“တနေ့တာ မြန်မာ”
“တနေ့တာ မြန်မာ”
ဇွန်လ ၂၅ ရက်၊ ဒီကနေ့မှာ နိုင်ငံတဝှမ်း ဖြစ်ပေါ်နေတဲ့ သတင်းတွေထဲကက ထူးခြားဖြစ်စဉ်တွေကို ကောက်နှုတ်ပြီးတနင်္သာရီတိုင်းမ် စာဖတ်သူတွေအတွက် တင်ပြလိုက်ပါတယ်။
“ငါန်းဇွန်ပကဖစခန်း စီးနင်းခံရလို့ ရဲဘော် ၁၂ ဦးသေဆုံး၊ လက်နက်အများအပြား ဆုံးရှုံးခဲ့”
စစ်ကိုင်းမြို့နယ်၊ ကင်းတော်ကျေးရွာမှာရှိတဲ့ ငါန်းဇွန်ပကဖစခန်း စီးနင်းခံလိုက်ရပြီး ရဲဘော် ၁၂ ဦးသေဆုံးကာ လက်နက်ခဲယမ်းအများအပြားဆုံးရှုံးခဲ့တယ်လို့ မြေလတ်သတင်းအရသိရပါတယ်။ ဒီကနေ့ မနက်အစောပိုင်းမှာ ဝင်ရောက်စီးနင်းခံခဲ့ရတာဖြစ်ပြီး၊ စစ်ကောင်စီစစ်ကြောင်းဟာ မနေ့ညပိုင်းက တံတားဦးဘက်ကနေ ငါန်းဇွန်မြို့နယ်ကို စစ်ကား ၆ စီးနဲ့ အင်အားအများပြားဝင်ရောက်လာခဲ့တာပါ။
စခန်းစီးနင်းခံရလို့ ငါန်းဇွန်ပကဖ ရဲဘော် ၁၂ယောက်သေဆုံးကာ လက်နက်ငယ် ၁၂ လက်၊ ၄၀ မမ ဆုံလည်ဗုံးပစ်လောင်ချာ ၁ လက်၊ ၁၀၇မမ ရှော့တိုက်ဒုံး၊ ၄၀ မမ ဗုံးသီး အလုံး ၂၀၀ ဝန်းကျင် အပါအဝင် ကျည်ဆံခဲယမ်းအများအပြားဆုံးရှုံးခဲ့ပါတယ်။ စစ်တပ်ထောက်ခံတဲ့ တယ်လီဂရမ်တွေမှာတော့ PDF အလောင်း ၁၂ လောင်းနဲ့ သိမ်းမိခဲ့တဲ့ လက်နက်တွေကို ဖော်ပြထားပါတယ်။
“ကရင်နီ မယ်စဲ့မြို့က စစ်ကောင်စီတပ်စခန်းအားလုံးကို ကရင်နီပူးပေါင်းတပ်တွေ သိမ်းယူ”
ထိုင်း-မြန်မာနယ်စပ် ကရင်နီဒေသရှိ မယ်စဲ့မြို့မှာ တစ်ပတ်ကျော်ကြာတိုက်ပွဲအတွင်း စစ်ကောင်စီတပ်စခန်း အားလုံးကို ကရင်နီပူးပေါင်းတပ်တွေက သိမ်းယူနိုင်ခဲ့တယ်လို့ ရွှေဖီမြေက ဖော်ပြထားပါတယ်။ မနေ့ ၂၄ရက်နေ့မှာ စစ်ကောင်စီတပ်စခန်း ၆ခုလုံးကို သိမ်းယူနိုင်ခဲ့တာပါ။ အဲဒီထဲကမှ ထိုင်းနယ်စပ်က နယ်ခြားမှတ်တိုင် အမှတ် ၁၃ရှိ စစ်ကောင်စီတပ်စခန်းကတော့ စစ်ကောင်စီတပ်သား ၁၈ဦး လက်နက်ချပြီး ၃ဦးပျောက်ဆုံးနေတာကြောင့် သေနတ်ပစ်ဖောက်စရာမလိုဘဲ သိမ်းယူနိုင်ခဲ့တယ်လို့ ဆိုပါတယ်။ ကရင်နီတပ်မတော်(KA)၊ ကရင်နီအမျိုးသားကာကွယ်ရေးတပ်မတော် (KNDF)၊ ကလလတဟုခေါ်သည် (KNPLF)နဲ့ KNU/KNLAတို့က ပူးပေါင်းတိုက်ခိုက်ခဲ့တယ်လို့ပဲ ရှေ့ပြေးသိထားရပါတယ်။တိုက်ပွဲအတွင်း စစ်ကောင်စီရဲ့ လက်နက်အများအပြားကိုလည်း သိမ်းဆည်းရမိတယ်လို့ ဆိုပါတယ်။
“ပုလဲမြို့နယ်တွင်းတိုက်ပွဲကနေ အောင်မြင်စွာပြန်လာတဲ့ ရဲဘော်တွေကို ပြည်သူတွေက သပြေခက်နဲ့ ကြိုဆို”
စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်ရှိ ကျေးရွာတခုကတိုက်ပွဲကို အောင်မြင်စွာတိုက်ခိုက်ပြီးပြန်လာတဲ့ ရဲဘော်တွေကို ပြည်သူတွေက သပြေခက်နဲ့ကြိုဆိုဂုဏ်ပြုခဲ့ကြတယ်လို့ ABSDF Column - 3 ပြန်ကြားရေးတာဝန်ခံ ကိုပြည့်ဖြိုးကျော်က မြေလတ်အသံကို ပြောထားပါတယ်။ ဇီးဖြူကုန်းပျူစောထီးရွာကနေ ထွက်လာတဲ့ ခမရ (၇၀၄) စစ်ကောင်စီတပ်နဲ့ ပျူစောထီးစစ်ကြောင်းကို ကာကွယ်ရေးရဲဘော်တွေက ၂ ပတ်တာကာလအကြာ ကြားဖြတ်တိုက်ခိုက်ခဲ့တာဖြစ်ပြီး တိုက်ပွဲနိုင်လာတဲ့အတွက် အခုလို ကြိုဆိုကြတာဖြစ်တယ်လို့ ဆိုပါတယ်။ စစ်ကောင်စီတပ်ဖွဲ့ဟာ ပုလဲမြို့နယ်၊ မင်းတိုင်ပင်ရွာနားမှာ ၁၀ ရက်ကျော်ကြာ စစ်ကြောင်းထိုးလုယက်နေပြီး နယ်မြေခံကာကွယ်ရေးအဖွဲ့တွေရဲ့ ကြားဖြတ်တိုက်ခိုက်မှုကြောင့် ကျေးရွာတချို့က ပြည်သူပိုင် ပစ္စည်းတွေကိုယူခွင့်မရဘဲ စစ်ကြောင်းပြန်ဆုတ်ခွာသွားရတယ်လို့ ဆိုပါတယ်။
“အိမ်နီးချင်းကောင်းပီသမှုကို ပြသဖို့ တရုတ်ကို NUCC တိုက်တွန်း”
တရုတ်နိုင်ငံအနေနဲ့ မြန်မာ့အရေးကို လက်တွေ့ကျကျ ကူညီဖြေရှင်း ဆောင်ရွက်နိုင်ဖို့ မြန်မာပြည်သူတွေရဲ့ ဆန္ဒသဘောထားကို အလေးထားပြီး NUG အပါအဝင် တော်လှန်ရေး အင်အားစုတွေ၊ နိုင်ငံရေး အင်အားစုတွေနဲ့ ဆက်ဆံ ပူပေါင်း ဆောင်ရွက်ဖို့ အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ (NUCC) က တိုက်တွန်းကြောင်းထုတ်ပြန်ချက်ကို ကိုးကားပြီး ဘီဘီစီက သတင်းရေးသားထားပါတယ်။
NUCC က မြန်မာ့နိုင်ငံရေးကို တရုတ်နိုင်ငံက ပါဝင် ဆောင်ရွက်ချက်အပေါ် အချက် ၁၀ ချက်ပါ သဘောထားကို မနေ့ က ထုတ်ပြန်လိုက်တာပါ။ အဆိုပါ ထုတ်ပြန်ချက်မှာ နှစ်နိုင်ငံ ပြည်သူတွေရဲ့ ရေရှည် အကျိုးစီးပွား၊ ဒေသအတွင်း တည်ငြိမ် အေးချမ်းမှုကို လိုလားတဲ့ အိမ်နီးချင်းကောင်း ပီသမှုကို ပြသဖို့၊ တရုတ်နိုင်ငံက စစ်ကောင်စီနဲ့ ပိုမိုနီးကပ်တဲ့ ဆက်ဆံရေး၊ ပူးပေါင်း ဆောင်ရွက်မှုတွေဟာ မြန်မာပြည်သူတွေရဲ့ သဘော ဆန္ဒကို မျက်ကွယ်ပြုရာ ရောက်တဲ့အပြင် မြန်မာ့နိုင်ငံရေး ပြဿနာကို ကူညီဖြေရှင်းရာမရောက်ဘဲ ပြည်တွင်းရေး ပြဿနာ တွေကို ပိုမိုရှုပ်ထွေးစေတယ်လို့လည်းဖော်ပြ ပါရှိပါတယ်။ ဒါ့အပြင် စစ်လက်နက်ပစ္စည်းများ ရောင်းချတာ၊ ပံ့ပိုးကူညီတာ၊ စစ်ထောက်လှမ်းရေး ဆိုင်ရာကိစ္စရပ်တွေမှာ တရုတ်နိုင်ငံက စစ်ကောင်စီနဲ့ ပူးပေါင်းဆောင်ရွက်နေတာကိုလည်း ရပ်တန့်ဖို့တိုက်တွန်းထားပါတယ်။
“စစ်ကိုင်းမြို့နယ်ထဲ စစ်ကြောင်းဝင်လာလို့ ဒေသခံတစ်သောင်းကျော် ထွက်ပြေးရ”
စစ်ကိုင်းမြို့နယ်ထဲက ရွာခုနစ်ရွာကို ဒီနေ့မနက်မှာ စစ်ကောင်စီတပ်က စစ်ကြောင်း နှစ်ခုခွဲပြီး ဝင်ရောက်နေတာကြောင့် အဲဒီရွာတွေမှာနေထိုင်တဲ့ ဒေသခံတစ်သောင်းကျော် နေရပ်စွန့်ခွာ ထွက်ပြေးနေရတယ်လို့ RFA သတင်းအရ သိရပါတယ်။ သုံးလင့်၊ ကိုင်းပြင်၊ ကင်းတော်၊ လက်ပန်တော၊ မြင်းဆည်၊ ဥယျာဉ်၊ မြစ်သာ စတဲ့ရွာတွေက ဒေသခံတွေ ထွက်ပြေးနေကြရတာလို့ ဆိုပါတယ်။ ကင်းတော်၊ ကိုင်းပြင်၊ လက်ပန်တော၊ ဥယျာဉ်နဲ့ မြစ်သာရွာတွေကိုတော့ စစ်ကောင်စီတပ်သားတွေ မီးရှို့နေတယ်လို့ ဒေသခံတစ်ဦးက RFA ကို ပြောထားပါတယ်။ ဒီနေ့ စစ်ကြောင်းထိုးလာတာချိန် တိမ်းရှောင်ရင်း မြင်းဆည်ရွာက အသက် ၅၀ ဝန်းကျင်အမျိုးသားတစ်ဦး သေနတ်ထိမှန် ဒဏ်ရာရခဲ့ပါတယ်။
The Tanintharyi Times
