ယူကရိန်းအစိုးရအဖွဲ့ ဝန်ကြီးတွေလိုက်ပါလာတဲ့ ရဟတ်ယာဥ်ပျက်ကျ ၊ပြည်ထဲ‌ရေး ဝန်ကြီးအပါအဝင် ၁၈ ဦးသေဆုံး

ယူကရိန်းအစိုးရအဖွဲ့ ဝန်ကြီးတွေလိုက်ပါလာတဲ့ ရဟတ်ယာဥ်ပျက်ကျ ၊ပြည်ထဲ‌ရေး ဝန်ကြီးအပါအဝင် ၁၈ ဦးသေဆုံး

ယူကရိန်း အစိုးရအဖွဲ့ဝင် ဝန်ကြီးတွေလိုက်ပါစီးနင်းလာတဲ့ရဟတ်ယာဉ် တစ်စင်းဟာ မြို့တော် ကိယက်ဗ် Kyiv ရဲ့ အရှေ့ ဆင်ခြေဖုံး Brovary ရပ်ကွက်က ကလေးထိန်းကျောင်း အနီးမှာပျက်ကျခဲ့ပြီး ဝန်ကြီးတွေအပါဝင် ၁၈ ဦးသေဆုံးခဲ့တယ်လို့ သိရှိရပါတယ်။

သေဆုံးသူတွေထဲမှာ ကလေးငယ် ၃ ဦး ပါဝင်ပြီး နောက်ထပ် ၁၀ ဦး ကိုလည်း ဆေးရုံတင်ထားရတယ်လို့ သိရပါတယ်။

အဆိုပါ ရဟတ်ယာဉ်ပေါ်မှာ ယူကရိန်း ပြည်ထဲရေး ဝန်ကြီး Denys Monastyrsky အပါအဝင် လူ ၉ ဦး လိုက်ပါလာတာ ဖြစ်ပါတယ်။

ဒါ့အပြင် ၎င်းရဲ့ ပထမဆုံး လက်ထောက်ဝန်ကြီးနဲ့ ပြည်နယ်အတွင်းဝန်လည်း သေဆုံးသူတွေထဲမှာ ပါဝင်တယ်လို့ တာဝန်ရှိသူတွေက ထုတ်ပြန်ပါတယ်။

ယူကရိန်း ရဲတပ်ဖွဲ့က အရာရှိ Ihor Klymenko က အဆိုပါရဟတ်ယာဉ်ဟာ ယူကရိန်းနိုင်ငံတော် အရေးပေါ်ဝန်ဆောင်မှုလုပ်ငန်းမှ ဖြစ်ကြောင်း သူရဲ့ Facebook မှာ ရေးသားခဲ့ပါတယ်။

လေယာဉ်ပျက်ကျပြီးနောက် အဆောက်အအုံလည်း မီးလောင်ခဲ့တာကြောင့် ကလေးထိန်းကျောင်း ဝန်ထမ်းတွေနဲ့ ကလေးငယ်တွေဟာ အရေးပေါ် ရွှေ့ပြောင်းခဲ့ရပါတယ်။

ကနဦးသတင်းတွေအရ လေယာဥ်ပျက်ကျချိန်မှာ ပတ်ဝန်းကျင် တစ်ခွင် မှောင်မဲနေပြီး မြူမှိုင်းတွေ ထူထပ်နေတယ်လို့ သိရပြီး ယခုလို ပျက်မကျခင် ကလေးထိန်းကျောင်းကို အရင်တိုက်မိတာဖြစ်နိုင်တယ်လို့ ရေးသားကြတာလည်း တွေ့ရပါတယ်။

အဆိုပါ လေယာဥ်ပျက်ကျမှုကြောင့် ကလေးငယ် ၁၀ ဦး အပါအဝင် လူ ၂၂ ဦးကို ဆေးရုံသို့ ပို့ဆောင်ထားရကြောင်း Mr Klymenko က ပြောပါတယ်။

Connect Burma

Ref: ရိုက်တာ

The Tanintharyi Times