“တနေ့တာ မြန်မာ”
“တနေ့တာ မြန်မာ”
ဇွန်လ ၂၄ ရက်၊ ဒီကနေ့မှာ နိုင်ငံတဝှမ်း ဖြစ်ပေါ်နေတဲ့ သတင်းတွေထဲကက ထူးခြားဖြစ်စဉ်တွေကို ကောက်နှုတ်ပြီးတနင်္သာရီတိုင်းမ် စာဖတ်သူတွေအတွက် တင်ပြလိုက်ပါတယ်။
“စစ်တပ်အာဏာသိမ်းပြီးနောက် အရပ်သားသေဆုံးသူ ၄ ထောင်နီးပါး ရှိပြီ”
စစ်တပ် အာဏာသိမ်းပြီးနောက်မှာ သေဆုံးတဲ့ အရပ်သားဦးရေ ၃,၆၉၂ ဦး ရှိလာပြီလို့ နိုင်ငံရေးအကျဥ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP)က မနေ့က ထုတ်ပြန်ပါတယ်။
ထုတ်ပြန်စာရင်းထဲမှာ ဖမ်းဆီးခံရသူ ၂ သောင်းကျော်ရှိပြီး အဲ့ဒီထဲက ၂ သောင်းနီးပါးကို ထိန်းသိမ်းထားကာ ၆ ထောင်ကျော်ကို စွပ်စွဲထောင်ချခဲ့ပြီး ပြန်လွတ်လာသူက လေးထောင်ကျော်သာ ရှိတယ်လို့ ဖော်ပြပါတယ် ဒါ့အပြင် သေဒဏ်ပေးခံရသူ ၁၅၇ ဦးရှိပါတယ်။
“မယ်စဲ့မြို့နယ်ထဲက စစ်ကောင်စီ တပ်စခန်းကို တော်လှန်ရေး အင်အားစုတွေ တိုက်ခိုက်သိမ်းပိုက်”
ကရင်နီပြည် မယ်စဲ့မြို့နယ်ထဲ အခြေစိုက်တဲ့ စစ်ကောင်စီရဲ့ ပင်မတပ်စခန်းကို တော်လှန်ရေး အင်အားစုတွေ မနေ့က တိုက်ခိုက်သိမ်းပိုက်လိုက်ပါတယ်။မနေ့က မနက် ၅ နာရီဝန်းကျင်မှာ KA နဲ့ KNDF ပူးပေါင်းတပ်က စစ်ကောင်စီ တပ်စခန်းကို ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး ၆ နာရီဝန်းကျင်မှာ စစ်ကောင်စီက ရဟတ်ယာဥ် ၄ စီးနဲ့ လာရောက် ဗုံးကြဲတိုက်ခိုက်ခဲ့ပါတယ်။ စခန်းကို ဝင်ရောက် သိမ်းပိုက်ပြီးနောက် မယ်စဲ့မြို့နယ်ရဲ့ နေရာတချို့မှာ တော်လှန်ရေးတပ်ဖွဲ့တွေ နေရာယူ ထိန်းချုပ်ခဲ့ပါတယ်။ အခုလ ၁၃ ရက်ကနေ ၂၃ ရက်အထိ စစ်ကောင်စီရဲ့တပ်စခန်းတွေဖြစ်တဲ့ မယ်စဲ့ ရဲစခန်း၊ တောင်လှစခန်း၊ မယ်တနွယ်စခန်း၊ နမ့်ပေါင်စခန်းနဲ့ မယ်စဲ့ ပင်မစခန်းတို့ပဲ သိမ်းပိုက်ခဲ့ပါတယ်။ စခန်းသိမ်းခံရပြီးနောက် နေ့လယ် ၁ နာရီဝန်းကျင်မှာ စစ်ကောင်စီက စခန်းပြန်လည်ရယူဖို့ လေကြောင်း၊ ကုန်းကြောင်းနဲ့ အင်အားအလုံးအရင်း ဖြည့်တင်းနေပြီး နှစ်ဖက် စစ်ရေး တင်းမာနေဆဲဖြစ်ပါတယ်။
“လောက်ကိုင်မြို့မှာ ပြည်သူ့စစ်အချင်းအချင်း ပစ်ခတ်မှုဖြစ်၊ ထိခိုက်သေဆုံးမှုရှိ”
ရှမ်းပြည်နယ်၊ ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ လောက်ကိုင်မြို့မှာ မနေ့က ည ၈ နာရီဝန်းကျင်မှာ ပြည်သူ့စစ်လက်နက်ကိုင်အဖွဲ့အချင်းအချင်း နာရီဝက်ခန့် ပစ်ခတ်မှုဖြစ်ခဲ့ပြီး ထိခိုက်သေဆုံးသူ ၁၀ ဦးခန့် ရှိနိုင်တယ်လို့ RFA ကရေးသားထား ပါတယ်။ လောက်ကိုင်မြို့မှာ ပြည်သူ့စစ်လက်နက်ကိုင်အဖွဲ့အချင်းအချင်း အခုလို အပြန်အလှန်ပစ်ခတ်မှု မကြာခဏဖြစ်လေ့ရှိပြီး ပြီးခဲ့တဲ့လကလည်း နည်းပညာသမား အမျိုးသမီးဝန်ထမ်းတစ်ဦးကို သူဌေးနှစ်ဦး လုရာက အပြန်အလှန် ပစ်ခတ်မှု ဖြစ်ခဲ့ပါတယ်။ မနေ့က ပစ်ခတ်မှုကို ဘယ်အဖွဲ့တွေ လုပ်ဆောင်ခဲ့တယ်ဆိုတာနဲ့ ထိခိုက်သေဆုံးမှုအသေးစိတ်ကိုတော့ မသိရသေးပါဘူး။
“ရန်ကုန်မှာ ဒေါ်လာရောင်းဝယ်သူ ၁၀ ဦးထက်မနည်း ဖမ်းဆီးစစ်ဆေးခံနေရ”
စစ်ကောင်စီလက်အောက်ခံ ဘဏ်နှစ်ခုကို အမေရိကုန်ပိတ်ဆို့ပြီးနောက် ဒေါ်လာစျေးတက်သွားတာကြောင့် ရန်ကုန်မြို့က လိုင်စင်ရနိုင်ငံခြားငွေလဲလှယ်ရေးအေဂျင်စီက ဝန်ထမ်းလေးဦးအပါအဝင် ဒေါ်လာအရောင်းအဝယ်လုပ်သူ ၁၀ ဦးထက်မနည်း ဖမ်းဆီးစစ်ဆေးခံရတယ်လို့ ဘီဘီစီသတင်းအရ သိရပါတယ်။ ဒီကနေ့ ပြင်ပစျေးကွက်မှာ အမေရိကန်တစ်ဒေါ်လာကို ရောင်းဝယ်စျေး ကျပ် ၃၁၅၀ ဝန်းကျင် စျေးပေါက်နေပြီး ကျပ် ၃၀၅၀ ဝန်းကျင်က အရောင်းအဝယ်ပိုဖြစ်နေတယ်လို့ ဒေါ်လာရောင်းဝယ်သူတွေက ပြောပါတယ်။
“ခင်ဦးမြို့နယ် တဲစုကျေးရွာကို လက်နက်ကြီးနဲ့ပစ်လို့ အမျိုးသမီးတစ်ဦးသေဆုံး၊ ၇ ဦးဒဏ်ရာရ”
စစ်ကိုင်းတိုင်းခင်ဦးမြို့နယ်ထဲက တဲစုကျေးရွာကို စစ်ကောင်စီတပ်က ဒီကနေ့ မနက် ၇ နာရီလောက်ကတည်းက လက်နက်ကြီးနဲ့ ပစ်ခတ်ဝင်ရောက်လာတာကြောင့် ဒေသခံသေဆုံးသူတွေ ရှိခဲ့တယ်လို့ ဘီဘီက ဖော်ပြပါတယ်။ ဒီကနေ့ မနက်ပိုင်းက ခင်ဦးမြို့နယ်က တဲစုရွာက တဲစုတံတား နဲ့ ကျေးရွာဘက်ကို လက်နက်ကြီး တွေနဲ့ ပစ်ခတ်ဝင်ရောက်ခဲ့တာကြောင့် လက်နက်ကြီးထိမှန်ပြီး ဒေသခံ အမျိုးသမီးတစ်ဦး သေဆုံးခဲ့ကာ ၇ ဦး ဒဏ်ရာရရှိခဲ့ပါတယ်။ နေ့လယ် ၁၁ နာရီ ခွဲ ဝန်းကျင်မှာတော့ စစ်ကြောင်းဟာ မြစ်တော်ကျေးရွာထဲကိုဝင်ရောက်လာတဲ့အတွက် တဲစု၊ မြစ်တော်၊ ကျေးရွာတွေအပြင် နီးစပ်ရာကျေးရွာတွေဖြစ်တဲ့ ဂွေးကုန်း၊ ကံသစ်၊ အင်တိုင်းကြီး စတဲ့ ကျေးရွာတွေက လူဦးရေ ထောင်နဲ့ချီပြီး တိမ်းရှောင်နေကြရတယ်လို့ သိရပါတယ်။
The Tanintharyi Times
