အချိုးညီ/မညီဖက်ဒရယ်စနစ် (Symmetric/Asymmetric federalism) လေ့လာချက်
အချိုးညီ/မညီဖက်ဒရယ်စနစ် (Symmetric/Asymmetric federalism) လေ့လာချက်
နိဒါန်း
လုပ်ပိုင်ခွင့်အာဏာများခွဲဝေရာတွင် အချိုးညီမှု (Symmetry) နှင့် လုပ်ပိုင်ခွင့်အာဏာများ ခွဲဝေရာတွင် အချိုးမညီမှု (Asymmetry) သည် ဖက်ဒရယ်စနစ်အတွင်း အစုအဖွဲ့၀င်ပြည်နယ်ယူနစ်များအကြား အာ ဏာခွဲဝေရန် စဥ်းစားရာတွင် အရေးကြီးသော အချက်နှစ်ခုဖြစ်သည်။ နိုင်ငံများ၏ သမိုင်းဆိုင်ရာ သို့မဟုတ် ပထဝီဝင်ဆိုင်ရာ သီးခြားထူးခြားချက်များ၊ နိုင်ငံရေးယဉ်ကျေးမှုနောက်ခံ အနေအထားများ အပေါ် တွင်အမြစ်တွယ်နေသည့် သီးခြားဝိသေသလက္ခဏာများအရ ဖက်ဒရယ်နိုင်ငံရေးစနစ်ကို ကျင့်သုံးကြရာတွင် အချိုနိုင်ငံများ ဥပမာ အမေရိကန်ပြည်ထောင်စု၊ သြစတေးလျစသည်နိုင်ငံများသည် အချိုးညီဖက်ဒရယ်စနစ် ကျင့်သုံးရာတွင် ထင်ရှားသော နိုင်ငံများဖြစ်ပါသည်။ ကနေဒါ၊ အိန္ဒိယ၊ အင်ဒိုနီးရှား၊ အီရတ်၊ မလေးရှား၊ ရုရှား၊ စပိန်အစရှိသည့် နိုင်ငံတို့တွင် အာဏာခွဲဝေကျင့်သုံးရာတွင် ယူနစ်များအကြာအချိုး မညီမှုကိုသိသာစွာတွေ့နိုင်သည်ဟု ဆိုရပါမည်။
အချိုးညီ/မညီဖက်ဒရယ်စနစ် (Symmetric/Asymmetric federalism)
အချိုးညီဖက်ဒရယ်စနစ် (Symmetric federalism) ဆိုသည်မှာ ဖက်ဒရယ်ပြည်ထောင်စုတွင်ပါ၀င် သော ပြည်နယ်တစ်ခုစီတွင် တူညီသောအာဏာများ ပိုင်ဆိုင်ထားသည့် ဖက်ဒရယ်နိုင်ငံရေးစနစ်ကို ရည် ညွှန်းသည်။ တန်းတူညီမျှမှုဖြင့် ဖွဲ့စည်းထားသည့် နိုင်ငံရေးယူနစ် (ပြည်နယ်) များပါဝင်သည်။ နယ်မြေ ဒေသနှင့် နေထိုင်သူများ၊ စီးပွားရေးအခြေအနေ၊ လူမှုရေးအခြေအနေများတူညီကြသည်။ ကိုယ်စား ပြုယူနစ်များ (Constituent Units) အားလုံးသည် ပြည်ထောင်စုအဆင့်တွင် တန်းတူညီတူကိုယ်စား ပြုနိုင်သည်။ ပြည်ထောင်စု၏ နိုင်ငံရေးအာဏာအပါအ၀င်အရင်းအမြစ်များကို ယူနစ်များအကြား တရားမျှတပြီး သဟဇာတဖြစ်အောင် ဖြန့်ဝေပေးရပါသည်။
အချိုးမညီဖက်ဒရယ်စနစ် (Asymmetrical federalism) ဆိုသည်မှာ အချို့သောပြည်နယ်များထက် သာလွန်သောတာဝန်များ သို့မဟုတ် ကိုယ်ပိုင်အုပ်ချုပ်ခွင့် ပိုရှိသောပြည်နယ်များအကြား အာဏာကိုခွဲ ဝေထားသည့် ဖက်ဒရယ်စနစ်အားရည်ညွှန်းပါသည်။ အချိုးမညီဖယ်ဒရေးရှင်းတစ်ခု၏ ယူနစ်နယ်မြေ အသီးသီးတွင် မတူညီသော ကိုယ်ပိုင်အုပ်ချုပ်ခွင့်ဒီဂရီများ ရှိနေသည့် ဖက်ဒရယ်စနစ်ပုံစံဖြစ်သည်။ အချိုးမညီဖက်ဒရယ်စနစ်သည် အများအားဖြင့် ‘Holding Together’ ဖက်ဒရယ်စုဖွဲမှုလမ်းကြောင်းမှ လာခြင်းဖြစ်သည်။ အမှီအခိုကင်းသော ပြည်နယ်များ စိတ်တူကိုယ်တူ ပြည်ထောင်စုအဖြစ် ပေါင်းစည်း လာသောအခါ ဖက်ဒရယ်ပြည်ထောင်စုကို ညီတူညီမျှစည်းမျဥ်းညီစွာ ပြုလုပ်လေ့ရှိသော်လည်း၊ လက်ရှိ နိုင်ငံသည်ယဉ်ကျေးမှု၊ သမိုင်းဆိုင်ရာ သို့မဟုတ် ပထဝီဝင်ဆိုင်ရာ သီးခြားထူးခြားချက်များတွင် အမြစ် တွယ်နေသည့် သီးခြားဝိသေသလက္ခဏာများ၊ အကျိုးစီးပွားများကွဲပြားမှု ပြင်းထန်နေသည့် အနေအ ထားမျိုးတွင်မူ အချိုးမညီဖက်ဒရယ်စနစ်ကျင့်သုံးလျက် အာဏာများအားလိုအပ်သလို သဘောတူညီ ညွတ်စွာခွဲဝေကျင့်သုံးလျက် ပြည်ထောင်စုတည်ဆောက်ရေး ကြိုးပမ်းကြရပါသည်။
အချိုးမညီသော ဖက်ဒရယ်စနစ်အား သဘောတူညီချက်များ သို့မဟုတ် အစီအမံများအားဖြင့် နှစ်မျိုးခွဲခြားနိုင်သည်။ ပထမအမျိုးအစားမှာ မတူညီသောဥပဒေပြုရေးအာဏာများ၊ ပြည်ထောင်စုအဆင့်အဖွဲ့အစည်းများတွင် ကိုယ်စားပြုခြင်းနှင့် ဖွဲ့စည်းပုံအခြေခံဥပဒေတွင် သတ်မှတ်ထားသည့်အခွင့်အရေးများနှင့် တာဝန်များ တွင်အစီအမံများ ချမှတ်ဆောင်ရွက်ခြင်းဖြစ်သည်။ ဤမညီမျှခြင်းအမျိုးအစားကို de jure asymmetry ဟုခေါ်နိုင်သည်။
ဒုတိယအမျိုးအစားမှာ ပြည်ထောင်စုမူဝါဒမှ ထွက်ပေါ်လာသော သဘောတူညီချက် များဟုဆိုရမည်ဖြစ်သည်။ ဖွဲ့စည်းပုံအခြေခံဥပဒေတွင် အကျုံးဝင်ခြင်းမရှိပဲ သီးခြားပြည်နယ်များနှင့် ပြည်ထောင်စုအစိုးရအကြား သီးသန့်သဘောတူညီချက်များအရဆောင်ရွက်ကြခြင်း ဖြစ်သည်။ ဤအချိုးမညီအမျိုးအစားကို de facto asymmetry ဟုခေါ်သည်။ ကနေဒါပြည်ထောင်စုသည် အချိုးမညီဖက်ဒရယ်လက္ခဏာများကို ထိုသို့အားဖြင့် ပေါင်းစပ်အသုံးပြုထားပါသည်။
အချိုးညီဖက်ဒရယ်စနစ်ကျင့်သုံးသောနိုင်ငံဥပမာများ
ပြည်နယ်ယူနစ် ၆ အား တန်းတူညီမျှသော ကိုယ်ပိုင်အုပ်ချုပ်ခွင့်နှင့် ကိုယ်စားပြုမှုအဆင့်ကိုပေးအပ် ထားသောကြောင့် ဩစတြေးလျသည် ပြည်နယ်ယးနစ်များအတွင်း နေထိုင်သော လူဦးရေမတူညီမှု ကြောင့် အောက်လွှတ်တော်တွင် ၎င်းတို့၏ ကိုယ်စားပြုမှုကွာခြားချက်များမှလွဲ၍ အချိုးညီဖက်ဒရယ် စနစ်ကိုကျင့်သုံးသော ပြည်ထောင်စုဖြစ်သည်။ ဖက်ဒရယ်စနစ်ကို ဩစတြေးလျတွင် ဖွဲ့စည်းပုံ အခြေခံဥ ပဒေအရ New South Wales၊ Queensland၊ South Australia၊ Tasmania၊ Victoria နှင့် Western Australia တို့ကဓနသဟာယအဖွဲ့ကို တရားဝင် ဖွဲ့စည်းခဲ့သည့်နေ့စွဲ ၁၉၀၁ ခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့ တွင် စတင်လက်ခံကျင့်သုံးခဲ့သည်။
သြစတြေးလျ၏ ဖွဲ့စည်းပုံအခြေခံဥပဒေအရ အဆိုပါ “မူလပြည် နယ်ခြောက်ခု” ၏ ဖက်ဒရယ်ပြည်ထောင်စုတစ်ခု ဖြစ်လာသည်။ သြစတြေးလျသည် အမေရိကန် (၁၇၈၉)၊ မက္ကဆီကို (၁၈၂၄)၊ ဆွစ်ဇာလန် (၁၈၄၈)၊ ကနေဒါ (၁၈၆၇) နှင့် ဘရာဇီး (၁၈၉၁) နိုင်ငံများ နောက်ကမ္ဘာပေါ်တွင် ဆဋ္ဌမမြောက်သက်တမ်း အရင့်ဆုံးပြည်ထောင်စု ဖြစ်ပေသည်။ သြစတြေးလျပြည်ထောင်စု၏ ဖက်ဒရယ်စနစ်ဒီဇိုင်းသည် အမေရိကန်ဖက်ဒရယ်စနစ်အပေါ် အနီးကပ် စံနမူနာပြုထားသည်။
အမေရိကန်ပြည်ထောင်စုသည် ပြည်ထောင်စုရှိပြည် နယ် ၅၀ တွင် တစ်ခုစီတွင် တူညီသောရပ်တည် မှုနှင့် ပါဝါများပါရှိသောကြောင့် အချိုးညီဖက်ဒရယ် ပြည်ထောင်စုဟုခေါ်ဆိုနိုင်ပေသည်။ သို့ရာတွင် အမေရိကန်ပြည်ထောင်စုတွင် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ဒီ ဂရီအမျိုးမျိုးဖြင့် အမေရိကန်ဖက်ဒရယ် အစိုးရ၏ တိုက်ရိုက်ထိန်းချုပ်မှုအောက်တွင် ရှိနေသောနယ်မြေ အများအပြားရှိသည်။ ကိုလံဘီယာခရိုင်သည် လည်း ကန့်သတ်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ဖြင့် ဗဟိုအစိုးရမှတိုက်ရိုက်ထိန်းချုပ်ထားသည်။
အချိုးမညီဖက်ဒရယ်စနစ်ကျင့်သုံးသောနိုင်ငံဥပမာများ
ကနေဒါနိုင်ငံ၏ ဖွဲ့စည်းပုံ အခြေခံဥပဒေသည်ကျယ်ပြန့်စွာ အချိုးညီဖက်ဒရယ်စနစ်ပုံစံများရှိနေသော် လည်းအချို့သော ပြည်နယ်များနှင့်သာသက်ဆိုင်သည့်သီး ခြားအစီအမံများရှိပါသည်။ လက်တွေ့တွင်၊ ကနေဒါဖက်ဒရယ်စနစ်တွင် ပြည်ထောင်စု-ပြည်နယ် သီးသန့်သဘောတူညီချက်များနှင့် တရားစီရင်ရေး ဆိုင်ရာအဓိပ္ပာယ်ဖွင့်ဆိုမှုများကြောင့် အချိုးမညီမှုအားအတိုင်းအတာတစ်ခုအထိကျင့်သုံးထားသည် ဟုဆိုရမည်ဖြစ်သည်။ အချိုးမညီသောဖက်ဒရယ်စနစ်သည်ကနေဒါတွင် နိုင်ငံရေးတည်ငြိမ်မှုအတွက် ဖော်မြူလာတစ်ခုအဖြစ် ဆွေးနွေးခဲ့ကြပြီးကျင့်သုံးခြင်းဖြစ်သည်။
ကနေဒါတွင် အချိုးမညီသောဖက်ဒရယ်စနစ်၏ အထင်ရှားဆုံး ဥပမာမှာ ကွီဘက်မြို့မှတရားရုံးချုပ် တရားသူကြီးသုံးဦးလာရမည့် ဖွဲ့စည်းပုံအခြေခံဥပဒေပြဌာန်းထားချက်ဖြစ်သည်။ အခြားပြည်နယ် ကိုးခုသည်တရားရုံးချုပ်တွင် ကိုယ်စားပြုခွင့်ရနိုင်သော်လည်း ၎င်းတို့၏ ရပိုင်ခွင့်များသည်ဖွဲ့စည်းပုံ အခြေခံဥပဒေတွင် ပြဌာန်းထားမည့်အစား သဘောတူညီချက်အပေါ်အ ခြေခံထားပေသည်။ ကနေဒါဖက်ဒရယ်ပြည်ထောင်စုရှိအချိုးမညီခြင်း၏ နောက်ထပ်ဥပမာတစ်ခုအား ကျန်းမာရေး စောင့်ရှောက်မှုနှင့် ဘဏ္ဍာငွေဆိုင်ရာပြည်ထောင်စု-ပြည်နယ်-နယ်မြေဆိုင်ရာသဘောတူညီချက် ၂၀၀၄ တွင်တွေ့ရှိနိုင်သည်။
Quebec အစိုးရသည် ပိုမိုကျယ်ပြန့်သော သဘောတူညီချက်ကိုထောက်ခံသော် လည်း သက်ဆိုင်ရာ Quebec အာဏာပိုင်များက သတ်မှတ်ထားသည့်ရည်မှန်းချက်များ၊ စံနှုန်းများနှင့် အညီ၎င်း၏ ကိုယ်ပိုင်အစီအစဉ်ကို သီးခြားထုတ်ပြန်ပေးရန် အခိုင်အမာတောင်းဆိုခဲ့သည်။ Quebec အစိုးရသည် ၎င်း၏ ရည်မှန်းချက်များအောင်မြင်တိုးတက်မှုအပေါ် ပြည်နယ်လူထုအားအစီရင်ခံမည် ဖြစ်ပြီး၊ အခြားအစိုးရများနှင့် နှစ်ဖက်သဘောတူထားသော နှိုင်းယှဉ်နိုင်သော အညွှန်းကိန်းများကို အသုံးပြုမည်ဖြစ်ကြောင်း၊ ကနေဒါအစိုးရမှ ရရှိသောရန်ပုံငွေကို Quebec အစိုးရမှ ကျန်းမာရေးစနစ် သက်တမ်းတိုးခြင်းအတွက် ၎င်း၏ ကိုယ်ပိုင်အစီအစဉ်ကို အကောင်အထည်ဖော်ရန် အသုံးပြုပါသည်။ Quebec သည် ၎င်း၏ကို ယ်ပိုင်ပင်စင်အစီအစဉ်ကို လုပ်ဆောင်နေပြီး အခြားပြည်နယ်ကိုးခုမှာမူ ပြည်ထောင်စု-ပြည်နယ် ကနေဒါပင်စင်အစီအစဉ်ဖြင့် အကျုံးဝင်သည်။
Quebec တွင် ၎င်း၏ နယ်နိမိတ် အတွင်းအလုပ်အကိုင်နှင့် လူဝင်မှုကြီးကြပ်ရေးဆိုင်ရာပြဿနာများ (အခြားပြည်နယ်အားလုံးတွင် ဖက်ဒရယ်အစိုးရမှသာကိုင်တွယ်သည့်ကိစ္စရပ်များ) နှင့်ပတ်သက်၍ ကျယ်ပြန့်သောအခွင့်အာဏာရှိ သည်။ ထိုသို့သောအစီအစဉ်များကြောင့် ကွီဘက်သည် ဖက်ဒရယ်စနစ်တွင် အထူးအခွင့်အရေး ပေးခံရမည်ကို စိုးရိမ်နေသည့် အင်္ဂလိပ်စကား ပြောပြည်နယ်များတွင်ဝေဖန်မှုများ ဖြစ်ပေါ်စေခဲ့သည်။
*အိန္ဒိယ*
အိန္ဒိယအစိုးရ (ပြည်ထောင်စုအစိုးရ သို့မဟုတ် ဗဟိုအစိုးရဟု ရည်ညွှန်းသည်) ကို အိန္ဒိယဖွဲ့စည်းပုံ အခြေခံဥပဒေအရတည်ထောင်ခဲ့ပြီး ပြည်နယ် ၂၈ ခုနှင့် ပြည်ထောင်စုနယ်မြေ ၈ ခုတို့အတွက် ပြည်ထောင်စုအဆင့် အုပ်ချုပ်ရေးအာဏာများကို ရယူကျင့်သုံးသည်။
အိန္ဒိယနိုင်ငံ၏ အုပ်ချုပ်မှုစနစ်သည် အဆင့်ဆင့်သော ဖယ်ဒရယ်စနစ်ပေါ်တွင် အခြေခံထားပြီး၊ အိန္ဒိယ၏ ဖွဲ့စည်းပုံအခြေခံဥပဒေသည် အစိုးရအဆင့်တစ်ခုစီ၏ လုပ်ပိုင်ခွင့်များကိုကျင့်သုံးနိုင်ရန် အာဏာများကို ခွဲဝေသတ်မှတ်ပေးထားပါသည်။
အိန္ဒိယဖက်ဒရယ်စနစ်၏ ပင်ကိုယ်လက္ခဏာတစ်ခုမှာ လိုအပ်သည့်နေရာတွင်အချိုးမညီစေရန် ဒီဇိုင်းထုတ်ထားခြင်းဖြစ်ပါသည်။ ခြေဥ ပုဒ်မ ၃၇၁ သည် Andhra Pradesh၊ Arunachal Pradesh၊ Assam, Gujarat, Goa, Karnataka, Mizoram, Manipur, Maharashtra, Nagaland, Sikkim နှင့် Telangana ပြည်နယ်များအတွက် အထူးပြဌာန်းချက်ဖြစ်ပေသည်။
*အီရတ်*
အီရတ်ကာဒစ်စတန်နှင့် အီရတ်ဖက်ဒရယ်ပြည်ထောင်စု၏ အခြားပြည်နယ်များကြား ဆက်ဆံရေးသည် အချိုးမညီသော ဖက်ဒရယ်စနစ်အဖြစ် လက္ခဏာဆောင်ပါသည်။ အီရတ်ကာဒစ်စတန်၏ နိုင်ငံရေးနှင့် ယဉ်ကျေးမှုကွဲပြားမှုကို အီရတ်ဖွဲ့စည်းပုံအခြေခံဥပဒေ အပိုဒ် ၅ တွင် တရားဝင်အသိအမှတ်ပြုထား သည်။ အီရတ်ကာဒစ်စတန်သည် ၎င်း၏သီးခြားနိုင်ငံရေးအဖွဲ့အစည်းအဖြစ် ၁၉၉၁ ခုနှစ်မှ ၂၀၀၃ ခုနှစ်အထိ သီးခြားနိုင်ငံအဖြစ်ရပ်တည်ခဲ့ရပြီး ဖက်ဒရယ်ဒီမိုကရေစီအီရတ်နိုင်ငံသို့ ဆန္ဒအလျောက် ပြန်လည်ဝင်ရောက်ခဲ့သည့် အီရတ်ရှိတစ်ခုတည်းသော ဖက်ဒရယ်ဒေသဖြစ်သည်။
*မလေးရှား*
မလေးရှားသည် ၁၉၆၃ ခုနှစ်တွင် လွတ်လပ်သော မလေးရှားဖက်ဒရေးရှင်းနှင့် စင်ကာပူ၊ Sabah နှင့် Sarawak တို့ကို ပေါင်းစည်းခြင်းဖြင့် ပြည်နယ် ၁၃ ခု၏ ဖက်ဒရယ်ပြည်ထောင်စုဖြစ်သည်။
ဖက်ဒရယ်စည်းမျဥ်းများအောက်တွင်၊ Sabah နှင့် Sarawak တို့သည် မလေးပြည်နယ် ၁၁ ခုမှကျင့်သုံးသော၊ အထူးသဖြင့် အဆိုပါပြည်နယ်နှစ်ခုသို့ လူဝင်မှုကြီးကြပ်ရေးအပေါ် ထိန်းချုပ်မှုထက် သိသာထင်ရှားသော ကိုယ်ပိုင်အုပ်ချုပ်ခွင့်ကိုရရှိထားသည်။ စင်္ကာပူသည် ၁၉၆၅ ခုနှစ်အထိ မလေးရှားနိုင်ငံ၏ အစိတ်အပိုင်းတစ်ခုဖြစ်သည်။ မလေးရှားနိုင်ငံအဖြစ် စင်္ကာပူသည် အလုပ်သမားနှင့် ပညာရေးမူဝါဒများချမှတ်ရာတွင် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရရှိခဲ့သည်။
*ရုရှား*
ရုရှားဖက်ဒရေးရှင်းတွင် ဖက်ဒရယ်အစိတ်အပိုင်းပေါင်း ၈၃ ခုပါ၀င်ပြီး အားလုံးသည်ဖက်ဒရယ်ဆိုင်ရာ ကိစ္စရပ်များတွင် တန်းတူညီတူဖြစ်သော်လည်း ကွဲပြားသော ကိုယ်ပိုင်အုပ်ချုပ်ခွင့်အဆင့် ခြောက်ခုကို ရယူကျင့်သုံးနိုင်ကြသည်။
သမ္မတနိုင်ငံအဆင့်အတန်းသည် ကိုယ်ပိုင်အုပ်ချုပ်ခွင့်အရှိဆုံးဖြစ်သည်။ တစ်ခုစီတွင် ၎င်း၏ကို ယ်ပိုင်ဖွဲ့ စည်းပုံအခြေခံဥပဒေ၊ ၎င်း၏ ကိုယ်ပိုင်တရားဝင်ဘာသာစကား (ရုရှားနှင့်အတူ၊ ဖက်ဒရယ်ပြည်ထောင် စုတစ်လျှောက်တရားဝင်ဖြစ်သည့်) နှင့် သီးခြားလူမျိုးစုလူနည်းစုတို့၏ နေရာအဖြစ်ရည်ရွယ်အသိ အမှတ်ပြုထားပါသည်။ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ Okrug များတွင် များပြားလှသောတိုင်းရင်းသား လူနည်းစုလည်းရှိသော်လည်း ၎င်း၏ ကိုယ်ပိုင်အခြေခံဥပဒေနှင့် ရုံးသုံးဘာသာစကားရှိရန် ခွင့်မပြုပါ။ နယ်မြေ၊ ခရိုင်နှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတွင်များပြားလှသောတိုင်းရင်းသားလူနည်းစု မရှိသော်လည်း အခြားအခွင့်အရေးများနှင့်အတူ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ Okrug နှင့် တန်းတူပါသည်။ ဖက်ဒရယ်မြို့သည် သီးခြားဒေသတစ်ခုအဖြစ်လည်ပတ်လုပ်ဆောင်နိုင်သည့်အဓိကမြို့ဖြစ်ပေသည်။
*စပိန်*
စပိန်တွင် ပြည်ထောင်စုအစိုးရသည် ၎င်း၏ ပြည်နယ်ခွဲများအတွက် ကိုယ်ပိုင်အုပ်ချုပ်ခွင့်အဆင့်များ ကိုပေးထားပြီး၊ Catalonia ၏ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ အသိုင်းအဝိုင်းများအတွက် ကိုယ်ပိုင်အုပ်ချုပ်ခွင့် သိသိသာသာပိုမိုများ ပြားသည်။ Basque Country၊ Valencia၊ Andalusia၊ Navarre နှင့် Galicia တို့သည် သမိုင်းအရခံစားခဲ့ကြရသော အခွင့်အရေးများကို အသိမှတ်ပြုခံရမှုမှာ အခြားသောပြည်နယ်များနှင့်နှိုင်းစာပါက နည်ပါးသည်ဟုဆိုနိုင်သည်။
အဆုံးသတ်သုံးသပ်ချက်
နိုင်ငံများ၏ယဥ်ကျေးမှု၊ သမိုင်းကြောင်းနှင့် နိုင်ငံရေးဆိုင်ရာနော က်ခံအခြေအနေများသည် ဖက်ဒရယ်စနစ်အတွင်း လုပ်ပိုင်ခွင့်အာဏာများခွဲ၀ေရာတွင် အချိုးညီမှု (Symmetry)ကိုအခြေပြုမည် လား၊ အချိုးမညီမှု (Asymmetry) ကိုအသုံးပြုမည်လားစဥ်းစားကြရာတွင် အရေးကြီးလှပါသည်။ စုံလင်ကွဲပြားသော အမှတ်အသားသရုပ်လက္ခဏာများစွာရှိနေသည့် လူ့အဖွဲအစည်းများတွင် ကိုယ်ပိုင်ပြဌာန်းခွင့်များအားနှင့် ယဥ်ကျေးမှုဆိုင်ရာ အခွင့်အရေးများ၊ လူမူရေးဆိုင်ရာ အခွင့်အရေးများ အား အမြင့်မားဆုံးအာမခံချက်ပေးနိုင်ရန် အချိုးမညီဖက်ဒရယ်စနစ်အား အသုံးပြုလေ့ရှိကြသည်ကို တွေ့ရပေသည်။
(“မြစ်ကွေ့ လူထုတော်လှန်ရေးစာစဉ်” မှာ ဖော်ပြခဲ့တဲ့ ဆောင်းပါးရှင် မိုးသန်ရဲ့ ဆောင်းပါးကို တနင်္သာရီတိုင်းမ် စာဖတ်သူတွေအတွက် ပြန်လည်ဖော်ပြထားတာ ဖြစ်ပါတယ်။)
ဆောင်းပါးရှင် - မိုးသန်
The Tanintharyi Times
