ခရစ်ပ်တိုငွေကြေး (သို့) အစွမ်းထက်ဆုံး နောက်ဆုံးပေါ် ငွေကြေး
ခရစ်ပ်တိုငွေကြေး (သို့) အစွမ်းထက်ဆုံး နောက်ဆုံးပေါ် ငွေကြေး
◉ ခရစ်ပ်တိုငွေကြေး(သို့) Cryptocurrency ဆိုတာဘာလဲ
လက်ရှိတိုးတက်လာတဲ့နည်းပညာခေတ်အရ ကျွန်တော်တို့ရဲ့လူနေမှုပုံစံဟာလဲ ပြောင်းလဲလာပါတယ်။ အင်တာနက်ဟာ လူတိုင်းအတွက် မရှိမဖြစ်ဖြစ်လာပြီး Email၊ Social Media တွေဟာ ကျွန်တော်တို့နေ့စဥ် လူနေမှုဘဝရဲ့ အစိတ်အပိုင်း ဖြစ်လာပါတယ်။ ငွေကြေးကဏ္ဍမှာလဲ ငွေသားကိုင်ဆောင်မှုဟာ တဖြည်းဖြည်း နည်းပါးလာပြီး မိုဘိုင်းမန်းနီး(Mobile Money) တွေအသုံးပြုမှု ပိုမိုများပြားလာပါတယ်။ KBZPay၊ Wave Money၊ CBPay စတဲ့ အင်တာနက်နဲ့အသုံးပြုရတဲ့ မိုဘိုင်းမန်းနီး တွေကို လူတိုင်းနီးပါး အသုံးပြုနေကြပါတယ်။
ခရစ်ပ်တိုငွေကြေးဆိုတာဟာလဲ အင်တာနက်နဲ့ အသုံးပြုရတဲ့ ဒစ်ဂျစ်တယ်ငွေကြေးတစ်မျိုးပါပဲ။
ကျွန်တော်တို့သုံးစွဲနေကြ Mobile Money တွေလိုပဲ သူလဲ ဖုန်းတွေကွန်ပျူတာတွေနဲ့ အလွယ်တကူ အသုံးပြုလို့ရပါတယ်။ တစ်ခုပါပဲ။ မိုဘိုင်းမန်းနီးတွေနဲ့ မတူတဲ့အချက်က ခရစ်ပ်တိုငွေကြေးတွေမှာ ခရစ်ပ်တိုဂရပ်ဖီလို့ခေါ်တဲ့ သင်္ချာဆိုင်ရာဝှက်စာစနစ်ကို အခြေခံပြီးပြုလုပ်ထားပါတယ်။ ဒါက နည်းပညာအရ ကွာခြားနေတာဖြစ်ပြီး အသုံးပြုတဲ့အခါမှာ ပိုခက်ခဲသွားတာမျိုးမရှိပါဘူး။ တကယ့်တကယ်တမ်းပြောရရင် ပိုလို့တောင်လွယ်ကူပါသေးတယ်။ အရင်ကတော့ ခရစ်ပ်တိုငွေကြေးတွေကို သိုသိပ်စွာသုံးစွဲနေကြပေမယ့် အခုအခါမှာတော့ တချို့နိုင်ငံတွေမှာတရားဝင်ငွေကြေးအဖြစ် သတ်မှတ်နေပြီး အိမ်နီးချင်း အိန္ဒိယနိုင်ငံနဲ့၊ ထိုင်းနိုင်ငံအပါအဝင် တချို့သောနိုင်ငံတွေမှာတော့ ဥပဒေတွေနဲ့ထိန်းချုပ်ပြီး အသုံးပြုခွင့်ပေးနေပြီဖြစ်ပါတယ်။
◉ ခရစ်ပ်တိုငွေကြေးတွေရဲ့အားသာချက်အားနည်းချက်
ခရစ်ပ်တိုငွေကြေးရဲ့ သိသာအထင်ရှားဆုံးအားသာချက်ကတော့ Decentralization လို့ခေါ်တဲ့ ဗဟိုထိန်းချုပ်မှု မရှိတာပဲဖြစ်ပါတယ်။ မြင်သာအောင်ပြောပြရရင် ကျွန်တော်တို့ သာမန်သုံးစွဲနေကြ KPay၊ CBPay၊ Wave မန်းနီး စတဲ့ သမားရိုးကျ Mobile Banking တွေကို သက်ဆိုင်ရာဝန်ဆောင်မှုပေးတဲ့ဘဏ်တွေကထိန်းချုပ်ထားပါတယ်။ ဒါကြောင့် ကိုယ့်အကောင့်ရဲ့ ငွေလွှဲမှုတွေကို အာဏာရှိအဖွဲ့အစည်းတွေက မသင်္ကာတာမျိုးဖြစ်စေ ဥပဒေတွေနဲ့ငြိစွန်းတယ်လို့ယူဆရင်ဖြစ်စေ အချိန်မရွေးပိတ်ချတာမျိုး၊ ထုတ်ခွင့်မပေးတာမျိုးလုပ်နိုင်ပါတယ်။ ခရစ်ပ်တိုငွေကြေးတွေမှာတော့ သူ့ရဲ့စနစ်တည်ဆောက်ပုံကိုက တစ်ဦးတဖွဲ့တည်းကထိန်းချုပ်ထားတာ မရှိတဲ့အတွက် အာဏာပိုင်အဖွဲ့အစည်းတွေက ကိုယ့်ရဲ့ပိုင်ဆိုင်မှုတွေကို အပေါ်ကို ရှေ့မှာဖော်ပြခဲ့သလို သိမ်းဆည်းတာ၊ ပိတ်ချတာမျိုးတွေကို လုပ်လို့မရပါဘူး။
ဒုတိယအားသာချက်အနေနဲ့ ခရစ်ပ်တိုငွေကြေးတွေနဲ့ ငွေကြေးပေးပို့ရင် ကမ္ဘာတဝှမ်းဘယ်နေရာကနေမဆို ငွေလွှဲခသက်သက်သာသာနဲ့ စက္ကန့်ပိုင်းအတွင်း ပေးပို့လို့ရပါတယ်။
နောက်အားသာချက်အနေနဲ့ လူတန်းစားမရွေးအသုံးပြုနိုင်ပါတယ်။ အသုံးပြုသူအနေနဲ့ ခရစ်ပ်တိုငွေကြေးအသုံးပြုဖို့ Wallet Address လို့ခေါ်တဲ့ အကောင့်ဖန်တီးရာမှာ ဖုန်း(သို့)ကွန်ပျူတာ တစ်လုံးရှိဖို့ပဲလိုအပ်ပြီး လက်ရှိဘဏ်အကောင့်တွေ ဖွင့်သလို ကိုယ်ရေးအချက်အလက်တွေကို ပေးစရာ မလိုအပ်ပါဘူး။ ဒါကြောင့် အသုံးပြုသူနဲ့ လက်ခံသူရဲ့ အမည်နာမအစစ်အမှန်ကို သိဖို့ခက်ပါတယ်။
ခရစ်ပ်တိုငွေကြေးတွေမှာ အားသာချက်တွေပဲရှိနေတာတော့ မဟုတ်ပါဘူ။ အားနည်းချက်တွေလို့ ဆိုရမယ့် အထူးဂရုပြုရမယ့်အရာတွေ ရှိပါသေးတယ်။ မဟုတ်ရင် စုဆောင်းထားတဲ့ ခရပ်ပ်တိုငွေကြေးတွေ ဆုံးရှုံးမှုတွေကြုံရနိုင်ပါတယ်။
Wallet Address လို့ခေါ်တဲ့ ခရစ်ပ်တိုငွေကြေးအကောင့်တစ်ခု ဖန်တီးလိုက်တာနဲ့ စနစ်ကနေ သုံးစွဲသူကို Public Address နဲ့ Secret Phrase လို့ခေါ်တဲ့ အရာနှစ်ခုပေးပါတယ်။ သဘောတရားအားဖြင့် Public Address က email လိပ်စာလိုဖြစ်ပြီး Secret Phrase က password လို့မှတ်ယူရမှာဖြစ်ပါတယ်။
Public Address ကခရစ်ပ်တိုငွေကြေးတွေကို လက်ခံရာမှာအသုံးပြုပါတယ်။ ဒါကြောင့် ပြင်ပကိုမျှဝေလို့ရပါတယ်။ email ပို့ဖို့အတွက် လက်ခံသူရဲ့ email လိပ်စာပေးရသလိုပေါ့။
လုံးဝဂရုစိုက်ရမယ့်အရာကတော့ Secret Phrase ဖြစ်ပြီး လုံးဝမပျောက်ပျက်အောင် သိမ်းဆည်းရမယ့် အရာဖြစ်ပါတယ်။ ပျောက်ဆုံးသွားရင် သာမန်email တွေလို forgot password နဲ့ ပြန်ဆယ်ယူတာမျိုး လုပ်လို့မရပါဘူး။ တသက်လုံးဆုံးရှုံးသွားမှာဖြစ်ပါတယ်။ တနည်းအားဖြင့်လဲ သိမ်းဆည်းတယ်ဆိုတဲ့အခါမှာ တခြားသူကို ကိုယ့်ရဲ့ Secret Phrase ကို ပေးထားတာမျိုးလုပ်လို့မရပါဘူး။ ကိုယ့်ရဲ့ Secret Phrase ကို တစ်စုံတယောက်က သိသွားခဲ့ရင် ဒါကိုအသုံးပြုပြီး ကိုယ့် Wallet Address ထဲမှာရှိတဲ့ငွေကြေးတွေကို ပြောင်းရွှေ့သွားလို့ရပါတယ်။
နောက်အချက်ကတော့ Address လိပ်စာမှားယွင်းပြီးပေးပို့မိရင် ပြန်ပြင်လို့မရပါဘူး။ သမားရိုးကျ မိုဘိုင်းBanking တွေမှာ မှားယွင်းပို့မိရင် သက်ဆိုင်ရာဘဏ်တွေကို အကြောင်းကြားပြီး ပြန်ယူလို့ရပေမဲ့ ခရစ်ပ်တွေငွေကြေးတွေမှာတော့ လွှဲပြီးသားငွေကြေးတွေကို ပြန်ယူလို့မရပါဘူး။ စလွှဲစဥ်ကတည်းက သေချာစိစစ်ရမှာဖြစ်ပါတယ်။
နောက်ဆုံးသတိထားစေချင်တဲ့အချက်ကတော့ ခရစ်ပ်တိုငွေကြေးတွေဟာ ဒစ်ဂျစ်တယ်ငွေကြေးဖြစ်တဲ့အတွက် အသုံးပြုဖို့အတွက်ရာ အင်တာနက်ရှိဖို့လိုပါတယ်။ အင်တာနက်မရှိပဲ ငွေကြေးပေးပို့မှုတွေကို ပြုလုပ်လို့မရပါဘူး။
◉ ခရစ်ပ်တိုငွေကြေးတွေက ယုံကြည်ရရဲ့လား (သို့) မြန်မာနိုင်ငံတွင်းရှိ ခရစ်ပ်တိုငွေကြေးလိမ်လည်မှုများ
အရင်ကတော့ ခရစ်ပ်တိုငွေကြေးတွေကို သိုသိပ်စွာအသုံးပြုနေကြပေမယ့် အခုအခါမှာတော့ တချို့နိုင်ငံတွေမှာ တရားဝင်ငွေကြေးအဖြစ် သတ်မှတ်နေပြီး၊ အိမ်နီးချင်း အိန္ဒိယနိုင်ငံနဲ့၊ ထိုင်းနိုင်ငံအပါအဝင် တချို့သောနိုင်ငံတွေမှာတော့ ဥပဒေတွေနဲ့ထိန်းချုပ်ပြီး အသုံးပြုခွင့်ပေးနေပြီဖြစ်ပါတယ်။
၂၀၂၂ခုနှစ် သုတေသနအစီရင်ခံစာတွေအရ ကမ္ဘာတဝှမ်း ခရစ်ပ်တိုငွေကြေးသုံးစွဲမှုအများဆုံးနိုင်ငံထဲမှာ ဗီယက်နမ်နိုင်ငံနဲ့ ဖိလစ်ပိုင်နိုင်ငံဟာ ကမ္ဘာ့အဆင့်(၁)နဲ့(၂)ဖြစ်ပါတယ်။
ဒါပေမယ့် အမှန်တရားက ဖိနပ်ကြိုးချည်နေတုန်းမှာ မုသားက ကမ္ဘာတပတ်ပတ်နှင့်နေခဲ့ပြီဆိုတဲ့ ဆိုရိုးအတိုင်းပါပဲ။ မြန်မာနိုင်ငံမှာတော့ နိုင်ငံရဲ့ ဒစ်ဂျစ်တယ်နည်းပညာတတ်ကျွမ်းဝင်မှု အားနည်းတာကို အသုံးချပြီးတော့ လိမ်လည်မှုတွေကို မသိနားလည်လို့ဖြစ်စေ ကိုယ်တိုင်သိရက်နဲ့ဖြစ်စေ ဝင်ရောက်အားပေးနေတာမျိုးတွေ ရှိနေပါတယ်။ အထူးသဖြင့် Facebook လို လူမှုကွန်ရက်တွေမှာ ၁၀၀ ကျပ်ဖိုးရင်းရုံနဲ့ တလအတွင်းအရင်းကျေရုံမက အမြတ်ပါထွက်တယ်ဆိုတဲ့ ခရစ်ပ်တိုငွေကြေးတွေကိုဘန်းပြပြီး လိမ်လည်နေတဲ့ WebSite တွေကို ကြေငြာနေတဲ့ ပို့စ်တွေအများကြီးရှိနေပါတယ်။
မြန်မာနိုင်ငံမှာယခင်ကဖြစ်ပွားခဲ့တဲ့ ငွေကြေးလိမ်လည်မှုဖြစ်စဥ် တို့လိုပါပဲ။ နောက်မှဝင်လာတဲ့သူရဲ့ ပိုက်ဆံကို ရှေ့လူပေးပြီး လူမဝင်တော့တဲ့တနေ့လိမ်ပြေးသွားကြတာပါပဲ။ လိမ်လည်သူတွေက တရုတ်ပြည်ဖက်ကများပါတယ်။
ဒါကြောင့် ရှမ်းပြည်နယ်မြောက်ပိုင်းနဲ့ ကချင်ပြည်နယ်က လူထုအကြားမှာ ခရစ်ပ်တိုငွေကြေးဆိုရင် အချိန်တန်ရင် လိမ်ပြေးတဲ့ စီးပွားရေးလို့ နာမည်ဆိုးနဲ့ ကျော်ကြားပါတယ်။
◉ ခရစ်ပ်တိုငွေကြေးသုံးစွဲမှုနှင့်ပတ်သက်ပြီး သတိပြုရမယ့်အချက်များ
၁။ လက်ရှိနိုင်ငံတွင်းရှိတဲ့ ဥပဒေအရ ခရစ်ပ်တိုငွေကြေးကို တရားဝင်ငွေကြေးအဖြစ်အသိအမှတ်မပြုထားပါဘူး။ ငွေဒဏ်(သို့)ထောင်ဒဏ်(သို့) နှစ်ခုစလုံး ချနိုင်တယ်လို့ ပြဌာန်းထားပါတယ်။
၂။ နာမည်ကြီးပုဂ္ဂိုလ်တွေရဲ့ ကြော်ငြာမှုကြောင့်ဖြစ်စေ အသိမိတ်ဆွေတွေရဲ့တိုက်တွန်းမှုကြောင့်ဖြစ်စေ ခရစ်ပ်တိုငွေကြေးတွေကို မဝယ်ပါနဲ့။ သာမန်စတော့ခ်ရှယ်ယာတွေထက် ခရစ်ပ်တိုငွေကြေးအများစုဟာ ဈေးနှုန်းအတက်အကျပိုကြမ်းပါတယ်။
၃။ ခရစ်ပ်တိုငွေကြေးမှာ ဆိုရိုးနှစ်ခုရှိပါတယ်။ “Do Your Own Research” နဲ့ “Not Your Key, Not Your Money”ပါ။ အဓိပ္ပာယ်က ကိုယ်တိုင်လေ့လာပြီးမှအသုံးပြုပါ။ ကိုယ့်ရဲ့ Secret Keyကို သိတဲ့သူတယောက်ထက်ပိုတာနဲ့ အကောင့်ထဲကပိုက်ဆံတွေဟာ ကိုယ့်ပိုက်ဆံမဟုတ်တော့ပါဘူးဆိုတာပါပဲ။
တက်လူ
The Tanintharyi Times
