ဒေါင်းမင်းစစ်ဆင်ရေးအဖွဲ့ က ပြည်သူ့ကာကွယ်ရေးတပ်သားတစ်ဦး နဲ့ အင်တာဗျူး

ဒေါင်းမင်းစစ်ဆင်ရေးအဖွဲ့ က ပြည်သူ့ကာကွယ်ရေးတပ်သားတစ်ဦး နဲ့ အင်တာဗျူး

“လက်နက်ကိုင်ဖို့ ပိုသေချာစေခဲ့တာကတော့ အေးဆေး ဆန္ဒပြတဲ့အချိန်မှာ ရိုက်နှက်တယ်။ ဖမ်းဆီးတယ်။ သေနတ်နဲ့ ပစ်တယ်။ ဒီအချက်တွေက လက်နက်ကိုင်ဖို့ အဓိကတွန်းအား ဖြစ်စေခဲ့တာ။”

နိုင်ငံ့အာဏာကို စစ်တပ်က သိမ်းယူလိုက်တဲ့အခါမှာ ဂျပန်ဘာသာသင်ရင်း ပြည်ပထွက်ဖို့ ပြင်ဆင်နေတဲ့ အနာဂတ်အပြည့်နဲ့ အသက် ၂၀ ကျော် လူငယ်တစ်ယောက်ဟာ ဒေါင်းမင်းစစ်ဆင်ရေးအဖွဲ့ ရဲ့ ပြည်သူ့ကာကွယ်ရေးတပ်သားတစ်ဦး ဖြစ်လာခဲ့တယ်။ အာဏာရှင်ကို တော်လှန်တဲ့တိုက်ပွဲမှာ သူ့ရဲ့ခြေတစ်ဖက်ကို စွန့်လွှတ်ခဲ့တယ်။ ဒီလို ဂုဏ်ပုဒ်တွေနဲ့ ပြည့်နေတဲ့ တောင်ပိုင်းသားတစ်ဦးရဲ့ ခံယူချက်၊ အမြင်တွေကို ဒီတပတ်အစီအစဉ်ကနေ ဖော်ပြလိုက်ပါတယ်။

(တောင်ပိုင်းသားတို့အသံ)

မေး - လက်နက်ကိုင်ဖြစ်ဖို့ ဘယ်အချက်က အဓိက တွန်းအားဖြစ်ခဲ့တာလဲ။

ဖြေ - အာဏာစသိမ်းကတည်းက သူတို့ကတော့မတရားအာဏာသိမ်းလိုက်ပြီ၊ ဒီမတရားမှု့ကို တော်လှန်ဖို့အတွက် လက်နက်ကိုင်မှရမယ်လို့ ကျွန်တော် တွေးခဲ့ဖူးတယ်။ လက်နက်ကိုင်ဖို့ပိုသေချာစေခဲ့တာကတော့ အေးဆေးဆန္ဒပြတဲ့အချိန်မှာ ရိုက်နှက်တယ်။ ဖမ်းဆီးတယ်။ သေနတ်နဲ့ပစ်တယ်။ ဒီအချက်တွေက လက်နက်ကိုင်ဖို့ အဓိကတွန်းအားဖြစ်စေခဲ့တာပေါ့။

မေး - ဘယ်အချိန်ကစပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ယောက်အနေနဲ့ ရပ်တည်ခဲ့တာလဲ။

ဖြေ - ၂၀၂၁ ခုနှစ် ၊ ဧပြီလ။ ဒေါင်းမင်းစစ်ဆင်ရေးအဖွဲ့ စဖွဲ့တဲ့အချိန်ကတည်းကပါ။

မေး - အဖွဲ့ဝင်ဖြစ်တဲ့ အချိန်က စလို့ အခုချိန်ထိ မေ့လို့မရနိုင်တဲ့ တော်လှန်ရေးအတွေ့ကြုံ တစ်ခုရှိခဲ့ရင် ပြောပြပေးလို့ရမလား။

ဖြေ - တော်လှန်ရေးအစမှာ ကျွန်တော်တို့ခရီးရှည်တစ်ခုထွက်ခဲ့ရတယ်ဗျ။ လမ်းတွေပျောက်ပြီး GPS ရှာပြီးသွားခဲ့ရတယ်။ ရိက္ခာတွေလည်း အကုန်ပြတ်။ စားစရာလည်းဘာမှမရှိတော့ဘူး။ ဆေးလိပ်ပဲကျန်တော့တာ။ ဆေးလိပ်အငွေ့ကို အရသာတစ်ခုလိုမှန်းပြီး နေခဲ့ရတဲ့ အချိန်လေးကို မေ့မရခဲ့ပါဘူး။

ကျွန်တော် ဒီအမှန်တရားကိုပြောတာဟာ သူများထက်ပိုဒုက္ခရောက်ခဲ့တယ်ဆိုတာကို သိစေချင်လို့မဟုတ်ပါဘူး။

အေးအေးဆေးဆေးနေတဲ့သူတွေ၊ကိုယ်နဲ့မဆိုင်သလိုနေတဲ့သူတွေ၊ သိသိနဲ့ရှောင်ဖယ်နေတဲ့သူတွေ ၊ ကျွန်‌တော်တို့ကိုမုန်းနေတဲ့သူတွေ၊ ကျွန်တော်တို့ကို မကောင်းဘူးလို့မြင်နေတဲ့သူတွေကို နိုင်ငံကောင်းစားဖို့အတွက် ကျွန်တော်တို့ အခွင့်ရေးတွေကို ဆုံးရှုံးခံပြီး ဒီလောက်ထိဒုက္ခခံပြီး လုပ်နေတာကို သိလာပြီး၊ အမြင်မှန်ရလာပြီး ကျွန်တော်တို့နဲ့ပူးပေါင်းလာစေချင်လို့ ပြောရခြင်းဖြစ်ပါတယ်။

မေး - ဘယ်လိုအကြောင်းကြောင့် ခြေတစ်ဖက်ဆုံးရှုံးခဲ့ရတာလဲ။

ဖြေ - ခြေထောက်ဆုံးရှုံးခဲ့ရတာက စခန်းတစ်ခုကိုသိမ်းပြီး ဒီစခန်းရှိတဲ့ရွာမှာပဲ နယ်မြေစိုးမိုးပြီးနေနေတုန်း သွားရင်းလာရင်းနဲ့ သူတို့ထောင်ခဲ့တဲ့ မိုင်းနင်းမိပြီး ညာခြေတစ်ဖက်ဆုံးရှုံးခဲ့ရတာပါ။

မေး - ခြေထောက်ထိတာနဲ့ အရေးပေါ်ဆေးကုသမှု့ခံယူခဲ့ရရဲ့လား။ ဘယ်လိုအခက်ခဲတွေ ကြုံခဲ့ရလဲ။

ဖြေ - စထိတာနဲ့ အရေးပေါ်ဆေးကုသမှုခံခဲ့ရပါတယ်။ အခက်ခဲကတော့ အများကြီးပါ။ အဓိကက သွားရေးလာရေးပါ။ ဆေးကုသမဲ့ နေရာထိရောက်အောင်သွားရတာ နာကျင်မှု့တွေနဲ့အရမ်းပင်ပန်းပြီး အရမ်းခက်ခဲခဲ့ရပါတယ်။

မေး - အခုလို ပေးဆပ်လိုက်ရတဲ့အပေါ် ကိုယ့်ကိုယ်ကိုယ် ဘယ်လိုနှစ်သိမ့်နေထိုင်နေလဲ။

ဖြေ - လက်နက်စကိုင်ကတည်းက နိုင်ငံတော်အတွက် အသက်‌ပေးလိုက်ပြီဆိုတဲ့ စိတ်နဲ့ ဝင်ခဲ့တာပါ။ အသက်ပေးခဲ့တဲ့ ရဲဘော်တွေကိုတွေးပြီး သူတို့နဲ့စာရင်တော့ ငါ့မှာခြေတစ်ဖက်ပဲ ဆုံးရှုံးပြီးအသက်ရှင် ကျန်ရစ်ခဲ့တာပဲ။ ငါအဆင်ပြေသေးတာပဲ။ ဒီလိုမျိုးတွေးပြီး နေခဲ့တာပါ။

မေး - ဘာကြောင့် ဒီလိုမျိုးမကြောက်မရွံ့လုပ်ရဲခဲ့ရတာလဲ။

ဖြေ - ကျွန်တော်တို့မကြောက်မရွံ့လုပ်ခဲ့တာတော့မဟုတ်ဘူး။ အဓိကရည်ရွယ်ချက်က ကိုယ့်လူမျိုးအချင်းချင်း မတရား အုပ်ချုပ်နေတာကိုမလိုလားလို့။ ပြည်သူတွေကို ကိုယ့်အခွင့်အရေးနဲ့ကိုယ် အခွင့်အရေးအပြည့်အဝနဲ့ အေးဆေးနေတဲ့ဘဝကိုရောက်စေချင်ခဲ့တာ။ အခုလက်ရှိသူတို့က အေးဆေးဖြစ်အောင်လုပ်ပေးဖို့နေနေသာသာ ပိုဆိုးလာအောင်လုပ်နေတာ။

ဒီလိုဆိုးလာတာကို ကောင်းအောင်လုပ်ဖို့ဆိုတာ ဒီနိုင်ငံထဲမှာရှိတဲ့ လူကြီးလူငယ်အားလုံးရဲ့တာဝန်မဟုတ်လား။ ဒါကြောင့် ကျွန်တော်တို့မလုပ်ပဲနဲ့ ရှောင်ထွက်သွားမယ်ဆို ဆိုးနေတာက ပိုဆိုးလာမှာမလား။

ဒါကြောင့်ကျွန်တော်တို့မှာ တာဝန်ရှိတယ်ဆိုပြီး လုပ်ခဲ့တာပါ။

မေး - လက်နက်စကိုင်တဲ့အချိန်က ခံယူချက်နဲ့ အခုလက်ရှိခံယူယူချက်ကွာသွားတာရှိလား။

ဖြေ - ခံယူချက်ကွာခြားသွားတာမရှိပါဘူး။ စစ်အာဏာရှင်ကို မအောင်မချင်းတော်လှန်မဲ့စိတ်ကတော့အမြဲရှိတယ်။

ဒါပေမဲ့ စိတ်ထဲမှာ တစ်ခုတော့ရှိတယ်။ အရင်တုန်းက ကောင်းနေတဲ့အချိန်တုန်းကလို မလုပ်နိုင်တော့လို့ ရှေ့တန်းတွေ မထွက်နိုင်တော့လို့ ငါဒါတွေ မလုပ်နိုင်တော့ပါလား ဆိုတဲ့စိတ်တစ်ခု‌တော့ စိတ်ထဲမှာ ဖြစ်မိပါတယ်။

မေး - အခုလက်ရှိဖြစ်နေတဲ့ နိုင်ငံရဲ့အခြေအနေကို ဘယ်လိုမြင်လဲ။

ဖြေ - ကျွန်တော်တို့နိုင်ငံကြီးက ဆုံးရှုံးမှု့တွေအရမ်းများနေပြီလို့ထင်တယ်။ နဂိုကမှ ဆင်းရဲတဲ့နိုင်ငံတစ်နိုင်ငံဖြစ်ပြီး ပြည်သူတွေ နဂိုကမှ ပင်ပင်ပန်းပန်းနေနေရတာ အခုလိုပြည်တွင်းစစ်တွေဖြစ်တော့ ဆုံးရှုံးမှုတွေပိုများလာပြီး ပိုပြီးဆင်းရဲ၊ ပိုပြီးဒုက္ခရောက်၊ ပိုပြီးပျက်စီးနေတဲ့နိုင်ငံတစ်နိုင်ငံဖြစ်နေတယ်။ ကျွန်တော် ဒီလိုပဲမြင်တယ်။

မေး - ဝောာ်လှန်ရေးက ဘယ်အချိန်လောက်အထိ ဆင်နွှဲရမယ်လို့ တွက်ဆထားလဲ။

ဖြေ - ၂ နှစ်လောက်တော့ကြာအုံးမယ်ထင်ပါတယ်။ တချို့နေရာမှာက တော်လှန်ရေးအရှိန်ကောင်းနေပေမဲ့ တစ်ချို့နေရာတွေမှာကအားနည်းနေသေးတယ်လေ။ ပြီးတော့လက်နက်အင်အားကလည်းကွာလွန်းတယ်လေ။အဲဒါတွေကြောင့် ပါ။

မေး - လူထုရဲ့တော်လှန်ရေးထဲပါဝင်မှုက ဘယ်လိုအခြေအနေရှိနေတယ်လို့ ထင်လဲ။

ဖြေ - ပြည်သူလူထုပါဝင်မှု့က အများကြီးရှိပါတယ်။ လူထုပါဝင်မှု့များလို့သာကျွန်တော်တို့ခုချိန်ထိ ရပ်တည်နေနိုင်တာပါ။

မေး - အာဏာရှင်ကိုတွန်းလှန်နိုင်တဲ့တနေ့ ဖက်ဒရယ်ပြည်‌ထောင်စုတည်ထောင်နိုင်မယ်လို့ ယုံကြည်လား။ ဘာကြောင့်လဲ။

ဖြေ - စစ်အာဏာရှင်ကိုတိုက်ဖျက်တော်လှန်ပြီးတဲ့အချိန်မှာ ဖက်ဒရယ်ပြည်ထောင်စုကို တည်ထောင်နိုင်မယ်လို့ယုံကြည်ပါတယ်။ ဘာလို့လဲဆိုတော့ စစ်အာဏာရှင်ကိုတွန်းလှန် တိုက်ခိုက်နေတဲ့သူတွေအကုန်လုံးက ငြိမ်းချမ်းရေးကိုလိုချင်လို့၊ စစ်မှန်တဲ့လူအဖွဲ့အစည်းကိုလိုချင်လို့၊ စစ်ဆိုတာကိုနောက်ထပ်ဖြစ်လာအောင်တွန်းအားပေးမှာ မဟုတ်တဲ့သူတွေက တိုက်နေတာဆိုတော့ အားလုံးစည်းစည်းလုံးလုံးနဲ့ ပေါင်းစည်းလာနိုင်မယ်လို့ ကျွန်တော်ယုံကြည်တယ်။

မေး - မိတ်ဆွေ ရဲဘော်တွေကို ဒီအစီစဥ်ကနေ ပြောချင်တာများရှိလား။

ဖြေ - တောထဲမှာ ကျန်ခဲ့တဲ့ ကျွန်တော့် ညီအစ်ကိုတွေကို ကျွန်တော် အရမ်းသတိရနေတယ်ဗျား။

ကျွန်တော့်ကိုစိတ်ပူပေးနေကြတဲ့ ရဲဘော်အားလုံးကိုလည်း ကျွန်တော်သက်သာနေပါပြီလို့ ပြောချင်ပါတယ်။ အားလုံးကျန်းမာရေးကိုဂရုစိုက်ပြီး သတိ၊ ဝီရိယလေးနဲ့ နေဖို့ပြောချင်ပါတယ်ဗျာ။

The Tanintharyi Times