ထားဝယ်မြို့ခံလူငယ်တစ်ဦး အုပ်စုဖွဲ့ရိုက်နှက်ခံရပြီး သေဆုံး

ထားဝယ်မြို့ခံလူငယ်တစ်ဦး အုပ်စုဖွဲ့ရိုက်နှက်ခံရပြီး သေဆုံး

ထားဝယ်မြို့ပေါ်က လူငယ်တစ်ဦး အုပ်စုဖွဲ့ရိုက်နှက်ခံရပြီး နောက်နေ့မနက်မှာ ဦးခေါင်းဒဏ်ရာနဲ့သေဆုံးခဲ့တယ်လို့ နီးစပ်သူတွေဆီကသိရပါတယ်။

သေဆုံးသူကတော့ ထားဝယ်မြို့၊ ဝဲကျွန်းမြို့သစ်ရပ်ကွက်က အသက် ၁၉နှစ်အရွယ် ကိုမင်းစိုးအောင် ဖြစ်ပါတယ်။

ဇန်နဝါရီလ ၁၉ ရက်နေ့ ည ၈နာရီလောက်မှာ ထားဝယ် ကမ်းနားလမ်းပေါ်မှာ ရှိနေတဲ့ ကိုမင်းစိုးအောင်အပါအဝင် သူငယ်ချင်း ၇ယောက်အဖွဲ့ကို စက်ဘီးစီးလာတဲ့လူငယ်အဖွဲ့ကဝိုင်းရိုက်ခဲ့ကြတာဖြစ်တယ်လို့ နီးစပ်သူတွေကဆိုပါတယ်။

“သူတို့ကိုကြည့်တော့ ဘာလို့ကြည့်တာလဲ သိနေလားလို့မေးပြီးတာနဲ့ ဝိုင်းရိုက်ကြတာတဲ့။ အစကရိုက်တဲ့အဖွဲ့မှာ ၁၀ ယောက်လောက်ပဲ။ နောက်ဖုန်းဆက်ပြီးခေါ်လိုက်တော့ အယောက် ၂၀ လောက်ဖြစ်လာတယ်။ အဲလူတွေအကုန်လုံး ၇ယောက်ကို ဝိုင်းရိုက်တာ” လို့သေဆုံးသူနဲ့နီးစပ်တဲ့သူငယ်ချင်းတစ်ဦးကပြောပါတယ်။

ဝိုင်းဝန်းရိုက်နှက်ခံရတဲ့သူတွေထဲက ကိုမင်းစိုးအောင်ကတော့ ဦးခေါင်းဒဏ်ရာအပြင်းအထန်ရရှိခဲ့ပြီး အိမ်မပြန်ရဲတာကြောင့် ညဘက်ဘုန်းကြီးကျောင်း တစ်ကျောင်းမှာသွားအိပ်ခဲ့တယ်လို့သိရပါတယ်။

မနက် ၅ နာရီလောက်မှာတော့ အဆိုပါဘုန်းကြီးကျောင်းမှာ ကိုမင်းစိုးအောင် သေဆုံးနေတာကို သိရှိခဲ့ကြတာဖြစ်ပါတယ်။

ရိုက်နှက်တဲ့အဖွဲ့ဟာ ထားဝယ်မြို့မှာအရင်က အကြောင်းမဲ့ရမ်းကားရိုက်နှက်တာတွေပြုလုပ်ခဲ့တဲ့ နာမည်ကြီး ပုဆိန်အဖွဲ့ဖြစ်တယ်လို့လည်း သူငယ်ချင်းဖြစ်သူနဲ့ မြို့ခံတွေကပြောပါတယ်။ အဲဒီပြောဆိုချက်ကို အတည်ပြုနိုင်တာမျိုးတော့မရှိသေးပါဘူး။

ရိုက်နှက်ခဲ့တဲ့အဖွဲ့ထဲက ၉ ဦးခန့်ကို ထားဝယ်ရဲစခန်းမှာဖမ်းဆီးထားပြီး စစ်ဆေးနေတယ်လို့လည်းသိရပါတယ်။

သေဆုံးသူ ကိုမင်းစိုးအောင်ရဲ့အလောင်းကိုတော့ မနေ့ကနေ့လည်ပိုင်းမှာပဲ ဇဟာရွာမှာရှိတဲ့ သုဿာန်မှာ မီးသင်္ဂြိုဟ်ခဲ့ပါတယ်။

The Tanintharyi Times