ယူနီဖောင်းနဲ့ ကျောင်းတက်နေတဲ့ကလေးတွေမြင်ရင် မျက်ရည်ဝဲတယ်
ယူနီဖောင်းနဲ့ ကျောင်းတက်နေတဲ့ကလေးတွေမြင်ရင် မျက်ရည်ဝဲတယ်
စစ်တပ်က အာဏာသိမ်းပြီးနောက်မှာ ပညာရေးဝန်ထမ်း ဆရာ၊ ဆရာမ တွေအပါအဝင် နိုင်ငံ့ဝန်ထမ်းအများအပြားဟာ စစ်တပ်အောက်မှာ အလုပ်ဆက်မလုပ်ဖို့ဆုံးဖြတ်ခဲ့ကြပါတယ်။
CDM လို့ခေါ်တဲ့ အာဏာဖီဆန်ရေးလှုပ်ရှားမှုမှာပါဝင်တဲ့ဝန်ထမ်းအများစုဟာ စစ်တပ်ရဲ့အုပ်ချုပ်ရေးယန္တရားရပ်တန့်စေဖို့အတွက် လုပ်ငန်းခွင်ကို မပြန်ကြတော့ပါဘူး။
သူတို့ဟာ ဘဝရပ်တည်မှုအတွက် အာဏာရှင်လက်အောက်အလုပ်ပြန်မဝင်ဘဲ ကြံ့ကြံ့ခံပြီး တခြားသက်မွေးဝမ်းကြောင်းအလုပ်တွေပြောင်းလုပ်နေကြသူတွေရှိသလို၊ နိုင်ငံ့အာဏာကို အာဏာရှင်လက်က ပြန်ရယူဖို့ လက်နက်ဆွဲကိုင် ခဲ့ကြသူတွေလည်း ရှိနေပါတယ်။
အာဏာသိမ်းစစ်တပ်ကို လက်နက်ကိုင်တော်လှန်ဖို့ ကြိုးစားနေသူတွေထဲမှာ ကျောင်းဆရာကိုသက်အောင်( နာမည်လွှဲ) တစ်ယောက်လည်း ပါဝင်ပါတယ်။
“ဆန္ဒပြတဲ့သူတွေကို သေနတ်နဲ့ပစ်သတ်တာတွေကြုံရပြီးကတည်းက ဒီကောင်တွေကိုတော့လက်နက်ကိုင်ပြီးပြန်ချမှရမယ်လို့ ဆုံးဖြတ်ခဲ့တာပါ” လို့ ကျောင်းဆရာကိုသက်အောင်က ပြောတယ်။
ကိုသက်အောင်ဟာ စစ်တပ်အာဏာမသိမ်းခင်က ထားဝယ်မြို့နဲ့ နည်းနည်းအလှမ်းဝေးတဲ့ နယ်ကျောင်းတစ်ခုမှာ တာဝန်ထမ်းဆောင်ခဲ့သူပါ။ တခြားသူတွေမသွားချင်တဲ့ ဝေးလံခေါင်ဖျားဒေသတွေမှာ ကလေးငယ်တွေကိုစာသင်ရင်း အခြေချနေထိုင်ဖို့က သူ့ရည်မှန်းချက်ပါပဲ။
အာဏာသိမ်းလိုက်တဲ့နောက်မှာတော့ မမှန်တာတွေ့ရင် လက်မခံတတ်တဲ့ ကိုသက်အောင်တစ်ယောက် သူ့စိတ်ကူး၊ ရည်မှန်းချက်တွေကို ပစ်ချလို့ စစ်တပ်ကို တော်လှန်တဲ့လမ်းကို ရွေးချယ်ခဲ့ရပါတော့တယ်။
အာဏာသိမ်းစကာလတွေမှာ ထားဝယ်မြို့ပေါ်က စစ်အာဏာရှင်ဆန့်ကျင်ရေးအကြမ်းမဖက်လူထုလှုပ်ရှားမှုတွေမှာ ပါဝင်ခဲ့တဲ့ ကိုသက်အောင်ဟာ အကြမ်းဖက်ဖြိုခွင်းပစ်ခတ်လာတဲ့နောက်မှာတော့ တိမ်းရှောင်ခဲ့ရတယ်။
လွတ်မြောက်နယ်မြေမှာ ရပ်တည်ချက်တူသူတွေနဲ့ပေါင်းမိပြီး အခြေခံစစ်သင်တန်းတစ်ခုကိုလည်းတက်ရောက်ခဲ့တယ်။ စစ်သင်တန်းတက်ပြီးစစ်တပ်ကို တိုက်ခိုက်ဖို့လိုအပ်တဲ့ လက်နက်ထုတ်လုပ်ရေးမှာလည်း အချိန်အတော်ကြာလုပ်ခဲ့ပါသေးတယ်။
ကျောင်းဆရာဘဝက တူမီးသေနတ်လိုမျိုး ဟိုနှံ့နှံ့ဒီနှံ့နှံ့ လုပ်ဖူးတဲ့ ကိုသက်အောင်ဟာ လက်နက်ထုတ်လုပ်ရေးလုပ်ငန်းခွင်မှာ အံဝင်ခွင်ကျဖြစ်သွားခဲ့ပါတယ်။
တစ်လက်ကို မြန်မာကျပ်သိန်းတစ်ရာဝန်းကျင်အထိစျေးပေါက်နေတဲ့ မောင်းပြန်သေနတ်တွေကို အလုံးအရင်းဝယ်ယူဖို့အခက်အခဲဖြစ်နေတဲ့ကာလမှာ ကိုသက်အောင်တို့ထုတ်လုပ်တဲ့ လက်လုပ်ခေါက်ချိုးသေနတ်တွေဟာ တော်လှန်ရေးအတွက် အတိုင်းအတာတစ်ခုအထိအထောက်ကူ ဖြစ်စေပါတယ်။
လက်နက်ကိုင်ပြီးတိုက်ပွဲဝင်ချင်တဲ့ ကိုသက်အောင်ဟာ လိုအပ်နေတဲ့ လက်နက်တွေ ရနိုင်ဖို့အတွက် ထုတ်လုပ်ရေးပိုင်းမှာပဲ နှစ်ပြီး လုပ်ဆောင်ခဲ့တယ်။
“ကျနော်က ဘယ်နေရာမှာပဲလုပ်ရရ အကောင်းဆုံးလုပ်နေမှာပဲ” လို့ ကိုသက်အောင်က ဆိုပါတယ်။
ကိုသက်အောင်ဟာ ရဲဘော်ရဲဘက်တွေကြားမှာလည်း ထမင်းဟင်းချက်ပြုတ်ကောင်းသူလို့နာမည်ကြီးပြီး ရဲဘော်ရဲဘက်တွေကို စိတ်ပါလက်ပါ ချက်ကျွေးပြုတ်ကျွေးတတ်သူ တစ်ယောက်ပါ။
အိမ်မှာနေတဲ့အချိန်တုန်းက အစားအသောက်ဂျီးများလေ့ရှိပြီး ကိုယ်တိုင်ချက်စားလေ့မရှိတဲ့ ကျောင်းဆရာကိုသက်အောင်တစ်ယောက်ဟာ အခုတော့ တောထဲတောင်ထဲမှာ မျှစ်၊ ငှက်ပျောဖူး၊ ရေချိုငါး၊ တောကောင်တွေကို ကိုယ်တိုင်ချက်ပြုတ်စားသောက်တတ်နေပါပြီ။ ဒါကလည်း နယ်ကျောင်းမှာ တစ်ယောက်တည်းတာဝန်ကျချိန်ကစပြီး ချက်တတ်ပြုတ်တတ်ခဲ့တာလို့ဆိုပါတယ်။
မြို့ပြမှာ နေထိုင်ခဲ့သူအတွက် တောထဲတောင်ထဲ နေရထိုင်ရ၊ စားရသောက်ရတာတာတွေကအလွယ်တကူ အသားမကျနိုင်ဘဲ ခက်ခဲ၊ ပင်ပန်းလွန်းပါတယ်။
ကိုသက်အောင်ကတော့ “နေရထိုင်ရ၊ စားရသောက်ရတာတွေက အခက်အခဲဖြစ်တယ်လို့ တစ်ခါမှမတွေးပါဘူး။ အခုအချိန်မှာ အာရုံထားတာက စစ်တပ်ကိုနိုင်အောင်တိုက်ဖို့တစ်ခုပဲရှိတယ်” လို့ ပြောတယ်။
အားလုံးကိုအဆင်ပြေအောင်နေတတ်တဲ့ ကိုသက်အောင် မှာ စိတ်ထဲ ထိခိုက်ခံစားနေရတဲ့ ကိစ္စတချိုတော့ ရှိနေပါတယ်။ အဲဒါက မိတ်ဆွေအပေါင်းအသင်းသူငယ်ချင်းအချို့နဲ့ရွယ်တူလူငယ်လေးတွေတော်လှန်ရေးနဲ့မဆိုင်သလိုနေကြတာကိုပါပဲ။
“ရှေ့တန်းစစ်မြေပြင်မှာ လက်နက်ကိုင်တိုက်နေကြတဲ့သူတွေထဲမှာ ကိုယ့်အဖေအရွယ်၊ ကိုယ့်အဖိုးရွယ် လူကြီးတွေတောင်ပါတယ်။ ဒါပေမယ့်ကိုယ်နဲ့ရွယ်တူလူငယ်တွေက မြို့ထဲမှာပုံမှန်အတိုင်းသွားလာပျော်ပါးနေကြတာကိုမြင်နေရတာတော့စိတ်မကောင်းဘူး” လို့ သူက ဆိုတယ်။
နောက်စိတ်ထိခိုက်စရာကိစ္စတစ်ခုက သူ့ကိုအရှိုက်ထိစေတဲ့အကြောင်းအရာလို့ဆိုရင်လည်းမမှားပါဘူး။
ကလေးကို စာသင်တဲ့အလုပ်ကိုပဲလုပ်ချင်တဲ့ ကျောင်းဆရာတစ်ယောက်အနေနဲ့ ကျောင်းတက်နေကြတဲ့ကလေးငယ်တွေကိုမြင်ရတဲ့အခါမျိုးမှာ စိတ်ထိခိုက်ရတာပါ။
” ယူနီဖောင်းနဲ့ ကျောင်းတက်နေတဲ့ကလေးတွေမြင်ရင် မျက်ရည်တောင်ဝဲတယ်။ အခုချိန်ဆို သူတို့လေးတွေကို ကိုယ်တိုင်စာသင်ပေးနေရတဲ့ချိန်ဖြစ်နေမှာ။ အဲလိုမျိုးခံစားရတဲ့အချိန် မအလ တွေကိုပဲ ကျိန်ဆဲဖြစ်တယ်” လို့ ကိုသက်အောင်တစ်ယောက် အသံတိုးတိုးနဲ့ ပြောပါတယ်။
အခုအချိန်မှာ လက်နက်ကိုင်တော်လှန်ရေးထဲမှာပဲဘဝကိုနှစ်မြှုပ်ထားပေမယ့် နောက်တစ်ချိန်မှာ ကလေးတွေကို စာပြန်သင်ပေးဖို့ ကိုသက်အောင်မျှော်လင့်နေတုန်းပါပဲ။
အချို့ဆရာ၊ ဆရာမတွေမသွားချင်တဲ့ ဝေးလံခေါင်ဖျားဒေသမှာအခြေချပြီး ကလေးတွေကိုစာသင်ပေးချင်တဲ့ ကျောင်းဆရာတစ်ယောက်ရဲ့အိပ်မက်ကိုလည်း သူဆက်ပြီး မက်နေဆဲပဲဖြစ်ပါတယ်။
The Tanintharyi Times
