၂ နှစ်သား ရဲဘော်ဆိုးဗိုလ်

၂ နှစ်သား ရဲဘော်ဆိုးဗိုလ်

ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်ထဲက “ဒေါင်းမင်းစစ်ဆင်ရေးအဖွဲ့” ထောက်ပို့စခန်းငယ်လေး၏ နံနက်ခင်း အလံတင်အခမ်းအနား။

“တော်လှန် ပုန်ကန်ခြင်းနဲ့ အနာဂတ်ခေတ်သစ်ဆီ… စိတ်ဓာတ်စွမ်းအားတူညီ.. ကြိုးစားဖြတ်ကျော်မည်..

ဖက်ဒရယ်ပြည်ထောင်စုအတွက် အသက်သွေးပေးဆပ်မည်.. တာဝန်ကိုယ်စီ ထမ်း..ရွက်ကြမည်..”

စပီကာသေးသေးလေးမှ ထွက်လာသည့် “အောင်စစ်သည်” သီချင်းက တိတ်ဆိတ်နေသည့် တောစခန်းဝန်းကျင်ကို ကြည်လင်စွာ ညှို့ငင်သိမ်းအုပ်ထားသည်။

“စာနာကူညီဖေးမ.. ထာဝရ လက်တွဲညီ..ရဲရင့်သွေးသောက်ပီပီ.. သတ္တိ သစ္စာညီ..

ရန်သူအာဏာရူးများ ချေမှုန်းအမြစ်ဖြတ်မည်..ဉာဏ်ပညာနဲ့ ဇွဲဗျတ္တိ ညီ..”

သီချင်းဖွင့်ပြီး အလံတင်နေစဉ်အတွင်း စစ်ရေးပြကွင်းအတွင်းရှိ တော်လှန်ရေးရဲဘော်အားလုံး မတ်မတ်ရပ် သတိဆွဲထားကြသည်။

ရဲဘော်များက သီချင်းကိုနှလုံးသွင်းထားကြဟန်ဖြင့် မျက်နှာများကို မာန်တင်းထားကြသည်။ အသံမထွက်ကြ။

အသံထွက်ရဲသူက “ရဲဘော် ဆိုးဗိုလ်”။

“ယုံကြည်သည်.. ဘာမထီ.. ပြည်သူက မွေးတဲ့.. အောင်စစ်သည်..တိုက်ပွဲတိုင်းလည်း တိုက်ခိုက်နိုင်ရမည်.. ငါတို့အားကို ငါတို့ အမြဲ ယုံကြည်..”

“အူ…..”

ရဲဘော်များအကြား တန်းစီနေသည့် ရဲဘော် ဆိုးဗိုလ်က အသံရှည်ဆွဲ သီချင်းလိုက်ဆိုမှုက စည်းချက် မိမိ။

ရှေ့မှ တန်းစီနေသည့် စစ်ကြောင်းမှူးနှင့်တကွသော တာဝန်ရှိသူများက ရဲဘော် ဆိုးဗိုလ်ကို မတားမြစ်ကြ။

“ကိုယ်စီ အသက်ပေးကြ သူရဲကောင်း အပေါင်းတို့သည် သမိုင်းကြွေးပေးဆပ်သေချာ ကတိပြု သစ္စာတည်

ပြည်သူလူထုအပေါင်း၏ ဆန္ဒပြည့်ရမည်.. နိုင်ငံတော်ကို ထု ဆစ်ရမည်.. ဟေ့.. ဟေ့..”

“အူ….”

လည်တံကို မိုးပေါ်မြှောက်ဆန့်ကာ သီချင်းလိုက်ဆိုချိန်တွင် ရဲဘော် ဆိုးဗိုလ်မျက်နှာက တည်ကြည်လှသည်။

ထိုမြင်ကွင်းက ရဲဘော်များအတွက် မထူးခြားတော့ပါ။

သူ၏ ကြိုးစားမှု၊ သစ္စာတရား ကြီးမားမှု၊ စွန့်ဝံ့အနစ်နာခံမှုတို့ကြောင့် သူ့အမူအကျင့်ကို အပြစ်မမြင် အချစ်ဝင်နေကြရကြောင်း စခန်းတာဝန်ခံက ပြောသည်။

“နေ့တိုင်း အဲလို လိုက်ဆိုနေကျပဲဗျ။ အလံ အလေးပြုချိန်၊ ထမင်းစား သစ္စာအဓိဌာန် ပြုချိန် လိုက်ဆိုပြီ” ဟု စခန်းတာဝန်ခံက ဆိုသည်။

ရဲဘော် ဆိုးဗိုလ်..။

အသက်က ၂ နှစ် ကျော်ကျော်။

လက်ရှိတွင် ရဲဘော်ကိုယ်ပိုင်နံပါတ် မရှိသေးသော်လည်း မကြာခင် ကိုယ်ပိုင်နံပါတ် ရှိလာတော့မည်။

သူ့ကို မကြာမီ ကိုယ်ပိုင်နံပါတ်တစ်ခု ချထားပေးတော့မည်ဖြစ်ကြောင်း သရက်ချောင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့တာဝန်ခံက ပြောသည်။

“သူ့ကို ကိုယ်ပိုင်နံပါတ် ချပေးဖို့ ပြင်ဆင်နေပါပြီ။ သူ့အတွက် သီးသန့်ကိုယ်ပိုင်နံပါတ်တစ်ခုပေါ့” ဟု ၎င်းတာဝန်ခံက ဆိုသည်။

ရဲဘော်ဆိုးဗိုလ်၏ တော်လှန်ရေးတွင် ပါဝင်မှုက ပေါ့သေးသေးမဟုတ်။ ဆိုးဗိုလ်သည် ယခု သူတာဝန်ထမ်းဆောင်နေသည့် ဒေါင်းမင်းထောက်ပို့စခန်း၏ စတင်တည်ထောင်သူများထဲတွင် ပါဝင်သူ ဖြစ်သည်။

သူသည် ယခင်က တောလိုက်မုဆိုး။

ရွာ၏ နာမည်ကျော် မုဆိုး။ ရွာသားတို့ တောလိုက်အမဲရှာလျှင် သူမပါလျှင် မပြီး။

အမဲကောင်ကို ထိအောင် ပစ်ရမည်က အခြားရွာသားတို့ တာဝန်။ ပစ်ခွင့်ရရန် တောခြောက်ခြင်း၊ ပစ်၍ ထိသွားသော အမဲကောင်ကို မတွေ့တွေ့အောင် လိုက်လံရှာဖွေခြင်းက သူ၏ အဓိကတာဝန်။

မုဆိုး ဆိုးဗိုလ်ကို ရဲဘော်ဆိုးဗိုလ် ဖြစ်လာစေခဲ့သည်က နွေဦးတော်လှန်ရေး အစကာလ။

သူနေထိုင်သည့် ရွာနှင့် မနီးမဝေးတွင် ဒေါင်းမင်းစစ်ဆင်ရေးမှ တော်လှန်ရေး ရဲဘော်အချို့က စခန်းလာဆောက်ကြသည်က သူ့ဘဝ အလှည့်အပြောင်း။

စခန်းဆောက်နေစဉ်အတွင်း ရဲဘော်များက လိုအပ်သည်များ ရွာထဲဆင်းဝယ်ကြရာမှ သူနှင့် ခင်မင်ရင်းနှီးသွားသည်။

နောက်တွင် သူက ၎င်းရဲဘော်များနှင့် လိုက်လာကာ စခန်းတွင် အပြီးအပိုင် နေထိုင်လေတော့သည်။

“စခန်း စဆောက်ကတည်းကပါပဲ၊ စခန်းလာဆောက်တဲ့အချိန်မှာ လိုက်လာတာပါ” ဟု စခန်းတာဝန်ခံက ပြောသည်။

စခန်းတွင် သူ့တာဝန်က ရှေ့ပြေးကင်းထောက်ရဲဘော်။

မြွေ၊ ကင်းမှစသော တောရိုင်းသတ္တဝါများမှအစ၊ ရန်သူတို့ စခန်းသို့ လာရောက်တိုက်ခိုက်မှုအဆုံး သူက ရှေ့ဆုံးမှ ကင်းထောက်သည်။

ညရေးညတာ တစ်ချွတ်ချွတ် အသံကြားလျှင် ထိုနေရာသို့ သူက ဦးအောင် ရောက်နေပြီ။

“သတင်းထူးနေရင် သူသိတယ်။ ရဲဘော်တွေ အထိတ်တလန့် ဖြစ်ချိန်ဆိုသူ သိတယ်။ ရှေ့ကိုပြေးပြီး ကင်းထောက်ပေးတယ်” စခန်းတာဝန်ခံက ပြောသည်။

တစ်နေ့..၊

ထိုတစ်နေ့ကြောင့် ရဲဘော်ဆိုးဗိုလ်၏ သစ္စာတရား ကြီးမားမှုကို ကျန်ရဲဘော်အားလုံး မြင်ခွင့်ရလိုက်ကြသည်။

ထိုနေ့ နံနက်ပိုင်းတွင်ပင် သူတို့စခန်းသို့ သတင်းဆိုးတစ်ခု ဝင်လာသည်။

“ရန်သူစစ်ကြောင်း အလုံးအရင်းနဲ့ စခန်းကို ဦးတည် ဝင်လာပြီ။ အရေးကြီးပစ္စည်းတွေ နိုင်သလောက်သယ်ပြီး စခန်းက အမြန် ခွာကြ”

သူတို့ ထောက်ပို့စခန်းရှိ ရဲဘော်အင်အားဖြင့် ပြန်ခုခံရန် မဖြစ်နိုင်။

ရဲဘော်တို့ မျက်စိမျက်နှာပျက်ဖြင့် ပစ္စည်းများ အလျင်စလို သိမ်းထုပ်ကြပြီ။

“ချက်” ဆို “နားခွက်”မီးတောက်သည့် ဆိုးဗိုလ်။ ရဲဘော်တို့၏ အပြုအမူ၊ မျက်နှာကဲကိုကြည့်ယုံဖြင့် မည်မျှ အရေးကြီးကြောင်း သူသိသည်။

စခန်းထဲမှ ထွက်ပြေးကာ စခန်းပတ်ပတ်လည် စစ်ဆေးသည်။ အထပ်ထပ် အရစ်ရစ် စစ်ဆေးသည်။ ရန်သူလာနိုင်သည့် လမ်းကြောင်းများကို မျှော်ကြည့်သည်။ ခေါင်းမော့ကာ အနံ့ခံသည်။ စခန်းထဲ ပြန်ဝင်ပြေးသည်။ ပြန်ထွက်ပြေးသည်။ စခန်းအပြင်တွင် ကင်းထောက် ကင်းစောင့်သည်။

ရဲဘော်များ အထုတ်အပိုးကိုယ်စီဖြင့် စခန်းမှ စီတန်း ထွက်ခွာသွားချိန်တွင် စခန်းတာဝန်ခံက သူ့ကို ရှာသည်။

မတွေ့..။ ဆိုးဗိုလ် မပါလာ..။

တစ်ပတ်ခန့်ကြာသောအခါ ရန်သူ့စစ်ကြောင်း ပြန်ထွက်သွားသည်။ ရဲဘော်များ ရှောင်တိမ်းနေရာမှ မူရင်းစခန်းသို့ ပြန်ကြသည်။

စခန်းက ခြေရာလက်ရာ မပျက်။ ရန်သူတို့ စခန်းကို ရောက်လာခဲ့ဟန်မတူ။

စခန်းပတ်ပတ်လည် စစ်ဆေးကာ ဖြည်းဖြည်းချင်း သတိဖြင့် ချည်းကပ်ရင်း စခန်းထဲ ဝင်ကြသည်။

စခန်းထဲတွင် လှုပ်ရှားမှု တိုးသဲ့သဲ့၊ အသံ တိုးသဲ့သဲ့ ကြားရ၍ ထိုနေရာကို ဝိုင်းကြည့်လိုက်သည်။

“ဆိုးဗိုလ်..”

မတ်တပ်ပင် ကောင်းကောင်း မရပ်နိုင်။ အရိုးပေါ်အရေတင် ပိန်ချုံးစွာ လဲလျောင်းစောင့်ကြိုနေသည့် ဆိုးဗိုလ်။

သူ့ရဲဘော်တွေ ပြန်လာသည်ကို အရည်လဲ့စိုစို မျက်လုံးများဖြင့် ကြည့်နေသည့် ဆိုးဗိုလ်။

“တစ်ပတ်လုံးလုံး ဘာမှ မစားဘဲ စခန်းကလည်း မခွာဘဲ ကျွန်တော်တို့ကို စောင့်နေတာလေ” ဟု စခန်းတာဝန်ခံက ဆိုပါသည်။

စခန်းတွင်ရှိသည့် စားစရာများအား ခိုးစားဖို့နေနေသာသာ ကျွေးလာသည့် စားစရာကိုပင် သူနှင့် အုပ်စုတူ ရဲဘော်များ စားပြီး ကျန်မှ စားတတ်သည့် ဆိုးဘိုသည် သူ၏ သစ္စာတရား ကြီးမားမှုကို အလုပ်နှင့် သက်သေပြခဲ့ပြီးလေပြီ။

မကြာမီ ရဲဘော် ကိုယ်ပိုင်နံပါတ်ရတော့မည့် ၂ နှစ်သား ဆိုးဗိုလ်သည်..

နံနက်ခင်းတိုင်း ရဲဘော်များ မနိုးမီ စခန်းတစ်ပတ် ပတ်ကာ လုံခြုံရေး စစ်ဆေးပြီးသား ဖြစ်နေပါလိမ့်မည်။

အလံတင်သီချင်း ဖွင့်တိုင်း၊ ထမင်းစားသစ္စာဆိုတိုင်း လိုက်ဆိုပါလိမ့်မည်။

အားလပ်လျှင် ကျန်ရဲဘော်များနှင့် ဆော့မြူကြည်စယ်နေပါလိမ့်မည်။

သူ၏ စွန့်ဝံ့နစ်နာခံမှုကပင် သူသည် ရဲဘော်တိုင်း၏ အချစ်တော် ဖြစ်နေပါတော့သည်။

စခန်းတာဝန်ခံကတော့ သူသည် အပြစ်ပြောစရာ မရှိလောက်အောင် ပြည့်စုံသည့် ရဲဘော်ဟု အောက်ပါအတိုင်း မှတ်ချက်ပြုပါသည်။

“ဆိုးဗိုလ်ကတော့ လူစကား ပြန်မပြောတတ်တာ တစ်ခုပဲ။ လူတွေ ဘာပြောချင်တယ်၊ ဘာလုပ်ချင်တယ် အကုန်သိတယ်။ ရန်လိုတာဆိုလို့ လူကို မပြောနဲ့၊ ခွေးအချင်းချင်းတောင် မရှိတတ်ဘူး”

ရဲဘော်ဂျေ

The Tanintharyi Times