ဖိအားတွေအောက်မှာ ရက်စက်ကြမ်းကြုတ်မှုတွေ အရှိန်တင်နေတဲ့မြန်မာစစ်အုပ်စု
ဖိအားတွေအောက်မှာ ရက်စက်ကြမ်းကြုတ်မှုတွေ အရှိန်တင်နေတဲ့မြန်မာစစ်အုပ်စု
မြန်မာနိုင်ငံမှာ စစ်အုပ်ချုပ်ရေးကို ဆန့်ကျင်ပုန်ကန်နေတဲ့ တော်လှန်ရေးအင်အားစုတွေ ပိုမိုအားကောင်းလာတာနဲ့အမျှ စစ်တပ်ရဲ့ တုံ့ပြန်ဖိနှိပ်မှုတွေကလည်း ပိုမို ရက်စက်ပြင်းထန်လာတယ်လို့ လေ့လာသူတွေက သုံးသပ်ကြပါတယ်။
တစ်ရက်မှာ မြန်မာနိုင်ငံအတွင်းက နမ်းနိမ့် ဆိုတဲ့ ကျေးရွာကလေးဆီ အပုပ်နံ့လှိုင်နေတဲ့ မြန်မာစစ်တပ်ရဲ့ လက်အောက်ငယ်သားတွေ ချီတက်ရောက်ရှိလာတာကြောင့် ဒေသခံတွေ ထွက်ပြေး ပုန်းရှောင် ကြရပါတော့တယ်။ သူတို့အထဲက ရွာသားတချို့ဟာ ရွာနားက ဗုဒ္ဓဘာသာ ဘုန်းကြီးကျောင်းတစ်ကျောင်းရဲ့ မြေအောက်ခန်းမှာ ပုန်းအောင်းနေခဲ့ပါတယ်။
“ဘုန်းကြီးကျောင်းထဲမှာရောက်နေတဲ့ ဘုန်းကြီးတွေနဲ့ ရွာသားတွေကိုတော့ စစ်သားတွေ သတ်ပစ်မှာ မဟုတ်လောက်ဘူးလို့ သူတို့တွေးခဲ့တာလေ” လို့ အဲဒီအချိန်က အခြားရွာကို တိမ်းရှောင်ခဲ့တဲ့ ရွာသားဖြစ်သူ ခွန်ထွေးက ပြောပါတယ်။တကယ်တမ်းမှာတော့ မြန်မာစစ်တပ်ဟာ ဘုန်းကြီးကျောင်းကိုတောင် မရှောင်ခဲ့ပါဘူး။
တနင်္ဂနွေနေ့က စစ်အာဏာရှင်ကို တွန်းလှန်တိုက်ခိုက်နေတဲ့ လူမျိုးစုလက်နက်ကိုင်တွေက အဲဒီဘုန်းကြီးကျောင်းထဲမှာ သေနတ်ထိမှန် ဒဏ်ရာနဲ့ သေဆုံးနေသူ ၂၂ ဦးကို တွေ့ရှိခဲ့တယ်လို့ ပြောကြားခဲ့ပါတယ်။ ဒါဟာ မြန်မာ စစ်အုပ်စုရဲ့ အစုလိုက်အပြုံလိုက်သတ်ဖြတ်မှုပဲ ဖြစ်ပါတယ်။
ကရင်နီအမျိုးသားကာကွယ်ရေးတပ်ဖွဲ့ (KNDF) အဖွဲ့ဝင် တစ်ဦးက သူရိုက်ကူးထားတဲ့ ဗီဒီယို မှတ်တမ်းတစ်ခုကို Facebook ပေါ်မှာ ပြန်လည်မျှဝေပေးခဲ့ပါတယ်။ အဲဒီ့မှတ်တမ်းအရ သေဆုံးသူတချို့ဟာ သေနတ်ကျည်ဆန်ပေါက်တွေအပြည့်နဲ့ ဘုန်းကြီးကျောင်းနံရံမှာ လျှောကျနေကြသလို တချို့က သွေးအိုင်ထဲမှာ လဲကျနေပါတယ်။ သေဆုံးသွားသူတွေထဲမှာ သင်္ကန်းဝတ်ထားတဲ့ သံဃာသုံးပါးလည်း ပါပါတယ်။
“သူတို့ကို တန်းစီခိုင်းပြီး ခေါင်းကို ချိန်ပစ်ထားသလိုပဲ” လို့ ရွာသားတွေရဲ့ အလောင်းကို ကိုယ်တိုင်မြင်တွေ့ခဲ့ရတဲ့ တော်လှန်ရေးတပ်သား ခူးရီဒူ Khu Ree Du က တယ်လီဖုန်းနဲ့ ဖြေကြားပေးခဲ့ပါတယ်။
ရှေးကတည်းက အရပ်သားတွေကို သတ်ဖြတ်ရာမှာ သမိုင်းဆိုးတွင်ထားပြီးသား မြန်မာစစ်တပ်ဟာ ပြီးခဲ့တဲ့ နှစ်နှစ်မှာ အာဏာသိမ်းလိုက်တာကြောင့် အဲဒီကတည်းက ငြိမ်းချမ်းစွာ ဆန္ဒပြမှုတွေနဲ့ စတင်ခဲ့တဲ့ စစ်အာဏာရှင်ဆန့်ကျင်ရေး လှုပ်ရှားမှုတွေဟာ အခုဆိုရင် ပိုမိုအားကောင်းတဲ့ လက်နက်ကိုင် တော်လှန်ရေးဆီကို ကူးပြောင်းသွားခဲ့တာ ဖြစ်ပါတယ်။
ပဋိပက္ခလေ့လာရေး ပညာရှင်တွေက တော်လှန်ရေးအင်အားစုတွေ အားကောင်းလာတာနဲ့ အမျှ မြန်မာစစ်တပ်ဟာ ဖိအားတွေ ပိုများလာတာကြောင့် နမ်းနိမ့်ရွာ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုလိုမျိုး ပိုမိုရက်စက်ကြမ်းကြုတ်တဲ့ သတ်ဖြတ်နှိမ်နှင်းရေး ဗျူဟာတွေကိုသာ တရစပ် ကျင့်သုံးလာတယ်လို့ သုံးသပ်ကြပါတယ်။
“အခုဆိုရင် အစုလိုက်အပြုံလိုက်သတ်ဖြတ်တာ၊ ကလီစာတွေထုတ်ပစ်တာနဲ့ ခေါင်းဖြတ်တာ စတဲ့ လုပ်ရပ်တွေဟာ သူတို့စစ်တပ်ထဲမှာ ဘယ်လောက်တောင် အားမလိုအားမရနဲ့ ခံပြင်းဒေါသထွက်နေသလဲဆိုတာကို ရှင်းရှင်းလင်းလင်း ဖော်ပြနေတယ်” လို့ Jane စစ်ဘက်ဆိုင်ရာ စာနယ်ဇင်းအဖွဲ့၊ ဘန်ကောက်အခြေစိုက် လုံခြုံရေးဆိုင်ရာ သုတေသီ Anthony Davis က ပြောပါတယ်။
“ဒါ့အပြင် မြန်မာစစ်တပ်ရဲ့ လုပ်ရပ်တွေကို ကြည့်မယ်ဆိုရင် တော်လှန်ရေးအဖွဲ့တွေအပေါ် အရပ်သားထောက်ခံမှု အနည်းအများ အလိုက် နှိမ်နင်းရေး စစ်ဗျူဟာကို အကျဥ်းအကျယ်လုပ်ကာ ကျင့်သုံးနေတယ်ဆိုတာ မြင်နိုင်ပါတယ်” လို့ သူက ဆက်ရှင်းပြပါတယ်။
ဆရာဝန်တစ်ဦးဖြစ်တဲ့ ဒေါက်တာ ရဲဇော်ကလည်း ဘုန်းကြီးကျောင်းအတွင်း သတ်ဖြတ်ခံရသူ ၂၂ ဦးဟာ မသေခင်မှာ နှိပ်စက်ညှဥ်းပန်းခံခဲ့ရပြီး တချို့ကို ဆေးလိပ်မီးနဲ့တို့ခြင်း ကိုယ်ခန္ဓာအစိတ်အပိုင်းတွေ လှီးဖြတ်ခြင်း စတဲ့ ဆိုးဆိုးရွားရွား အပြုအမူတွေကိုပါ ပြုလုပ်ထားတယ်လို့ ကြာသပတေးနေ့က အမျိုးသား ညီညွတ်ရေး အစိုးရ NUG ကို အတည်ပြုပေးခဲ့ပါတယ်။
ဒါ့အပြင် သေဆုံးသူ အများစုဟာ ဦးခေါင်းကို အနီးကပ် ပစ်သတ်ခံရတာလို့ ဒေါက်တာ ရဲဇော်က ပြောကြားခဲ့ပါတယ်။
NUG ရဲ့ လူ့အခွင့်အရေးဝန်ကြီး ဦးအောင်မျိုးမင်းကတော့ အသတ်ခံရသူအားလုံးဟာ အရပ်သားတွေဖြစ်ပြီး ဒါဟာ မြန်မာစစ်တပ်က ကျူးလွန်တဲ့ စစ်ရာဇဝတ်မှု ဖြစ်တယ်လို့ သုံးသပ်ထားပါတယ်။
မြန်မာ စစ်အုပ်စုရဲ့ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းက ဒီလ အစောပိုင်းက နမ်းနိမ့်ဒေသတဝှိုက်မှာ တိုက်ပွဲတွေ စတင်ဖြစ်ပွားခဲ့ကြောင်းနဲ့ (စစ်တပ်အခေါ်) အကြမ်းဖက်သမားတွေ အဲဒီနယ်ထဲကို ဝင်ရောက်လာတာကြောင့် မြန်မာစစ်တပ်အနေနဲ့ ပြန်လည်တိုက်ထုတ်ခဲ့ရတယ်လို့ ကြေညာချက်ထုတ်ခဲ့ပါတယ်။
သူက “ရွာသားတွေ အသတ်ခံရတယ်ဆိုတာ သတင်းအမှားပဲ ဖြစ်တယ်” လို့ ပြောခဲ့ပြီး The New York Times သတင်းဌာနရဲ့ ဖုန်းခေါ်ဆိုမှုကို လက်ခံဖြေကြားဖို့ကိုတော့ ငြင်းဆန်ခဲ့ပါတယ်။
မြန်မာပြည်တွင်းမှာ လက်ရှိ ဖြစ်ပွားနေတဲ့ ပြင်းထန်တဲ့ ပဋိပက္ခတွေဟာ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ အာဏာသိမ်းမှုကို စတင်ခုခံပုံနဲ့ နှိုင်းယှဥ်လိုက်ရင် သိသိသာသာ ကွာခြားသွားပြီပဲ ဖြစ်ပါတယ်။
အဲဒီ အစောပိုင်း လတွေမှာ ဆန္ဒပြသူတွေဟာ စစ်သားတွေနဲ့ ရဲတွေကို လောက်လေးခွတွေ၊ ပလက်စတစ်ပိုက်နဲ့ ပြုလုပ်ထားတဲ့ လေသေနတ်တွေကိုသာ အသုံးပြုပြီး တုံ့ပြန်တိုက်ခိုက်ခဲ့ကြတာပါ။
ဒါပေမဲ့ ဆန္ဒပြပွဲတွေကို မြန်မာစစ်အာဏာရှင်တွေက ပြင်းပြင်းထန်ထန် ဖြိုခွင်းလာတဲ့အခါမှာတော့ ဆန္ဒပြသူအများစုဟာ စစ်တပ်ကို နှစ်ပေါင်းများစွာ ဆန့်ကျင်နေတဲ့ လူမျိုးစုလက်နက်ကိုင်တပ်ဖွဲ့တွေနဲ့ သွားရောက်ပူးပေါင်းကာ မြို့ပြတွေကို စွန့်ခွာခဲ့ပြီး ဆန္ဒအလျောက် တောခိုခဲ့ကြပါတယ်။
အခုအခါမှာတော့ လူမျိုးစု လက်နက်ကိုင် အဖွဲ့အစည်းတွေနဲ့ နောက်ထပ် ပေါ်ပေါက်လာကြတဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF တွေဟာ ကျေးလက်ဒေသအများစုကို ခြေကုပ်ယူထားနိုင်ပြီး မြန်မာစစ်တပ်ကတော့ အဓိက မြို့ကြီးပြကြီးတွေကို ထိန်းချုပ်ထားဆဲ ဖြစ်ပါတယ်။
လူမျိုးစု လက်နက်ကိုင်အဖွဲ့အစည်းတွေ ချုပ်ကိုင်ထားတဲ့ နယ်မြေနှစ်ခုက စက်ရုံတွေမှာ စစ်ဆင်ရေးသုံး ရိုင်ဖယ်တွေနဲ့ ဗုံးပစ်လောင်ချာတွေ ထုတ်လုပ်နေပြီး နိုင်ငံတစ်ဝန်း ပြန်လည် ဖြန့်ဝေပေးနေတယ်လို့ Anthony Davis က ပြောပါတယ်။
M16 နဲ့ M4 အပါအဝင် အခြားလက်နက်တွေကိုတော့ ထိုင်းနိုင်ငံ နယ်စပ်ကနေ တိတ်တဆိတ် တင်သွင်းတယ်လို့ သိရပါတယ်။
တော်လှန်ရေး တပ်ဖွဲ့တွေရဲ့ ထိန်းချုပ်နယ်မြေတွေကို တိမ်းရှောင် လာကြသူတွေထဲက အင်ဂျင်နီယာတွေနဲ့ နည်းပညာကျွမ်းကျင်သူတွေဟာ IED ထုတ်လုပ်ရေးနဲ့ ဦးတည်ချက်အတိုင်း ဖောက်ခွဲရေး ပစ္စည်းတွေ ပစ်ချနိုင် အောင် ဒရုန်းတွေကို ပြောင်းလဲပြင်ဆင်ရေး စတဲ့ လုပ်ငန်းတွေ လုပ်ဆောင်တဲ့ စက်ရုံအသေးစားကလေးတွေ တည်ထောင်လုပ်ကိုင်နေကြတယ်လို့ Davis က ဆိုပါတယ်။
“ပြီးခဲ့တဲ့ တစ်နှစ်လုံး တော်လှန်ရေး အင်အားစုတွေကြားမှာ သုံးနေတဲ့ လက်နက်အမျိုးမျိုးနဲ့ စုဖွဲ့မှု အဆင့်အတန်းက တော်တော်လေး တိုးတက်ကောင်းမွန်လာတယ်လို့ ကျွန်တော်တို့အနေနဲ့ သုံးသပ်မိပါတယ်” သူက ဆက်ပြောပါတယ်။
“သူတို့နှစ်ဖွဲ့ကို ကြည့်ရင် ဒါဝိဒ်နဲ့ ဂေါလိယ လိုပဲ ဖြစ်နေသေးတယ်။ ဒါပေမဲ့ ဒါဝိဒ်က လျင်မြန်ဖျတ်လတ်မှုနဲ့ တိုက်ခိုက်မှု ပိုမို အားကောင်းလာတာ တွေ့ရတယ်” လို့ ဆိုပါတယ်။
မြန်မာစစ်တပ်ဟာ ၂၀၁၇ ခုနှစ်တုန်းက ရိုဟင်ဂျာမွတ်စလင်တွေအပေါ် ရက်ရက်စက်စက် နှိမ်နင်းတဲ့ စစ်ဆင်ရေးတွေလုပ်ခဲ့ပြီး အနည်းဆုံး လူ ၂၄,၀၀၀ သေဆုံးခဲ့ကာ ဒုက္ခသည် ၇၀၀,၀၀၀ ကျော် နယ်စပ်ဖြတ်ကျော်ကာ ဘင်္ဂလာဒေ့ရှ်နိုင်ငံထဲကို ထွက်ပြေးတိမ်းရှောင်ခဲ့ရတာကြောင့် သတင်းဆိုးနဲ့ နာမည်ကျော်ကြားနေတဲ့ စစ်တပ်တစ်ခုပဲ ဖြစ်ပါတယ်။
အလားတူပဲ ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းမှုကို ဆန့်ကျင်တဲ့ ဆန္ဒပြပွဲတွေမှာ မြန်မာစစ်တပ်လက်အောက်ခံ ရဲတပ်ဖွဲ့တွေနဲ့ စစ်သားတွေဟာ ကလေးသူငယ်တွေအပါအဝင် ငြိမ်းချမ်းစွာ ဆန္ဒပြသူတွေတွေကို သေနတ်တွေနဲ့ ပစ်သတ်ခဲ့ကြပါတယ်။ အပစ်ခံရသူ အများစုဟာ ဦးခေါင်းတွေကိုပဲ ချိန်ပစ်ခံရတာမျိုး ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ အောက်တိုဘာလကလည်း စစ်လေယာဥ်တွေနဲ့ ကချင်ပြည်နယ်ထဲက ဖျော်ဖြေပွဲတစ်ခုကို ဗုံးကြဲ တိုက်ခိုက်ခဲ့တာကြောင့် လူ ၈၀ သေဆုံးခဲ့ရပါတယ်။
ဒါ့အပြင် လက်နက်ကိုင် တော်လှန်ရေး အားကောင်းလာချိန်မှာ တစ်ဖက်က စစ်အာဏာရှင်တွေဟာ ပြည်နယ် ၄၀ ကို ဖေဖော်ဝါရီလက စတင်ပြီး စစ်အုပ်ချုပ်ရေး ကြေညာခဲ့သလို နောက်ပိုင်းမှာ ပြည်နယ် ဆယ်ခု ကို ထပ်ပေါင်းခဲ့ပါသေးတယ်။ အဲဒီကြေညာချက်ဟာ လက်နက်ကိုင်တပ်ဖွဲ့အားလုံးကို အဆုံးစွန် သုတ်သင်မယ်ဆိုတဲ့ သတင်းစကားပါးတာနဲ့ အတူတူပဲ လို့ Davis က ပြောပါတယ်။
အဲဒီနောက်ပိုင်းမှာတော့ စစ်တပ်ရဲ့ ရက်စက်ယုတ်မာမှုတွေဟာ တရစပ်မြင့်တက်လာပြီး အခုလ အတွင်းမှာပဲ စစ်ကိုင်းတိုင်းမှာ အရပ်သားတွေနဲ့ တော်လှန်ရေးတပ်သား နှစ်ဒါဇင်နီးပါးကို ခေါင်းဖြတ်ခြင်း၊ အတွင်းကလီစာတွေကို တစ်စစီ ဆွဲထုတ်ခြင်း စတဲ့ လူမဆန်တဲ့ လုပ်ရပ်မျိုးတွေ ဆက်တိုက် လုပ်ဆောင်လာပါတော့တယ်။
“ဒီရာဇ၀တ်မှုတွေဟာ လူ့အခွင့်အရေးချိုးဖောက်မှု သပ်သပ်တောင် မဟုတ်ပါဘူး။ ဒါတွေဟာ မြန်မာစစ်အုပ်စုက အရပ်သားပြည်သူလူထုကို ဘယ်လိုမျိုး စနစ်တကျ ရည်ရွယ်ချက်ရှိရှိ ကျယ်ကျယ်ပြန့်ပြန့် ဖိနှိပ်တိုက်ခိုက်နေတာလဲ ဆိုတာကို ပြသနေတဲ့ တစ်စိတ်တစ်ပိုင်းပဲ ရှိပါသေးတယ်” လို့ ကြာသပတေးနေ့က နယူးယောက်မြို့မှာ ပြုလုပ်တဲ့ ကုလအထွေထွေ ညီလာခံမှာ အာဏာသိမ်းမှုမတိုင်ခင်ကတည်းက ကုသမဂ္ဂဆိုင်ရာ မြန်မာနိုင်ငံ သံအမတ်အဖြစ် ခန့်အပ်ခြင်းခံရသူ ဦးကျော်မိုးထွန်းက မိန့်ခွန်းထဲမှာ ထည့်သွင်းပြောကြားသွားပါတယ်။
ဒါ့အပြင် နန်းနိမ့် ဘုန်းကြီးကျောင်းဝန်းထဲမှာ သေဆုံးသူတွေရဲ့ ဓာတ်ပုံတွေကိုလည်း ပြသခဲ့ပါသေးတယ်။
ဒီနေရာမှာ တော်လှန်ရေးအင်အားစုတွေအနေနဲ့ အင်အားကြီးထွားလာတာ မှန်ပေမဲ့ တစ်ဖက်မှာလည်း လက်နက်ကောင်းတွေ တပ်ဆင်ထားတဲ့ မြန်မာစစ်တပ်ဟာ သူ့ရဲ့ ရက်စက်ကြမ်းကြုတ်မှုကို အရှိန်တင်လာတယ်လို့ Davis က ဆိုပါတယ်။
“စစ်တပ်ဆိုတာ အင်အားတောင့်တင်းခိုင်မာတဲ့ အဖွဲ့အစည်းဖြစ်တယ်။ ဒါပေမဲ့ သူ့မှာလည်း လူအင်အား မလောက်ငတော့ဘဲ မနိုင်ဝန်ထမ်းနေရတာကြောင့် ပျော့ကွက်တွေ အားနည်းချက်တွေ သိသိသာသာ မြင်တွေ့လာတယ်။ အဲဒါကြောင့် သူတို့အနေနဲ့ ရှေ့ဆက်ယှဥ်ပြိုင်တိုက်ခိုက်ရာမှာ နိုင်ငံရေး အရရော စစ်ရေးအရပါ ဘယ်လိုတွေ ပိုလုပ်လာနိုင်မလဲဆိုတာ မှန်းဆကြည့်ဖို့ ခက်ပါတယ်” လို့ သူက ပြောပါတယ်။
ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် Tom Andrews ကတော့ ရုရှား ကျူးကျော်စစ်ကို ခုခံနေရတဲ့ ယူကရိန်းဘက်ကနေ အတိအလင်း ထောက်ခံအားပေးတဲ့ ညွန့်ပေါင်းအဖွဲ့လိုမျိုး မြန်မာပဋိပက္ခကိုလည်း နိုင်ငံတကာ ပါဝင်တဲ့ ချဉ်းကပ်မှုပုံစံမျိုးနဲ့ ပူးပေါင်း အဖြေရှာဖို့ တောင်းဆိုလိုက်ပါတယ်။
“မြန်မာ့ အကျပ်အတည်းဆိုတာ အမေ့လျာ့ခံ စစ်ပွဲပဲ” လို့ သူက အင်တာဗျူးတစ်ခုမှ ပြောကြားခဲ့ပါတယ်။
ဆက်လက်ပြီး သူက “ဘုန်းကြီးကျောင်းဝန်းအတွင်းမှာ ဘုန်းကြီးတွေအပါအဝင် အရပ်သားတွေကို အစုလိုက် အပြုံလိုက် သတ်ဖြတ်လိုက်တဲ့ စစ်သားတွေရဲ့ လုပ်ရပ်ကို ကြည့်မယ်ဆိုရင် မြန်မာစစ်တပ်ဟာ ပြည်သူလူထုကို အကြမ်းဖက်ဖို့ ဘယ်လောက်တောင် စိတ်အားထက်သန်နေကြသလဲဆိုတာ သက်သေပြနေတယ်။
သူတို့ရဲ့ မြေပြင်ထိန်းချုပ်နိုင်မှုတွေ ဆုံးရှုံးသထက် ဆုံးရှုံးလာတယ်။ အဲ့ဒါကို သူတို့ကိုယ်တိုင်လည်း နားလည်နေတယ်” လို့ Andrews က ဆိုပါတယ်။
ဒါ့အပြင် ဒီဇင်ဘာလက ပေါက်ကြားခဲ့တဲ့ စစ်တပ် ထိပ်ပိုင်းအာဏာပိုင်တွေရဲ့ တံခါးပိတ်အစည်းအဝေး မှတ်တမ်းတစ်စောင် မှာ တော်လှန်ရေးတပ်ဖွဲ့တွေဟာ သူတို့ရဲ့ ထိန်းချုပ်နိုင်စွမ်းကို ကျော်လွန်လာပြီး အခုနှစ်အတွင်း တိုက်ခိုက်မှုတွေ ပိုပြင်းထန်လာမယ်လို့ ကောက်ချက်ချထားတယ်လို့ သူက ခေတ်သစ် မီဒီယာကို ကိုးကားကာ ရှင်းပြထားပါတယ်။
အဲဒီ ပေါက်ကြားလာတဲ့ မှတ်တမ်းအရ တော်လှန်ရေးအင်အားစုတွေရဲ့ စွမ်းဆောင်ရည်တွေ သိသိသာသာ မြင့်တက်လာပြီး ပြောက်ကျား တိုက်ခိုက်မှုတွေနေရာမှာ အစားထိုးအသုံးပြုနိုင်တဲ့ 107 မီလီမီတာ ဒုံးပစ်လောင်ချာတွေသုံးကာ အမြောက်တွေနဲ့ ခုခံတိုက်ခိုက်နေတယ်လို့ ရေးသားထားပါတယ်။
ဆက်လက်ပြီး စစ်တပ်အာဏာပိုင်တွေက သူတို့အနေနဲ့ ထောက်လှမ်းရေး စုဆောင်းရာမှာ အခက်အခဲရှိကြောင်းနဲ့ သတင်းပေးသူတွေကို ပေးရတဲ့ ဘတ်ဂျက်ငွေ သတ်မှတ်ချက်ကလည်း အသုံးမဝင်တော့ကြောင်း ရင်ဖွင့်ထားပါသေးတယ်။
“မြန်မာစစ်အုပ်စုက သူတို့အတွက် အန္တရာယ် ကြုံလာလေလေ လူမဆန်တဲ့ လုပ်ရပ်တွေကို နှစ်ဆတိုး ကျူးလွန်လေလေပဲ” Andrews ကပြောပါတယ်။
“ဒီနေရာမှာ သူတို့ သဘောမပေါက်တာက သူတို့အနေနဲ့ ဘာပဲလုပ်လိုက် လုပ်လိုက် ရလာတဲ့ အကျိုးဆက်က မျှော်မှန်းထားတာနဲ့ ပြောင်းပြန်ပဲ ဖြစ်တယ် ဆိုတာပဲ။ သူတို့က ဖိနှိပ်နေသရွေ့ စစ်အာဏာရှင်ကို ဆန့်ကျင်ဖို့ ပြည်သူတွေရဲ့ သန္နိဋ္ဌာန်က ပိုပြီး ခိုင်မာလာမှာလေ” လို့ သူက ဆက်ရှင်းပြထားပါတယ်။
နမ်းနိမ့် အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုကို ရှုတ်ချကြောင်း ကြေညာချက်ထဲမှာ အမျိုးသား စည်းလုံးညီညွတ်ရေး အစိုးရ NUG နဲ့ မဟာမိတ်အဖွဲ့တွေဟာ နိုင်ငံတကာ အသိုက်အဝန်းအနေနဲ့ မြန်မာစစ်တပ်ကို လေယာဥ်ဆီ၊ လက်နက်မျိုးစုံ နဲ့ နည်းပညာတွေ တင်ပို့ရောင်းချခြင်းကို တားမြစ်ပေးဖို့ တိုက်တွန်းထားပါတယ်။
နေပြည်တော်ရဲ့ အရှေ့ဘက် မိုင် ၅၀ အကွာမှာ တည်ရှိတဲ့ နမ်းနိမ့် ကျေးရွာဟာ စစ်တပ်ထိန်းချုပ်မှုအောက်မှာ ရှိနေတဲ့ ရှမ်းပြည်နယ်ထဲက ရွာတစ်ရွာဖြစ်ပါတယ်။
တိုက်ပွဲ ဖြစ်ပွားနေစဥ်အတွင်းမှာလည်း ဂျက်လေယာဉ်တွေနဲ့ ရွာကို ဗုံးကြဲခဲ့တယ်လို့ ရွာသားတစ်ဦးဖြစ်တဲ့ ခွန်ထွေးက ပြောပါတယ်။ ဒ့ါအပြင် အရပ်သားနေအိမ် အလုံး ၆၀ ဝန်းကျင်ကို မီးရှို့ဖျက်ဆီးခဲ့တယ်လို့ သူက ဆိုပါတယ်။
ဆက်လက်ပြီး သူက “မြန်မာစစ်တပ်က ပြည်သူလူထုကို ရန်သူတွေအလား သဘောထားပြီး ဆက်ဆံနေတယ်။ သူတို့က သူတို့ကိုယ်ကျိုးအတွက်ဆိုရင် ဘယ်သူ့ကိုမဆို သတ်ပစ်ဖို့ ဝန်မလေးဘူး” လို့ ပြောခဲ့ပါတယ်။
( The New York Times မှာ မတ်လ ၁၇ ရက်နေ့က ဖော်ပြခဲ့ တဲ့ R.C. Paddock ရဲ့ “In Myanmar, Atrocities Rise as Army Comes Under Pressure” ဆောင်းပါးကို ဆီလျော်အောင် ဘာသာပြန်ထားတာ ဖြစ်ပါတယ်)
The Tanintharyi Times
