“တနေ့တာ မြန်မာ”

“တနေ့တာ မြန်မာ”

Photo - RFA၊ CJ

မတ်လ ၂၂ ရက်၊ ဒီကနေ့မှာ နိုင်ငံတဝှမ်း ဖြစ်ပေါ်နေတဲ့ သတင်းတွေထဲက ထူးခြားဖြစ်စဉ်တွေကို ကောက်နှုတ်ပြီးတနင်္သာရီတိုင်းမ်စာဖတ်သူတွေအတွက် တင်ပြလိုက်ပါတယ်။

“မန္တလေးက နေအိမ် ၇၀၀ ခန့် စက်ယန္တရားသုံးဖယ်ရှားခံရ”

မန္တလေးတိုင်း၊ ပြည်ကြီးတံခွန်မြို့နယ်နဲ့ ချမ်းမြသာစည်မြို့နယ်ထဲက နေအိမ် ၇၀၀ ခန့်ကို အခုလ ၂၀ ရက်နေ့ကနေ ဒီကနေ့အထိ စစ်ကောင်စီတပ်ဘက်က စက်ယန္တရားတွေနဲ့ ဖျက်ဆီးခဲ့တယ်လို့ RFA က ဖော်ပြထားပါတယ်။ ထရံကာတဲအိမ်တွေကနေ သုံးထပ်တိုက်တွေအထိ အိမ်ကြီး၊ အိမ်ကောင်းတွေပါ စက်ယန္တရားသုံး ဖယ်ရှားခံရတာလို့ ဆိုပါတယ်။ ၎င်းအိမ်တွေဟာ မီးရထားဌာနပိုင်မြေ၊ လျှပ်စစ်တာဝါတာတိုင် နယ်နိမိတ်၊ ဆည်မြောင်းမြေ နယ်နိမိတ်နဲ့ လမ်းနယ်နိမိတ်တွေကို ကျူးကျော်ထားတယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ စစ်ကောင်စီတပ်ဘက်က ဖျက်ဆီးဖယ်ရှားခဲ့တာဖြစ်ပါတယ်။

“ဆမီးမြို့က စစ်ဘေးရှောင်တွေ နေရပ်မပြန်ရင် စခန်းဖြိုမယ်လို့ စစ်ကောင်စီတပ်ပြော”

ချင်းပြည်နယ်တောင်ပိုင်း ပလက်ဝမြို့နယ်၊ ဆမီးမြို့ပေါ်က စစ်ဘေးရှောင်တွေ နေရပ်မပြန်ရင် စစ်ဘေးရှောင်စခန်းကိုဖြိုချမယ်လို့ စစ်ကောင်စီတပ်က မနေ့က ပြောခဲ့တယ်လို့ RFA သတင်းအရ သိရပါတယ်။ စစ်ကောင်စီတပ်နဲ့ စစ်ဘေးရှောင်တွေ မနေ့က တွေ့ဆုံချိန်မှာ ဗျူဟာမှူးဆိုသူက အထက်ပါအတိုင်း ပြောသွားတာ ဖြစ်ပါတယ်။ စစ်ဘေးရှောင်တွေကတော့ မူလနေရပ်ရွာတွေမှာ တိုက်ပွဲလက်ကျန် မိုင်းတွေရှိနေပြီး လက်ရှိအချိန်ထိ မိုင်းမရှင်းလင်းရသေးသလို နယ်မြေမလုံခြုံတဲ့အတွက် နေရပ်ပြန်ဖို့ စိုးရိမ်ပူပန်နေကြပါတယ်။ ဆမီးမြို့ခံတွေဟာ ၂၀၁၉ ခုနှစ်မှာ စစ်တပ်နဲ့ AA တိုက်ပွဲ တွေကြောင့် ထွက်ပြေးခဲ့ရတာမို့ စစ်ရှောင်စခန်းမှာ နေထိုင်ရတာ လေးနှစ်ကျော်နေပါပြီ။

“ရခိုင်က သာသနာ့နယ်မြေတွေမှာ စစ်တပ်က တပ်စွဲနေထိုင်တာ ၄ နှစ်ကျော်ရှိပြီ”

ရခိုင်ဒေသရှိ မြောက်ဦး၊ ကျောက်တော်၊ ဘူးသီးတောင်၊ ရသေ့တောင်နဲ့ မင်းပြားမြို့နယ်က သာသနာ့နယ်မြေနဲ့ အဆောက်အဦတွေမှာ စစ်တပ်က တပ်စွဲနေရာယူထားတာ ၄ နှစ်ကျော် ရှိနေပြီလို့ Western Newsက ဖော်ပြပါတယ်။

မြောက်ဦးမြို့နယ်က ရွှေတောင်စေတီတော်နဲ့ သင်းကျိတ်တော်စေတီရှိရာ သာသနာ့နယ်မြေအတွင်း တပ်စွဲထားပြီး ပြည်သူတွေကို တက်ရောက်ခွင့်လည်း ပိတ်ပင်ထားပါတယ်။

စစ်တပ်က သာသနာ့နယ်မြေတွေအတွင်း တပ်စွဲထားတာဟာ AAနဲ့ တိုက်ပွဲတွေ စတင်ဖြစ်ပွါးချိန်ကစပြီး အပစ်ခတ် ရပ်စဉ်ကလည်း ဖယ်ရှားပေးခြင်း မရှိခဲ့ပါဘူး။

“မှော်ဘီလေတပ်အနီး ပေါက်ကွဲသံတွေထွက်ပေါ်”

ရန်ကုန်မြို့ရှိ မှော်ဘီလေတပ်စခန်းအနီးမှာ မနေ့က ညပိုင်းက ပေါက်ကွဲသံတွေ ၄ ချက် ဆက်တိုက်ထွက်ပေါ်ခဲ့ပါတယ်။အဆိုပါ ပေါက်ကွဲမှုဖြစ်ရတဲ့ အကြောင်းအရင်းကိုလည်း အသေအချာမသိရသေးပါဘူး။ မှော်ဘီလေတပ်စခန်းမှာ မနှစ်ကလည်း ဗုံးခွဲ တိုက်ခိုက်ခံရတာမျိုး ရှိခဲ့ပါတယ်။

“သီပေါက မီးလောင်သွားတဲ့ ဘုန်းကြီးကျောင်း ပြန်ဆောက်ဖို့ လောင်းကစားနဲ့ ရန်ပုံငွေရှာမယ်”

ရှမ်းပြည် သီပေါမြို့နယ် စံဖိတ်ကျေးရွာက မီးလောင်သွားတဲ့ ဘုန်းကြီးကျောင်း ပြန်ဆောက်ဖို့ လောင်းကစားဝိုင်းဖွင့်ပြီး ရန်ပုံငွေ ရှာမယ်လို့ သျှမ်းသံတော်ဆင့်သတင်းအရ သိရပါတယ်။

ယခုနှစ် မတ်လဆန်းပိုင်းမှာ မီးလောင်သွားတဲ့ စံဖိတ်ဘုန်းကြီးကျောင်းဝန်းထဲ၌ ကုန်းကင်း၊ လေးကောင်ဂျင်၊ ဖဲဝိုင်း စတဲ့ လောင်းကစားဝိုင်းတွေ အပါအဝင် လောင်းကစားတွေ ဖွင့်လှစ်ဖို့ အတွက် စစ်ကောင်စီထံက ခွင့်ပြုမယ်လို့ သတင်းထွက်ပေါ်နေတယ်လို့ ဆိုပါတယ်။

ပြီးခဲ့သည့်လ ၁၃ ရက် ည ၁၀ နာရီဝန်းကျင်မှာ ဘုန်းကြီးကျောင်း ဘုရားမီးပူဇော်ရာကနေ တစ်ဆင့် မီးလောင်မှုဖြစ်ပွားခဲ့ပြီး အသက် ၁၀ နှစ်အရွယ် ကိုရင်လေးအပါအဝင် ကျောင်းဆောင်တစ်လုံး မီးလောင်သွားခဲ့ပါတယ်။

The Tanintharyi Times