အသက်ဆက်ဆေး

အသက်ဆက်ဆေး

ညနေ အလုပ်မှ အတွေးနယ်ချဲ့ကာ အိမ်ပြန်လာသော ကိုဖစု၏ ခြေလှမ်းများက လေးတိလေးကန်။

အိမ်ရောက်သည်နှင့် ရေမိုးချိုး ထမင်းစားကာ ခါတိုင်းလို ထိုင်းရုပ်သံဇာတ်လမ်းတွဲပင် မကြည့်နိုင်ပဲ အခန်းပြင်ထွက်ကာ ကိုဖစု တစ်ယောက် ဆေးပေါ့လိပ်ဖွာနေသည်။

HIV ရောဂါရှိသော ကိုဖစုတို့လင်မယား ART ဆေးပြတ်မည်ကို တွေးပြီး ရတက်မအေး။

ကိုဖစုတို့လင်မယား ထိုင်းနိုင်ငံသို့ရောက်လာကြသည်မှာ (၂) နှစ်နီးပါး ရှိပြီဖြစ်သည်။ အာဏာသိမ်းပြီးနောက် နဘုလယ်ရွာသို့ စစ်သားများရွာဘက် မကြာခဏဆိုသလို လာရောက်သောင်းကျန်းကြသည့်အပြင် ရွာတွင်လည်း အလုပ်မရှိသောကြောင့် သမီးလေးအား အမေတို့ဆီ အပ်ကာ လင်မယားနှစ်ယောက် ထိုင်းသို့ ထွက်လာကြသည်။

“ထီးခီးလမ်းကနေ ဆေးပို့လို့မရရင် ကော့သောင်းဘက်ကနေပဲဖြစ်ဖြစ် ဆေးရအောင် စုံစမ်းရမယ် မိန်းမရေ” ဟု ဇနီးဖြစ်သူ မမိုအေးအား တိုင်ပင်ထားသည်။

ART ဆေးသောက်နေရသော ကိုဖစုတို့အဖို့ အခုတလော ထီးခီးကားများ တိုက်ပွဲအခြေအနေအရ ဆင်းမရဖြစ်နေသောကြောင့် ဆေးပြတ်မှာစိုးသည့် စိုးရိမ်စိတ်က ငယ်ထိပ်တက်နေသည်။ ဆေးပြတ်ပါက ဖြစ်လာမည့် နောက်ဆက်တွဲများမှာ အသက်နှင့် နီးသဖြင့် ရင်မောလှသည်။

ကျန်းမာရေးကောင်းပါက လင်မယား နှစ်ယောက် နောက်နှစ်ထဲ ကလေးယူဖို့ပါ တိုင်ပင်ထားကြရာ ဆေးသာပြတ်ပါက ကလေးယူမည့် အကြံလည်း ဝေးရပေဦးမည်။

လွန်ခဲ့သော (၁၀) နှစ်ခန့်က ငါးဖမ်းလှေလိုက်ရာမှ ကိုဖစုတစ်ယောက် HIV ရောဂါ ကူးစက်ခံရသည်။

“ယောကျာ်းဆို အကုန်လုပ်တတ်ရတယ်၊ ဒါမှ ယောကျာ်းပီသတာကွ” ဆိုသည့် သူငယ်ချင်းများ၏ မြှောက်ပင့် စကား၏ နောက်တွင် လက်တည့်စမ်းချင်သဖြင့် အသစ်အဆန်းမှန်သမျှ အကုန်လုပ်ခဲ့သည်။

လှေပေါ်တွင် ဘိန်းထိုးကြသည့် အခါလည်းရှိသလို တစ်ခါတစ်လေ ကမ်းကပ်ပါက ပြည့်တန်ဆာအိမ် သွားရောက်ပျော်ပါးသည့် အချိန်များလည်းရှိသည်။ မကောင်းမှန်းသိသော်လည်း စမ်းကြည့်ချင်သည့် စိတ်ဖြင့် အကုန်လုပ်ခဲ့သည်။

ရောဂါလက္ခဏာစပြချိန်တွင် ထားဝယ်မြို့ပေါ်ရှိ နယ်စည်းမထားဆရာဝန်များထံ သွားပြရာမှ HIV ရောဂါပိုးရှိကြောင်း စသိခဲ့ရသည်။ ဆေးထိုးအပ်ကကူးသလား၊ ပြည့်တန်ဆာဆီမှ ကူးသလား ဝေခွဲမရ။ သေချာတာကတော့ ထိုနှစ်ချက်ထဲက တစ်ချက်ကတော့ ရောဂါသယ်လာသော ဇစ်မြစ်ဖြစ်သည်။

ချစ်ရသောမိန်းမနှင့် သမီးပါ ကူးစက်ခံထားရပြီဟု သိရသည့် ခဏတွင် ရေနွေးပူနှင့် ပက်ခံရသလို တစ်ကိုယ်လုံးထူပူသွားသည်။ မိမိ၏ မိုက်ပြစ်အတွက် မိသားစုဝင်များပါ ကူးစက်ခံရသည်။

အထူးသဖြင့် ကလေးသာသာ ရှိသေးသည့် သမီးကူးစက်ခံရခြင်းအတွက် ရင်ထဲမချိမဆံ့။ နောင်တဆိုသည် နောင်မှ ရတတ်ခြင်းပေတကား။

INGO အဖွဲ့အစည်းတွင် ဝန်ဆောင်မှုက အဆင်ပြေလှသည်။ နေကောင်းကျန်းမာနေပါက (၆) လရက်ချိန်းရသည်။ ဆေးသောက်သက်တမ်းကြာလာချိန်တွင် နယ်စည်းမထားဆရာဝန်များအဖွဲ့မှ ကျန်းမာရေးဝန်ကြီးဌာန အမျိုးသားခုခံအားကျဆင်းမှုရောဂါ တိုက်ဖျက်ရေးဌာန (NAP) သို့ လွှဲပေးသည်။

အစိုးရဌာနတွင်တော့ ဆေး (၃) လစာသာရသည်။ Covid ကာလတွင်လည်း ထီးခီးဘက်မှ ကားအတက်အဆင်းခရီးကြန့်ကြာသဖြင့် ကိုဖစုတို့ လင်မယား ဆေး (၁) ပတ်ခန့် ပြတ်သွားသည်။

တစ်မီနစ်ပင် အချိန်လွဲ၍မရသော ဆေးဖြစ်သောကြောင့် ဆေး (၁) ပတ်ခန့် ပြတ်ချိန်တွင် ကိုဗစ်ပါ ဝင်လာရာ နေမကောင်းဖြစ်ကြပြီး နလန်ထူရန် အတော်ကြိုးစားလိုက်ရသည်။

“နိုင်ငံရေး အခြေအနေတွေကြောင့် ဆေးပေးရာမှာ စိန်ခေါ်ချက်တွေရှိပေမယ့် လူနာတွေဆီ ဆေးရောက်ဖို့အတွက် တတ်နိုင်သလောက် ကြိုးစားပေးနေပါတယ်” ဟု HIV လူမှုအဖွဲ့အစည်းတွင် အလုပ်လုပ်နေသော မဝေမှ ဖုန်းဆက်ရာတွင် ပြောသည်။

တနင်္သာရီတစ်တိုင်းလုံးတွင် HIV ဆေးသောက်နေရသော လူနာစုစုပေါင်း ခြောက်ထောင်ကျော်ခန့် ရှိသည်ဟု ကြားဖူးသည်။

ယခုနိုင်ငံရေးအကျပ်အတည်းကာလတွင် ကိုဖစုကဲ့သို့ တခြားနိုင်ငံမှ ဆေးသောက်နေရသော လူနာများအတွက် စိန်ခေါ်ချက်က များလှသည်။

ဆေးသောက်နေရသောလူနာ ထောင်ကျပါက ထောင်ထဲတွင် ဆေးပြတ်ခြင်းများ၊ ဆေးအလျဉ်းမမှီခြင်းများကိုလည်း ကြားနေရသဖြင့် ဘဝတူသူငယ်ချင်းများအတွက် စိတ်မသက်မသာ ဖြစ်ရသည်။

ဘာလိုလိုနှင့် ၂၀၂၂ ရဲ့ ဒီဇင်ဘာပင် ရောက်တော့မည်။ စစ်ကောင်စီလက်ထက်တွင် နှစ်တိုင်း ဒီဇင်ဘာ (၁) ရက်နေ့တွင် ကျင်းပနေကြ ကမ္ဘာ့အေအိုင်ဒီအက်စ်နေ့ (World AIDS Day) အခမ်းအနားကျင်းပမဖြစ်တာ (၂) နှစ်ရှိခဲ့ပြီဟု ကြားရသည်။

အရင်ကတော့ ဘဝတူ လူမှုကူညီရေးအဖွဲ့ အနာဂတ်အလင်းရောင်အဖွဲ့နှင့် INGO အဖွဲ့များ စုပေါင်းကာ World AIDS Day (ကမ္ဘာ့ အေအိုင်ဒီအက်စ်နေ့) အား အခမ်းအနားများ မြို့ပေါ်သာမကာ မောင်းမကန်ကမ်းခြေတွင်လည်း နှစ်စဉ်ကျင်းပကြသည်။

ကိုဖစုတို့လည်း ရွာမှ ကားစီးလုံးငှား တက်လာကြပြီး ဘဝတူများနှင့် တွေ့ကြ၊ ဆုံကြ၊ ရင်ဖွင့်ကြခြင်းဖြင့် ဘဝတူအချင်းချင်း တစ်ဦးနှင့် တစ်ဦး အကြံဉာဏ်ပေး ဆွေးနွေးကြသဖြင့် အားတက်ရသည်။ တစ်နှစ်တစ်ခါ လုပ်သည့် ပွဲအား နှစ်တိုင်းဆင်နွှဲကြသည်။

​ခွဲခြားဆက်ဆံမှုများက ယခင်နှင့် နှိုင်းယှဉ်ပါက အတော်အသင့် လျော့ပါးသွားသည် ဆိုသော်လည်း အထိုက်အလျောက်တော့ ရှိနေဆဲ။ ထိုခွဲခြားဆက်ဆံမှုများဖြစ်စေသော အကြောင်းအရာများတွင် ရုပ်ရှင်နှင့် ဇာတ်လမ်းများသည်လည်း အကြောင်းရင်းတစ်ခု ဖြစ်သည်ဟု ကိုဖစုထင်သည်။

TV ထဲတွင် HIV ရောဂါရှိသူကို ရောဂါကျွမ်းပြီး သေသည့် ဇတ်ကောင်များကိုသာ တွေ့ရသည်။ ဆေးသောက်ပြီး သာမာန်လူများကဲ့သို့ နေထိုင်နိုင်ကြသည်ကို TV ထဲတွင် ယခုအချိန်ထိ ကိုဖစု မတွေ့ရသေး။ သို့ဖြင့် လူတွေက HIV ရောဂါရှိပါက သေတော့မည်လူဟု ထင်မှတ်မှားကာ ခွဲခြားဆက်ဆံမှုများ ဖြစ်စေတော့သည်။

ဆေးသောက်နောက်ကျပါက ရေရှည်တွင် ခန္ဓာကိုယ်ထဲရှိ ရောဂါပိုးများ ထိန်းချုပ်နိုင်ခြင်း မရှိပဲ ရောဂါပိုးများ ပိုမိုများလာကာ ခုခံအားကျဆင်းကာ အသက်အန္တရာယ်ရှိသည်ဟု ဆရာဝန်မှ ရှင်းပြထားသည်။ ဆေးသာ ပြတ်ပါက နောက်ဆက်တွဲများက မတွေးဝံ့စရာ။

ကိုဖစုတို့အတွက် ဆေးရဖို့သည်သာလျှင် ပဓာဏ။ ထိုမှသာလျှင် မနက်ဖြန်များစွာ နိုးထနိုင်မည်…။

Rose

The Tanintharyi Times