ထားဝယ်သား ကိုတင်ဖေရဲ့ တစ်ဖက်နိုင်ငံကို တရားမဝင်သွားရောက်ခဲ့တဲ့ အခြေအနေ

ထားဝယ်သား ကိုတင်ဖေရဲ့ တစ်ဖက်နိုင်ငံကို တရားမဝင်သွားရောက်ခဲ့တဲ့ အခြေအနေ

“တောထဲမှာနေခဲ့ရတာတော့ သေလုမြောပါးပဲ။ တောထဲမှာ နှစ်ည အိပ်ရတယ်။ အစာရေစာဆိုတာဘာမှမရှိဘူး ။ ဒီလိုပဲအစာအငတ်ခံပြီးနေရတယ်”

စစ်တပ်က အာဏာသိမ်းပြီးနောက်မှာ အလုပ်အကိုင်ရှားပါးမှုနဲ့ ဘဝနေထိုင်မှု မလုံခြုံတာကြောင့် တစ်ဖက်နိုင်ငံထိုင်းကို တရားမဝင်သွားရောက် အလုပ် လုပ်ကိုင်သူအရေအတွက်ဟာ တစ်နေ့ထက် တစ်နေ့ပိုများလာပါတယ်။ ဒီလိုသွားရောက်တဲ့အခါမှာ လိုရာခရီးရောက်သူတွေရှိသလို တချို့က အဖမ်းခံရပြီး တချို့က လူကုန်ကူးခံရတာတွေရှိခဲ့ပါတယ်။ အသက် ၃၀ အရွယ် ကိုတင်ဖေ ကတော့ တရားမဝင်နယ်စပ်ဖြတ်ကျော်ပြီး လိုရာခရီးကို ရောက်သွားသူထဲမှာ ပါပါတယ်။

ဒီတစ်ပတ် “တောင်ပိုင်းသားတို့အသံ” ကဏ္ဍအတွက် ထားဝယ်သား ကိုတင်ဖေရဲ့ တစ်ဖက်နိုင်ငံကို တရားမဝင်သွားရောက်ခဲ့ချိန် ကြုံခဲ့ရတဲ့ အခြေအနေတွေကို မေးမြန်း တင်ဆက်လိုက်ပါတယ်။

(တောင်ပိုင်းသားတို့အသံ)

မေး - ထိုင်းကိုရောက်တာဘယ်လောက်ကြာပီလဲ။

ဖြေ - ထိုင်းကိုရောက်တာ ၂ပတ်ကျော်လောက်ရှိပါပြီ။

မေး - ဘာကြောင့်တရားမဝင်လမ်းကြောင်းကသွားဖို့ဆုံးဖြတ်ဖြစ်ခဲ့တာလဲ။

ဖြေ - ဘာကြောင့်တရားမဝင်လမ်းကသွားရလဲဆိုတော့ အမှတ် ၂ ချစ်ကြည်ရေးတံတား လမ်းဖွင့်တာစောင့်ပြီး တရားဝင်မလို့စီစဥ်ထားတာပါ။ ဒါပေမယ့် တရားဝင်လမ်းဖွင့်မှာက ကြာအုံးမှာမလို့ ခိုးလမ်းကဝင်ခဲ့တာပါ။ ဒီနိုင်ငံရေးအခြေအနေကြောင့် မိသားစုစားဝတ်နေရေးကအဆင်မပြေတော့ဘူးလေ။ အမြန်သွားပြီး မဖြစ်မနေအလုပ်လုပ်ဖို့လိုနေတာကိုး။

မေး - လမ်းခရီးမှာဘယ်လိုတွေ ကြုံခဲ့ရလဲ။

ဖြေ - ကားကမြန်မာအတွင်းပဲစီးရတယ်။ ဂိတ်တွေကိုတော့ ကားသမားကပဲအဆင်ပြေသလိုညှိပြီးဖြတ်ကြတယ်။ နယ်စပ်နားရောက်တာနဲ့ တောင်တွေကို တစ်တောင်ပြီးတစ်တောင် ခြေလျှင်တက်ရတယ်။ အရမ်းပင်ပန်းခဲ့ပါတယ်။ အမျိုးသားလည်းဖြစ်လူငယ်လည်းဖြစ်နေတာတောင်ခြေထောက်တွေမခံနိုင်ဘူး။ အမျိုးသမီးတွေ တချို့ကလေးတွေနဲ့ဆိုရင် အရမ်းပင်ပန်းကြတယ်။

မေး - တောထဲမှာနေခဲ့ရတဲ့အခြေအနေကိုလည်း ပြောပြပေးပါ။

ဖြေ - တောထဲမှာနေခဲ့ရတာတော့ သေလုမြောပါးပဲ။ တောထဲမှာ ၂ည အိပ်ရတယ်။ အစာရေစာဆိုတာဘာမှမရှိဘူး ။ ဒီလိုပဲအစာအငတ်ခံပြီးနေရတယ်။ ဒါတောင်ကျနော်တို့ကတော်ပါသေးတယ်။ ကျနော်တို့ထက်ခက်ခဲ့တဲ့သူတွေအများကြီးပဲ။

မေး - အိမ်ကနေ ကိုယ်သွားချင်တဲ့နေရာကိုရောက်ဖို့ ဘယ်လောက်ကြာခဲ့တာလဲ။

ဖြေ - ကျနော်တို့ပွဲစားကောင်းနဲ့တွေ့တာလို့ပြောလို့ရတယ်။ အိမ်ကနေ ကိုယ်သွားချင်နေရာရောက်ဖို့ ကျတော်တို့က ၅ရက်ပဲကြာခဲ့ပါတယ်။ တစ်ချို့သောသူတွေ လနဲ့ချီပြီးကြာတာတွေလည်းရှိတယ်။ ပွဲစားမတူတော့ ရောက်ချိန်တွေမတူကြပါဘူး။

မေး - နယ်စပ်မှာ ထိုင်းဘက်က အဖမ်းအဆီးတွေဆက်တိုက်လုပ်ဆောင်နေတဲ့ကြားက လွတ်မြောက်အောင်ဘယ်လိုရှောင်တိမ်းနိုင်ခဲ့လဲ။

ဖြေ - နယ်စပ်မှာအဖမ်းဆီးများတယ်ဆိုပေမဲ့ သွားနေကြတာလည်းတစ်ရက်တစ်ရက်မနည်းဘူး။ အဖမ်းမခံရတာက ကံလို့ပဲပြောရမှာပေါ့။ ပွဲစားနဲ့လည်းဆိုင်သလို သူတို့ဖမ်းတဲ့အချိန်နဲ့မတိုက်ဆိုင်သွားတာလည်းပါမယ်။ ကျနော်ကတော့ ကံကောင်းထောက်မစွာပဲ အဖမ်းမခံရခဲ့ဘူးပေါ့။

မေး - ငွေကြေးဘယ်လောက်ကုန်ကျခဲ့တာပါလဲ။

ဖြေ - ငွေကြေးက တစ်ယောက်ကို ဘတ်ငွေ 23000ကျော်ကုန်ခဲ့ပါတယ်။ ​မြန်မာငွေနဲ့ဆိုရင် ၁၃သိန်း ပေါ့။ တချို့ဒီထက်ပိုကုန်ကျတာတွေလည်းရှိတယ်။

မေး - နောက်ထပ်ထိုင်းကိုလာချင်တဲ့သူတွေကို ဘယ်လိုအကြံပေးချင်လဲ။

ဖြေ - နောက်ထပ်ထိုင်းကိုလာချင်တဲ့သူတွေကိုကျတော့ တရားဝင်လမ်းကပဲလာခိုင်းစေချင်တယ်။ တရားဝင်လာဖို့ အခက်ခဲနေတယ်ဆိုရင် ကိုယ့်ကိုပို့ပေးမယ့်ပွဲစားရဲ့အခြေအနေကိုသေသေချာချာစုံစမ်းဖို့ပြောချင်တယ်။ တစ်ချို့ပွဲစားတွေက ထိုင်းရဲတွေနဲ့ပေါင်းပြီးလုပ်စားနေကြတာတွေရှိတယ်။ တချို့ကလည်း ငွေယူပြီးရင် တာဝန်မယူတတ်တာတွေရှိတယ်။ ဒါကြောင့် တရားမဝင်လမ်းကလာဖြစ်ခဲ့မယ်ဆိုရင် သေချာမေးမြန်းစုံစမ်းပြီးမှ လာကြပါလို့ပြောချင်ပါတယ်။

The Tanintharyi Times