အနီးအဝေး
အနီးအဝေး
ကျောင်းစာသင်ခန်းတစ်ခုမှာ ဆရာက ကျောင်းသူကျောင်းသားတွေကိုမေးတယ်။ “ဒေါသ ထွက်တဲ့အချိန်မှာ ဘာကြောင့် လူတွေက အော်ဟစ်ပြီး ပြောကြတာလဲ” တဲ့။ ကျောင်းသူကျောင်း သားတွေလည်း စဉ်းစားတယ်။ အဖြေကို အလွယ်မတွေ့ဘူး။
ကျောင်းသူတစ်ယောက်က “စိတ်တည်ငြိမ်မှုတွေ ပျောက်ဆုံးသွားလို့ အော်ဟစ်မိတာပါ” ဆိုပြီး ဖြေတယ်။ ဆရာက “ ကိုယ်ပြောမယ့် တစ်ဘက်လူက ကိုယ့်အနီးမှာ ရှိတာပဲ။ အေးအေး ဆေးဆေး ပြောရင်ရရဲ့နဲ့ ဘာကြောင့် အော်ပြောတယ်လို့ ထင်သလဲ ”ဆိုပြီး မေးခွန်း ထပ်မးတယ်။ ကျောင်းသူကျောင်းသားတွေလည်း တစ်ယောက်တစ်ပေါက် ကိုယ်တွေးမိတာကိုယ်ဖြေကြတယ်။ ဒါပေမယ့် ကျေနပ်စရာကောင်းတဲ့အဖြေတော့ ဘယ်သူမှ မပေးနိုင်ကြဘူး။
“လူနှစ်ယောက် စိတ်ဆိုး ဒေါသထွက်ကြချိန်မှာ သူတို့ စိတ်ချင်း သိပ်ကိုကွာဝေးသွား တယ်။ အကွာအဝေးရှိနေတော့ အော်ပြောမှ ထိရောက်မယ်ထင်ပြီး အော်ပြောမိတယ်။ အော်လေ ဒေါသထွက်လေ၊ ဒေါသထွက်လေ စိတ်ချင်းကပိုကွာဝေးလေ၊ ပိုအော်ပြောမိလေပဲ” ဆိုပြီး ဆရာက ပြောပြတယ်။
ဆရာက ဆက်ပြီး “သမီးရည်းစားနှစ်ယောက်ကြည်ကြည်နူးနူးစကား ထိုင်ပြောနေတာ တွေ့ဖူးကြတယ် မဟုတ်လား။ ဒေါသထွက်တဲ့လူနှစ်ယောက်နဲ့ ဆန့်ကျင်ဘက်။ စိတ်ချင်းက သိပ်နီး တော့ တီးတိုးတီးတိုးပဲ ပြောတယ်။ စိတ်ချင်းနီးလေ၊ နားလည်မှု ပိုရှိလေ။ တစ်ခါတလေ စကားနဲ့ ပြောဖို့တောင်မလိုဘဲ အမူအရာနဲ့တင်နားလည်တယ်။ မျက်လုံးချင်း စကားပြောတယ် ”လို့ ပြော တယ်။ ကျောင်းသူကျောင်းသားတွေကတော့ ပြုံးစေ့စေ့ပေါ့။
“လူတွေအချင်းချင်း စိတ်ချင်းမဝေးကြပါစေနဲ့။ ငြင်းခုန်စရာကြုံလာရင်တောင်မှ စိတ်ချင်း ကွာဝေးမသွားကြပါစေနဲ့။ စိတ်ချင်းဝေးကွာသွားစေမယ့် စကားမျိုးကို ဘယ်တော့မှ မပြောရဘူး။ စိတ်ဆိုးကြတယ်ဆိုရင် စိတ်တွေပြေမှ စိတ်ရဲ့ကွာဝေးမှု မရှိတော့မှ ပြေပြေလည်လည်ဆွေးနွေး ကြရမယ်” လို့ ဆရာက ရှင်းပြတယ်။
(စာဖတ်သူတို့အတွက် ကျော်ရင်မြင့် ရေးပြီး စိတ်ကူးချိုချို စာအုပ်တိုက်က ထုတ်ဝေတဲ့ ငပျင်းတွေအတွက် အောင်မြင်ရေးနည်းလမ်းများစာအုပ်မှ ကောက်နှုတ်၊ ဖော်ပြထားခြင်းဖြစ်ပါတယ်။)
