“တနေ့တာ မြန်မာ”
“တနေ့တာ မြန်မာ”
ဇွန်လ ၄ ရက်၊ ဒီကနေ့မှာ နိုင်ငံတဝှမ်း ဖြစ်ပေါ်နေတဲ့ သတင်းတွေထဲက ထူးခြားဖြစ်စဉ်တွေကို ကောက်နှုတ်ပြီးတနင်္သာရီတိုင်းမ် စာဖတ်သူတွေအတွက် တင်ပြလိုက်ပါတယ်။
“မြို့ပြစစ်ဆင်ရေးပေါင်း ၂ ထောင်ကျော် ဆောင်ရွက်နိုင်ခဲ့ဟု ရန်ကုန်စစ်ဒေသခွဲ ထုတ်ပြန်”
စစ်ကောင်စီရဲ့ ဗိုလ်မှူးကြီးအဆင့်အပါအဝင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၆၀၀ ကျော်ကို ပစ်ခတ်ရှင်းလင်းနိုင်ခဲ့တယ်လို့ ရန်ကုန်တိုင်းစစ်ဒေသခွဲက ထုတ်ပြန်ပါတယ်။ အဆိုပါ စစ်ဒေသခွဲက၂၀၂၁ ခုနှစ် မေလ ၅ ရက်နေ့ကနေ ပြီးခဲ့တဲ့လကုန်ရက်အထိ စစ်ဆင်ရေး ဆောင်ရွက်ခဲ့တာတွေနဲ့ ပတ်သက်ပြီး မနေ့က ထုတ်ပြန်ခဲ့တာပါ။
ဒါ့အပြင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၉၀၀ ကျော်ကိုလည်း ထိခိုက်ဒဏ်ရာရရှိအောင် လုပ်ဆောင်နိုင်ခဲ့ပြီး မြို့ပြစစ်ဆင်ရေးပေါင်း ၂ ထောင်ကျော် ဆောင်ရွက်နိုင်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။စစ်ရေးပစ်မှတ်အနေနဲ့ ၁၀၀၀ ကျော်၊ စစ်ကောင်စီရဲ့ အုပ်ချုပ်ရေးပစ်မှတ် ၈၀၀ ကျော်နဲ့ စီးပွားရေးပစ်မှတ် ၂၀၀ ကျော် လုပ်ဆောင်ခဲ့ကြောင်း အထူးစစ်ဆင်ရေး လှုပ်ရှားမှုအကြိမ်ရေ ၅၀၊ ပစ်ခတ်တိုက်ခိုက်မှု အကြိမ်ရေ ၅၀၀ ကျော်နဲ့ ဖောက်ခွဲတိုက်ခိုက်မှုပေါင်း ၁၅၀၀ ကျော် ရှိတယ်ခဲ့တယ်လို့ ဖော်ပြပါတယ်။ စစ်ဆင်ရေးအတွင်း တော်လှန်ရေးအဖွဲ့ဘက်က ၈၀ ကျော်ကျဆုံးခဲ့ပြီး ထိခိုက်ဒဏ်ရာရရှိသူ ၁၀၀ လောက်နဲ့ ဖမ်းဆီးထိန်းသိမ်းခံထားရသူ ၁၀၀၀ ကျော်ရှိတယ်လို့ ဆိုပါတယ်။ ရန်ကုန်တိုင်းခွဲမှာ အထူးစစ်ဆင်ရေးအဖွဲ့ S.O.F၊ Special Task Force (S.T.F)၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပ.က.ဖ)၊ မြို့ပြပြောက်ကျားတပ်ဖွဲ့တွေနဲ့ တော်လှန်ရေးအင်အားစုတွေစုဖွဲ့ပြီး လုပ်ဆောင်ခဲ့တာ ဖြစ်ပါတယ်။
“ဖယ်ခုံမြို့က အထကကျောင်းတစ်ကျောင်း မီးလောင်”
ရှမ်းတောင်ပိုင်းက ဖယ်ခုံမြို့ရှိ အမှတ် (၁ ) အထက်တန်းကျောင်းတစ်ကျောင်း မနေ့က ည ၁၁ နာရီလောက်မှာ မီးလောင်မှုဖြစ်ပြီး တစ်ကျောင်းလုံး ပြာကျပျက်စီးသွားတယ်လို့ ရွှေဖီမြေ သတင်းအရ သိရပါတယ်။ ပြီးခဲ့တဲ့ ရက်ပိုင်းကမှ စစ်ကောင်စီတပ်က ကျောင်းဖွင့်ဖို့ လာရောက် ရှင်းလင်းသွားခဲ့တာပါ။ကျောင်း မီးလောင်သွားတဲ့ကိစ္စနဲ့ ပတ်သက်ပြီးတော့ ဒီကနေ့အထိ စစ်ကောင်စီဘက်က ထုတ်ပြန်ထားတာ မရှိသေးပါဘူး။ ၎င်းကျောင်းဟာ ကျောင်းဆောင်နှစ်ဆောင်ရှိပြီး တစ်ဆောင်က အုတ်နဲ့လုပ်ထားပြီးတော့ မီးလောင်ပြာကျတဲ့ အဆောင်ဟာ သစ်သားနဲ့ လုပ်ထားတဲ့ ကျောင်းဆောင်ဖြစ်ပြီး သက်တမ်းကတော့ အနှစ် ၂၀ ရှိပါပြီ။
“စစ်ကောင်စီက မေလအတွင်း အရပ်သားနေအိမ် ၄ ထောင်ကျော် မီးရှို့ဖျက်ဆီးခဲ့”
စစ်ကောင်စီတပ်က တနိုင်ငံလုံးအတိုင်းတာအနေနဲ့ မေလအတွင်း အရပ်သားနေအိမ် ၄ ထောင်ကျော်ကို မီးရှို့ဖျက်ဆီးခဲ့တယ်လို့ NUGရဲ့ မီးသတ်ဦးစီးဌာနက မနေ့က ထုတ်ပြန်ပါတယ်။
မီးရှို့ဖျက်ဆီးတဲ့ နေရာတွေဟာ စစ်ကိုင်း၊ မကွေး၊ မန္တလေး၊ တနင်္သာရီတိုင်းနဲ့ ကချင်ပြည်နယ်ဖြစ်ပြီး အများဆုံး မီးရှို့ခံနေရတဲ့နေရာဟာ စစ်ကိုင်းတိုင်း ဖြစ်ပါတယ်။ စစ်ကောင်စီတပ်ဟာ လူနေအိမ်အပြင် ဘုန်းကြီးကျောင်း၊ စာသင်ကျောင်း ၁၀ လုံးထက်မနည်းကိုလည်း မီးရှို့ဖျက်ဆီးခဲ့တဲ့အပြင် ရဟတ်ယာဥ်နဲ့ပါ ဗုံးကြဲ တိုက်ခိုက်ခဲ့ပါတယ်။ အာဏာသိမ်းပြီး ၂ နှစ်အတွင်း စစ်ကောင်စီရဲ့ မီးရှို့ဖျက်ဆီးမှုကြောင့် အရပ်သား နေအိမ်ပေါင်း ၆ သောင်းကျော် ပျက်ဆီးဆုံးရှုံးခဲ့ရတယ်လို့ Data for Myanmar က မတ်လ ဒုတိယအပတ်မှာ ထုတ်ပြန်ထားပါတယ်။
“ဖယ်ခုံမြို့မှာ ၂ လတာ တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဖက်က စစ်ကြောင်းမှူးအပါအဝင် ၆၂ ဦး သေဆုံး”
ရှမ်းတောင် ဖယ်ခုံမြို့မှာ ၂ လတာ တိုက်ပွဲအတွင်း စစ်ကောင်စီဘက်က စစ်ကြောင်းမှူးအပါအဝင် ၆၂ ဦး သေဆုံးသွားတယ်လို့ ဖယ်ခုံ PDF က မနေ့က ထုတ်ပြန်ထားတယ်လို့ ရွှေဖီမြေက ဖော်ပြပါတယ်။ ဖယ်ခုံမြို့ အနောက်ဖက်ခြမ်း လွယ်ဟွဲနဲ့လွယ်လုံရွာမှာ စစ်ကြောင်းတစ်ကြောင်း၊ ခေါင်းအိနဲ့စက်တော်ရွာဘက် စစ်ကြောင်းတစ်ကြောင်းနဲ့ လတူးရွာမှာ စစ်ကောင်စီရဲ့
တပ်မ ၆၆ လက်အောက်ခံ တပ်ရင်းက စစ်ကြောင်း ၃ ကြောင်းနဲ့ ထိုးစစ်ဆင်ခဲ့တယ်လို့ ဆိုပါတယ်။စစ်ကောင်စီဘက်က ထိခိုက်ဆုံးရှုံးမှု များတာကြောင့် လေကြောင်း တိုက်ခိုက်မှုနဲ့ အကြိမ်ရေများစွာ ပစ်ခတ်ခဲ့တဲ့အပြင် ဖယ်ခုံ စကခ - ၇၊ ၃၃၆ တပ်ကလည်း လက်နက်ကြီး ပစ်ကူခဲ့ပါတယ်။ ဖယ်ခုံ PDF နဲ့ KNDF ကတော့ ရဲဘော် ၃ ဦး ကျဆုံးပြီး ရဲဘော်တချို့လည်း ထိခိုက်ဒဏ်ရာ ရရှိခဲ့ပါတယ်။
“မြန်အောင်မြို့နယ်မှာ PDF စခန်းတစ်ခု စီးနင်းခံရပြီး လက်နက်ခဲယမ်းတွေ သိမ်းဆည်းခံရ”
ဧရာဝတီတိုင်း၊ မြန်အောင်မြို့နယ်၊ ဘန့်ဘွေးကုန်းရွာအနောက်ဘက် မြန်အောင်သစ်တောကြိုးဝိုင်းထဲက PDF စခန်းတစ်ခုကို အခုလ ၂ ရက်နေ့က စစ်ကောင်စီတပ်သားတွေ ဝင်ရောက်သိမ်းခဲ့တယ်လို့RFA သတင်းအရသိရပါတယ်။ လက်လုပ်သေနတ် အပါအဝင် လက်နက်ခဲယမ်းတွေ၊ ဆေးပစ္စည်းတွေပါ အသိမ်းခံလိုက်ရတယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ မြန်အောင်ဒေသခံတစ်ဦးက RFA ကို ပြောထားပါတယ်။ ဧရာဝတီတိုင်း၊ မြန်အောင်အခြေစိုက် ပြောက်ကျားတပ်ဖွဲ့နဲ့ ဒေသကာကွယ်ရေးတပ်ဖွဲ့တွေကတော့ ဒီကိစ္စနဲ့ပတ်သက်လို့ သတင်းထုတ်ပြန်တာမျိုး မရှိသေးပါဘူး။ စစ်ကောင်စလော်ဘီတယ်လီဂရမ်ချန်နယ်တွေမှာတော့ ပြည်သူတွေရဲ့သတင်းပေးချက်အရ စီးနင်းနိုင်ခဲ့တာဖြစ်ပြီး လက်လုပ်သေနတ် ကိုးလက်အပါအဝင် ဆက်စပ်ပစ္စည်း ၂၃ မျိုးကို သိမ်းဆည်းနိုင်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။

The Tanintharyi Times
