတာဆရာမတွေက။ ပြီးမှ ကျနော်တို့ကားငှားပြီးပြန်သွားကြိုကြတယ်။ ကားကို သုံးခေါက်လောက်ဆွဲလိုက်ရတယ်။ အိမ်ထဲမှာကျန်ခဲ့တဲ့သူတွေ။ အဲဒါတောင်မှ တချို့ဆရာမတွေကလိုက်မရကြဘူး။ တချို့ကအိပ်ခန်းထဲမှာ။ တချို့ကမီးဖိုချောင်ထဲမှာ၊ တချို့ကလည်းဘုရားခန်းထဲမှာ အဲလိုမျိုးလျှောက်လိုက်နေနေကြတာ။ အဲဒီတုန်းက ဆရာမတွေတစ်ယောက်မှမထိခဲ့ဘူး။ ဆရာမတွေ တကယ်တော်တယ်။

◉ မသဲသဲ (အမည်လွှဲ)

CDM သူနာပြုဆရာမ

ကျွန်မတို့က သူနာပြုစစ်ကြောင်းနဲ့ပါလာတာ။ ကျည်အစစ်နဲ့အပစ်ခံရတာက အရှေ့ကစစ်ကြောင်းပေါ့။ ကျွန်မတို့က လမ်းဆုံကြီးကိုမရောက်သေးဘူး။ သေနတ်သံတွေကြားပြီးတော့ အရှေ့မှာအပစ်ခံရပြီဆိုတာသိလိုက်တယ်။ အဲလောက်ထိဖြစ်မယ်လို့မထင်ထားဘူး။ ဖြိုခွင်းခံရပြီဆိုတော့ အရင်နေ့ကလိုပဲ မျက်ရည်ယိုဗုံးပဲထင်တာပေါ့။ နောက်မှကျည်အစစ်ဆိုတာကိုသိရတာ။ အဲဒီမှာရှေ့ဆက်မတိုးပဲ ဆုတ်လိုက်ကြတယ်။ လူတွေကွဲသွားတော့ ကျွန်မတိုက အနားကဆိုင်တစ်ခုထဲဝင်နေလိုက်ကြတယ်လေ။ တစ်နာရီလောက်ကြာတော့ အိမ်ကိုပဲပြန်လာလိုက်တယ်။ အဲဒီအချိန်ထိ ဘယ်နှယောက်ပစ်ခံရတယ်ဆိုတာမသိသေးဘူး။

အိမ်ရောက်ပြီးမှ ဆေးရုံမှာလူနာတွေရောက်နေတယ်ဆိုပြီး ​ထားဝယ်ဆေးရုံကိုသူငယ်ချင်းတွေစုပြီး ပြန်တက်ကြတယ်။ ဆေးရုံတစ်ခုလုံးနီးပါး CDMလုပ်ထားကြတော့ ဘာမှမရှိဘူး။ လူနာတွေကိုလည်း ပုဂ္ဂလိကဆေးရုံတွေပဲအဓိကပို့ကြတယ်။ ဒဏ်ရာရတဲ့သူတွေကတော့ ထားဝယ်ဆေးရုံကြီးပေါ်မှာရှိနေတယ်။ ကျွန်မတို့ဆေးရုံပေါ်ရောက်တော့ သားဖွားမီးယပ်အဆောင်မှာ ဒဏ်ရာရတဲ့သူတွေရှိနေတယ်။ ဒဏ်ရာပြင်းတာက ၄ ယောက် ၅ ယောက်လောက်ရှိမယ်။ လက်မောင်းမှာကျည်ထိတာတွေ၊ ခြေထောက်မှာကျည်ထိတာတွေပေါ့။ သူတို့ ဒဏ်ရာတွေကိုဝိုင်းကူပြီးကုပေးကြတယ်။ လက်မောင်းဒဏ်ရာရတဲ့သူဆိုရင် အရိုးပါထိပြီး ဖွာထွက်နေတာ။ စနိုက်ပါနဲ့ပစ်ခံလိုက်ရတာလို့ကြားတယ်။ ဆေးရုံမှာ ၂ နာရီလောက်ဝိုင်းကူပြီးတော့ CDM တွေမို့အန္တရာယ်များတယ်ဆိုပြီး ဆရာတွေကပြန်ခိုင်းလို့ဆင်းလာခဲ့တယ်။ကျွန်မမြင်လိုက်ရတာက လူနာတွေအားလုံးရဲ့ စိတ်ဓာတ်တွေကလုံးဝသန်မာနေတယ်၊ တက်ကြွနေတယ်။ ဒါကိုတော့လုံးဝအမှတ်ရနေပါတယ်။

အဲဒီနေ့ဟာ တစ်မြို့လုံးရဲ့ဝမ်းနည်းဖွယ်နေ့ပါပဲ။ သေဆုံးသွားတဲ့မိသားစုဝင်တွေကတော့ ပိုပြီးခံစားရမှာပေါ့။ ဒီလိုမျိုးပစ်မယ်လို့ လုံးဝမထင်ထားခဲ့ဘူးလေ။ ပြန်တွေးလိုက်တိုင်း စိတ်မကောင်းဖြစ်ရပါတယ်။

The Tanintharyi Times