တောင်ပိုင်းဒေသထွက် အောင်ဇမ္ဗူကိုကိုးထုတ်ကုန်ရဲ့ လုပ်ငန်းရှင် ဦးနေလင်းအောင်နဲ့ အင်တာဗျူး
တောင်ပိုင်းဒေသထွက် အောင်ဇမ္ဗူကိုကိုးထုတ်ကုန်ရဲ့ လုပ်ငန်းရှင် ဦးနေလင်းအောင်နဲ့ အင်တာဗျူး
စိုက်ပျိုးရေးတက္ကသိုလ်ကျောင်းဆင်းတစ်ဦး ဖြစ်တဲ့ ဦးနေလင်းအောင်က တနင်္သာရီတိုင်းမှာ ကိုကိုးပင်တွေ စတင်စိုက်ပျိုးပြီး “အောင်ဇမ္ဗူ” နာမည်နဲ့ ချောကလက်၊ ကိုကိုးမှုန့်၊ ဝိုင် စတဲ့ ကုန်ချောတွေ ထုတ်လုပ်ကာ ပြည်ပဈေးကွက်အထိ ထိုးဖောက်နိုင်ဖို့ ရည်ရွယ် လုပ်ဆောင်နေပါတယ်။ ဒီလိုအချိန်မှာ ဈေးကွက်ထိုးဖောက်ဖို့ စီစဉ်တဲ့ လုပ်ငန်းရှင်တစ်ယောက်အတွက် အခက်အခဲတွေက ဘယ်လိုရှိနေပါသလဲ။ ဒီအပတ်တောင်ပိုင်းသားအသံကဏ္ဍကနေ မေးမြန်း တင်ဆက်ပေးလိုက်ပါတယ်။
(တောင်ပိုင်းသားတို့အသံ)
မေး - ချောကလက်ကို ဘာကြောင့်စိုက်ပျိုးဖြစ်တာလဲ။
ဖြေ - ဘယ်သူမှမလုပ်သေးတဲ့ အလုပ်ဖြစ်တော့ အသစ်လည်းဖြစ်တယ်။ ရေမြေလည်းကောင်းနေတော့ အသစ်စိုက်ဖြစ်တာပါ။ ပြီးတော့ အလားလာလည်း ကောင်းတယ်လေ။ ရလာတဲ့ ကုန်ကြမ်း၊ ကုန်ချောတွေကို ပြည်တွင်းမှာဖြန့်ပြီး ပိုတာတွေကို နိုင်ငံခြားပို့နိုင်ရင်တော့ နိုင်ငံခြားဝင်ငွေလည်းရမယ်။ စိုက်တာကတော့ နိုင်ငံခြားတင်ပို့နိုင်ဖို့အထိ ရည်ရွယ်ပြီးတော့ စိုက်ဖြစ်တာပါ။ ကိုယ့်နိုင်ငံအနေအထားကိုကြည့်မယ်ဆိုလို့ရှိရင်လည်း နိုင်ငံခြားဝင်ငွေသာရရင် ကိုယ့်တစ်ဦးတစ်ယောက်တည်းတွက်မဟုတ်တော့ဘူး။ ကိုယ့်ပတ်ဝန်းကျင်တစ်ခုလုံးအတွက်လည်း ကောင်းကျိုးဖြစ်နိုင်တာကိုး။
မေး - ချောကလက်ပင်စိုက်ပျိုးဖြစ်ထွန်းနိုင်ဖို့အတွက် ဘာတွေလိုအပ်လဲ။
ဖြေ - အဓိကက မြေအနေအထားမှန်ဖို့လိုတယ်ပေါ့နော်။ တနင်္သာရီတိုင်းမှာကျတော့ တစ်တိုင်းလုံးတော့စိုက်လို့ရတယ်။ ဒါပေမဲ့ တောင်ကုန်းမြင့်တွေမှာစိုက်တာမျိုးမဟုတ်ဘဲ စိုက်ပျိုးမြေက မြေအနိမ့်နေရာတွေဖြစ်ဖို့ လိုတယ်။ အစိုဓာတ်ကောင်းဖို့လိုတယ်။ အဲလိုမြေအနေအထားရတယ်ဆိုရင်တော့ ဒါကစိုက်ပျိုးလို့ဖြစ်ထွန်းပါတယ်။ ကျွန်တော်တို့ တနင်္သာရီတိုင်းမှာဆိုလို့ရှိရင် မြစ်ချောင်းနံဘေးတွေ၊ ရေချိုချောင်းနံဘေးလိုနေရာတွေမှာ ဆိုရင်ပိုကောင်းတာပေါ့။ အဓိကကတော့ မြေအစိုဓာက်ကောင်းရင်ရပြီ။
မေး - တနင်္သာရီတိုင်းမှာ အောင်ဇမ္ဗူချောကလက်လုပ်ငန်းလို လုပ်ငန်းမျိုးက ပထမဆုံးဖြစ်တယ် ဆိုတော့ ဒီလိုမျိုးစွန့်ဦးတီထွင်စိုက်ပျိုးရာမှာ ဘာအခက်ခဲတွေကြုံရလဲ။ ဘယ်လိုကျော်ဖြတ်ခဲ့လဲ။
ဖြေ - ဘာအခက်ခဲတွေကြုံရလဲဆိုတော့ ကျွန်တော်က ကိုယ်ကိုယ်တိုင်ခြံတည်ပြီး စိုက်တာဆိုပေမဲ့ ကိုယ့်ကိုယ်ပိုင်ခြံကနည်းတယ်။ အဲဒီတော့ တောင်သူတွေကို ပျိုးပင်ဖြန့်ဝေတယ်။ ပြီးမှ သူတို့ဆီက ထွက်တဲ့ အသီးကိုပြန်ဝယ်တယ်။ သီးနှံက အသစ်ဖြစ်တော့ သူတို့ကိုစပြီး စိုက်ချင်ပျိုးချင်လာအောင်စည်းရုံးရတာကတော့ ပထမဆုံးအခက်ခဲပေါ့နော်။ နောက်ပိုင်းတော့ တောင်သူစည်းရုံးရတာ သိပ်မခက်တော့ဘူး။
ဘာလို့ဆို ဒီအပင်တွေစိုက်ဖို့က မြေနေရာလည်းတအားမလိုဘူး။ ကွမ်းသီးခြံထဲမှာဆိုလည်း တစ်ပင်နဲ့တစ်ပင်ကြား ညှပ်စိုက်လို့ရတယ်။ သူက အရိပ်ရနေဖို့လိုတာကိုး။ စီးပွားဖြစ်အပင်တွေကြားနေရာမယူဘဲ ညှပ်စိုက်လို့ရတော့ မြေနေရာလည်း သီးသန့်မကုန်တော့ဘူး။ ဒါကြောင့်စည်းရုံးရ သိပ်မခက်တာလည်းပါတယ်။ ဒီလုပ်ငန်းက အရင်းအနှီးတို့ဘာတို့လည်း သိပ်အများကြီးမကုန်ပါဘူး။ အဓိကက အချိန်ရင်းရတာပဲရှိတယ်။
အခုလက်ရှိအခက်ခဲဆုံးက ကုန်ချောတွေထွက်လာလို့ရှိရင် စပြီးတော့ရောင်းချဖို့၊ ဖြန့်ဝေဖို့ လက်ရှိခေတ်ကာလအခြေနေအရ စျေးကွက်အခက်အခဲလေးရှိနေတာပေါ့နော်။ လွတ်လွတ်လပ်လပ်သွားလာပြီး ဖြန့်ဝေလို့ရတဲ့ အခြေနေမျိုးဆိုလို့ရှိရင်တော့လည်း ပိုပြီးတော့တွင်ကျယ်လာမှာပေါ့။ လောလောဆယ်တော့ ကျယ်ကျယ်ပြန့်ပြန့်ဖြန့်ဖြူးနိုင်ဖို့အတွက်ရုန်းကန်နေရတုန်းပေါ့။ လက်ရှိအခက်ခဲကတော့ အဲဒါပါပဲ။
မေး - အောင်ဇမ္ဗူကနေ ချောကလက်နဲ့ပတ်သက်ပြီး ဘယ်လိုပစ္စည်းတွေကိုထုတ်လုပ်ရောင်းချနိုင်နေပြီလဲ။
ဖြေ - လက်ရှိကတော့ ချောကလက် ၅ မျိုးထုတ်ထားပါတယ်။ ချောကလက် ၁၀၀ ရာခိုင်နှုန်းပါ အနက်ရောင်ချောကလက်(dark chocolate)၊ ချောကလက် ၆၃ ရာခိုင်နှုန်းပါ အနက်ရောင်ချောကလက် ၊ ချောကလက် ၅၄ ရာခိုင်နှုန်းပါ အနက်ရောင်ချောကလက် ၊ အဖြူရောင်ချောကလက်(white chocolate)နဲ့ နို့ချောကလက်(milk chocolate) တွေထုတ်ထားပါတယ်။ စျေးကွက်စားသုံးသူပေါ်မူတည်ပြီး အမျိုးအစား အမျိုးမျိုးထုတ်ထားတာပါ။ ကိုကိုးအမှုန့်ထုတ်တယ်။ ပြီးတော့ ကိုကိုးအစေ့အခွံကနေပြီး လက်ဖက်ခြောက်ထုတ်ထားတာရှိတယ်။ ကိုကိုးအစေ့ကိုခြောက်လှော်ပြီးတော့ ကိုကိုးထောပတ်ထုတ်တယ်။ အခုလကုန်လောက်ဆိုရင်တော့ ကိုကိုးဝိုင်လည်းရပြီ။
မေး - လက်ရှိဘယ်မြို့နယ်တွေကိုဖြန့်ချိနေပြီလဲ။
ဖြေ - လက်ရှိက ထားဝယ်မြို့၊ မုဒုံမြို့၊ ကျိုက်ထုံမြို့နဲ့ ရန်ကုန်မြို့တွေကို ဖြန့်နေတယ်။ ထားဝယ်မှာဆိုလို့ရှိရင် မလိငပိဆိုင်၊ ၃၃၃ မုန့်တိုက်နဲ့ ဆန်းသစ်မှာရှိတယ်။ တခြားမြို့တွေမှာကျတော့ အမျိုးအိမ်တွေကတစ်ဆင့်ရောင်းနေတာပဲရှိသေးတယ်။ တခြားတွေမှာတော့ မတင်ရသေးဘူးပေါ့။ ကြိုးစားနေတုန်း ခြေနေမှာပဲရှိသေးတယ်။ အခုလက်ရှိ မြိတ်ကိုလည်း နမူနာပို့ထားတာရှိတယ်။ တဖြည်းဖြည်းဖြန့်ဖို့ ကြိုးစားနေပါတယ်။
မေး - အခုလိုဖြန့်ချိရာမှာ ဘာအခက်ခဲတွေ ကြုံရလဲ။
ဖြေ - အခက်ခဲကတော့သိပ်မရှိသေးဘူး။ အနီးအနားမှာပဲဖြန့်နေသေးတယ်။ ရောင်းအားလည်း သွက်သွက်လက်လက်တော့ မရှိသေးပါဘူး။ အနည်းဆုံးတော့ တဖြည်းဖြည်းနဲ့လူသိများအောင်လုပ်နေပါတယ်။
မေး - ချောကလက်စျေးကွက်ကို ဘယ်အထိမျှော်မှန်းထားလဲ။
ဖြေ - အဓိကကတော့ တစ်နိုင်ငံလုံးဖြန့်ဖို့ မျှော်မှန်းထားတယ်။ ပြီးရင် တဖြည်းဖြည်းနဲ့အိမ်နီးချင်း ဘက်ကိုသွားမယ်။ တခြားနိုင်ငံတွေကိုလည်း လက်ဆောင်ပစ္စည်းအနေနဲ့ ဖြန့်မယ်ပေါ့နော်။ ထုတ်ပိုးမှုပုံစံတွေလည်းပြောင်းဖို့ရှိပါတယ်။ ဒီဇိုင်းတစ်မျိုးစီနဲ့ ထုတ်ဖို့စီစဥ်နေပါတယ်။လက်ရှိလည်း အဲဒီစျေးကွက်တွေအတွက်မျှော်မှန်းပြီး စိုက်ထားတာတွေရှိပါတယ်။
The Tanintharyi Times
