“စစ်ကောင်စီပြဋ္ဌာန်းတဲ့ ပုဂ္ဂလိကပညာရေးဥပဒေအပေါ် တနင်္သာရီတိုင်းက CDM ဆရာ၊ ဆရာမတွေရဲ့ သဘောထား၊ အမြင်က ဘယ်လိုရှိနေပါသလဲ”

“စစ်ကောင်စီပြဋ္ဌာန်းတဲ့ ပုဂ္ဂလိကပညာရေးဥပဒေအပေါ် တနင်္သာရီတိုင်းက CDM ဆရာ၊ ဆရာမတွေရဲ့ သဘောထား၊ အမြင်က ဘယ်လိုရှိနေပါသလဲ”

အခြေခံပညာရေးကျောင်းတွေ ပြန်မဖွင့်ခင် အချိန်လေးမှာပဲ“ပုဂ္ဂလိကပညာ‌ရေးဥပဒေ”ကို စစ်ကောင်စီက ပြဋ္ဌာန်းလိုက်ပါတယ်။ ဒီဥပဒေက မြန်မာနိုင်ငံပညာရေးကဏ္ဍကို ဘယ်လိုသက်ရောက်မှုတွေ ရှိနိုင်ပါသလဲ၊ ဥပဒေထဲမှာပါတဲ့ ဘယ်ပုဒ်မတွေက ပညာရေး ဖွံ့ဖြိုးတိုးတက်မှုကို အဟန့်အတားဖြစ်စေသလဲ၊ ပညာရေးကဏ္ဍမှာ အလွန်အရေးပါတဲ့ ဆရာ၊ ဆရာမတွေကကော ဒီဥပဒေကို ဘယ်လိုမြင်ပါသလဲ။ အာဏာသိမ်းစစ်တပ်ကို ဆန့်ကျင်ပြီး CDM လုပ်ခဲ့တဲ့ တနင်္သာရီတိုင်းထဲက ဆရာ၊ ဆရာမတွေကို မေးမြန်းပြီး “တောင်ပိုင်းသားတို့အသံ” ကဏ္ဍကနေ ဖော်ပြလိုက်ပါတယ်။

(တောင်ပိုင်းသားတို့အသံ)

◉ကော့သောင်းမြို့က CDM ကျောင်းဆရာမ တစ်ဦး

မေး - ပုဂ္ဂလိကပညာရေးအခန်းကဏ္ဍကို ချုပ်ကိုင်နိုင်ဖို့ စစ်ကောင်စီက ပြဋ္ဌာန်းလိုက်တဲ့ ပုဂ္ဂလိကပညာရေးဥပဒေအပေါ် ဆရာ့အနေနဲ့ ဘယ်လိုမြင်လဲ။

ဖြေ - ပုဂ္ဂလိကပညာရေးဥပဒေကို စကစကပြဌာန်းလိုက်ပေမဲ့ အနာဂတ်ကြယ်ပွင့်လေးတွေအတွက်အခွင့်အလမ်းကို သိပ်မမြင်ရဘူး။ အသုံးအနှုန်းအခေါ်အဝေါ်တွေအပေါ် သတ်မှတ်ချက်တွေကိုပဲ ပြဌာန်းထားတာ ပိုများနေတယ်။ မူထက် လူကိုဦးစားပေးထားတဲ့ ဥပဒေလိုဖြစ်နေတယ်။ လူကလည်း ရာထူးနဲ့ငွေရှင်တွေကိုသာဦးစားပေးထားသလို ဖြစ်နေတယ်ဗျ။

ကလေးတွေရဲ့အခွင့်အလမ်းနဲ့ ရပိုင်ခွင့်ကို သိပ်မမြင်ရဘူးဗျ။

မေး - အဲဒီဥပဒေထဲမှာပါတဲ့ ဘယ်လိုအချက်တွေက ပုဂ္ဂလိကပညာရေးနဲ့ သက်ဆိုင်တဲ့ ဆရာတွေ၊ ကျောင်းသားတွေအတွက် အန္တရာယ်ရှိနိုင်လဲ။

ဖြေ - ပုဂ္ဂလိကပညာရေးကို စကစက ပညာရေးလို့မမြင်ဘဲ လုပ်ငန်းခွင်တစ်ခုလို မြင်တွေ့နေပုံရတယ်။ လုပ်ငန်းခွင်တစ်ခုမှာ ငွေပေး ငွေယူကဏ္ဍသည်သာ အခရာကျပါတယ်။ ဆရာ၊ ကျောင်းသားအခွင့်အလမ်းအတွက် ပြဌာန်းထားတာမျိုးသီးခြား မပါဝင်တဲ့အတွက် ကျောင်းသားတွေရဲ့တိုးတက်မှုကို မည်သည့်အရာနဲ့ စစ်ဆေးအကဲဖြတ်မည်နည်းဟုပဲ ပြန်မေးပါရစေ။

မေး - ပုဂ္ဂလိကကျောင်းတွေအနေနဲ့ ဘယ်လိုပြင်ဆင်ချက်တွေနဲ့ ရှေ့ဆက်သင့်တယ်လို့ ဆရာအကြံပေးချင်တာ ရှိလဲ။

ဖြေ - မိမိတည်ထောင်ထားတဲ့ကျောင်းကို ဆရာ ကျောင်းသားအတွက် အခွင့်လမ်းနဲ့ အခွင့်အရေးကို အမှန်တကယ်ပေးစွမ်းနိုင်ဖို့ ရည်ရွယ်ထားရင် အမျိုးသားညီညွတ်ရေးအစိုးရ NUG ပညာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားတဲ့ပညာရေးမူဝါဒကို ကိုင်စွဲပြီး စစ်ကောင်စီလက်အောက်က လွတ်မြောက်အောင်ရုန်းထွက်သင့်ပါတယ်။

မေး- NUG ကလည်း ဘကပညာရေး၊ ပုဂ္ဂလိကပညာရေးနဲ့ စစ်ကောင်စီအုပ်ချုပ်‌မှုအောက်မှာရှိတဲ့ အစိုးရကျောင်းတွေကို တရားမဝင်ကြောင်းစာထုတ်ထားတာရှိပါတယ်။ ဒီအပေါ်ကော ဘယ်လိုမြင်ပါသလဲ။

ဖြေ - လက်ရှိဖွင့်လှစ်ထားတဲ့ ဘကကျောင်းနဲ့ ပုဂ္ဂလိကကျောင်းတွေက ကျောင်းသားစာရင်း အချက်အလက်တွေကို မြို့နယ်ပညာရေးမှူးရုံးကိုတင်ပြနေရသည့်အတွက် မြို့နယ်ရုံးသည် Non CDM တွေဖြစ်ပါတယ်။ ဒါကြောင့် CDM မိဘ၊ ဆရာနဲ့ ကျောင်းသားတွေ အတွက်ဆိုရင် ဘကနဲ့ ပုဂ္ဂလိကကျောင်းတွေက မသင့်လျော်ပါဘူး။ NUG က ထုတ်ပြန်လိုက်တဲ့စာကို ကျနော်တို့အဝန်းဝိုင်းကတော့ လုံးဝထောက်ခံပါတယ်ဗျ။

◉မြိတ်မြို့က အထက်တန်းပြ CDM ကျောင်းဆရာ ဆရာစိုင်း

မေး - ပုဂ္ဂလိကပညာရေးအခန်းကဏ္ဍကို ချုပ်ကိုင်နိုင်ဖို့ စစ်ကောင်စီက ပြဋ္ဌာန်းလိုက်တဲ့ ပုဂ္ဂလိကပညာရေးဥပဒေအပေါ် ဆရာ့အနေနဲ့ ဘယ်လိုမြင်လဲ။

ဖြေ - ကျနော့်အမြင်ဆိုတာထက်၊ ပြည်သူတော်တော်များများအမြင်ကို ပြောရမယ်ဆိုရင် စစ်ကောင်စီဟာ သူအာဏာတည်မြဲဖို့၊ သူ့အသိုက်ဝန်း လူတစ်စုကောင်းစားဖို့ဆိုရင် အဲဒီလိုပဲ လိုရာပုံသွင်းထားတဲ့ ဥပဒေတွေကို ဆက်တိုက်ပြဌာန်းနေမှာပဲ။ အဓိကတော့သူတို့‌ကျောင်းရဲ့ဝင်ငွေတွေကိုထိန်းချုပ်ချင်လို့ CDM တွေကိုထိန်းချုပ်ချင်လို့။ ပညာရေးမှာ သူတို့လိုချင်တဲ့ပညာရေး၊ ကျောင်းသားတိုင်း နိုင်ငံရေးအသိရှိရမယ်ဆိုတဲ့အချက်ကို ထိန်းချုပ်ထားတဲ့ပညာရေးစနစ်လို့ မြင်ပါတယ်။

မေး - အဲဒီဥပဒေထဲမှာပါတဲ့ ဘယ်လိုအချက်တွေက ပုဂ္ဂလိကပညာရေးနဲ့ သက်ဆိုင်တဲ့ ဆရာတွေ၊ ကျောင်းသားတွေအတွက် အန္တရာယ်ရှိနိုင်လဲ။

ဖြေ - သူပြဌာန်းထားတဲ့အချက်တွေမှာ သင်ယူသူကျောင်းသား၊သူတွေအတွက် သီးသန့်ပုဒ်မတွေပါမလာပေမဲ့ ကိုယ်ပိုင်ကျောင်းတည်ထောင်သူ၊ စီမံအုပ်ချုပ်သူနဲ့ သင်ကြားပို့ချသူ ဆရာ၊ဆရာမတွေအတွက်တော့ အများကြီးဖိအားများစေတဲ့ ပုဒ်မတွေဖြစ်နေတယ်။ ကိုယ်ပိုင်ကျောင်းမှာ သင်ကြားပို့ချပို့ မှတ်ပုံတင်ရာကစပြီး၊ သင်ကြားမဲ့ ဘာသာရပ်ကို ကန့်သတ်ထားတာတွေ၊ သင်ရိုးညွှန်းတမ်းနဲ့ သင်ကြားပို့ချမဲ့အကြောင်းအရာတွေကိုပါ လိုက်ပြီးထိန်းချုပ်ထားတာတွေအများကြီးလုပ်ထားတော့ ဆရာတွေရဲ့အရည်အသွေးတွေ ပိတ်ပင်ထားသလိုဖြစ်ပြီး နောက်ဆုံး ကျောင်းသားတွေရဲ့အရည်အချင်းတွေလည်း နိမ့်ပါးလာနိုင်ပါတယ်။ ဆိုတော့ ဆရာတွေကိုတင်းကြပ်တဲ့ပုဒ်မတွေနဲ့ ကန့်သတ်လိုက်တာကြောင့် ကျောင်းသား၊သူတွေကိုပါ တိုက်ရိုက်ကန့်သတ်လိုက်တဲ့သဘော သက်ရောက်သွားပြီး ကျောင်းသား၊သူတွေရဲ့လွတ်လပ်စွာ တွေးခေါ်၊ ပြောဆိုနိုင်မှုမှာ အန္တရာယ် ရှိလာနိုင်ပါတယ်။

မေး - ဒီထိန်းချုပ်ကန့်သတ်ချက်တွေကြား ပုဂ္ဂလိကကျောင်းတွေအနေနဲ့ ဘယ်လိုပြင်ဆင်ချက်တွေနဲ့ ရှေ့ဆက်သင့်တယ်လို့ ဆရာအကြံပေးချင်တာရှိလဲ။

ဖြေ - အခုချိန်မှာ ကိုယ်ပိုင်းကျောင်းတွေက ထိန်းချုပ်မှာအောက်ကနေပြီးကနေ ဘယ်လိုညင်သာစွာ ကိုင်တွယ်ဖြေရှင်းရမယ်ဆိုတာ ကျောင်းဘုတ်အဖွဲ့ဝင်တွေရဲ့ ညီညွှတ်မှုလိုတယ်။ အဲဒီလိုရေးဆွဲထားတဲ့ဥပဒေရဲ့အောက်ကနေ ဥပမာ ကိုယ်ပိုင်ကျောင်းမှာရှိတဲ့ တည်ထောင်သူတွေ၊တာဝန်ရှိတဲ့သူတွေ၊ ဘုတ်အဖွဲ့ဝင်တွေက ညီညွတ်စွာ ကိုယ်ဖြစ်ချင်တဲ့ပုံစံ၊ ရုန်းထွက်မယ့်ပုံစံတွေကို ပြန်လည်တိုင်ပင်ပြီး လျှိ့ဝှက်စွာ သင်ကြားပို့ချရမယ်လို့ ဆိုလိုတာပါ။ ဒီလိုမှအနာဂတ်မြန်မာ့ပညာရေးအတွက် ကြည့်ပေးမယ့်ကိုယ်ပိုင်ကျောင်းတည်ထောင်သူတွေ ဖြစ်မှာပါ။

မေး- NUG ကလည်း ဘကပညာရေး၊ ပုဂ္ဂလိကပညာရေးနဲ့ စစ်ကောင်စီအုပ်ချုပ်‌မှုအောက်မှာရှိတဲ့ အစိုးရကျောင်းတွေကို တရားမဝင်ကြောင်းစာထုတ်ထားတာရှိပါတယ်။ ဒီအပေါ်ကော ဘယ်လို မြင်ပါသလဲ။

ဖြေ - NUG ဘက်က စစ်ကောင်စီအုပ်ချုပ်မှုအောက်မှာရှိတဲ့ အစိုးရကျောင်း၊ ပုဂ္ဂလိကကျောင်း၊ ကိုယ်ပိုင်ကျောင်း အစရှိတဲ့ ကျောင်းတွေကို တရားမဝင်ကြောင်း စာထုတ်ထားရတဲ့အကြောင်းရင်းကို ကျနော်အမြင်နဲ့ ပြောရမယ်ဆိုရင် သင်ယူသူကျောင်းသား၊ သူတွေရဲ့ပညာရေးကို ထိခိုက်စေလိုတဲ့ ရည်ရွယ်ချက်ကြောင့် မဟုတ်ဘဲ စစ်ကောင်စီရဲ့တရားဝင်မှု ယန္တရားတစ်ခုကို ရပ်တန့်စေချင်တဲ့ သဘောလို့မြင်ပါတယ်။ နောက်တစ်ခုက စစ်ကောင်စီရဲ့ပညာရေးဟာ ကန့်သတ်မှုတွေများတယ်၊ ပညာ‌ ရေးနိမ့်ပါးလာနိုင်တယ်လို့ အဖန်ဖန်ပြောနေတာဟာ အနိုင်လိုချင်စိတ်နဲ့ ပြောနေတာမဟုတ်ဘဲ သူတို့အုပ်ချုပ်စဥ် လုပ်ဆောင်ခဲ့တဲ့ ပြဌာန်းခဲ့တဲ့ဥပဒေ၊ သမိုင်းမှတ်တမ်းတွေအရ ပြောဆိုနေတယ်လို့ပဲ မြင်ပါတယ်။

NUGအနေနဲ့ကလည်း ဒီကြားကာလမှာ ကလေးတွေရဲ့ပညာသင်ယူခွင့်ဆုံးရှုံးနေမှုကို အတတ်နိုင်ဆုံးပညာသင်ယူခွင့် ပြန်လည်ရရှိရေးကို ပညာသင်ယူနိုင်တဲ့ ရပ်ဝန်းတစ်ခုကို ဖန်းတီးပေးဖို့လိုပါတယ်။ ဟုတ်ကဲ့ကျေးဇူးတင်ပါတယ်ဗျ။

◉ပုလောမြို့နယ်က CDM ကျောင်းအုပ်ဆရာတစ်ဦး

မေး - ပုဂ္ဂလိကပညာရေးအခန်းကဏ္ဍကို ချုပ်ကိုင်နိုင်ဖို့ စစ်ကောင်စီက ပြဋ္ဌာန်းလိုက်တဲ့ ပုဂ္ဂလိကပညာရေးဥပဒေအပေါ် ဆရာ့အနေနဲ့ ဘယ်လိုမြင်လဲ။

ဖြေ - သူတို့ပြဌာန်းလိုက်တဲ့ အချက်၈၂ ချက်ရှိတာပေါ့နော်။ သူတို့ကတော့ ပညာရေးမှ မဟုတ်ပါဘူး၊ တခြားကဏ္ဍတွေမှာရော ကဏ္ဍအသီးသီးမှာပေါ့လေ ဥပဒေတွေအမျိုးမျိုးပြဌာန်းပြီးတော့ သူတို့ကိုယ်တိုင်ပဲ ချိုးဖောက်တာများတာပေါ့။ ဒါကတော့ထားလိုက်ပါတော့။ ကျနော်တို့ဒေသမှာကြားရသလောက်ကတော့ အစိုးရစာသင်ကျောင်းတွေမှာ ကျောင်းအပ်နှံနှုန်းတွေနည်းလာတာကို တွေ့ရတယ်ဗျ။တခြားဒေသမှာတော့ မပြောတတ်ဘူးပေါ့နော်။ ဒါနဲ့ပတ်သက်ပြီး ကျောင်းသားတွေကတော့ ပုဂ္ဂလိက ကျောင်းတွေကိုရောက်သွားတယ်။ နောက်တစ်ခုက NUG နဲ့ချိတ်ဆက်ထားတဲ့ ကျောင်းတွေမှာပေါ့နော် အရင်နှစ်ကထက် ကျောင်းသားဦးရေ များလာတယ်။ ဥပမာ‌ပေးရမယ်ဆိုရင်အရင်နှစ်က ၇၀ ရှိတာ ဒီနှစ်မှာ ၁၅၀ လောက်ရှိလာတယ်။ NUGကျောင်းမှာ၊ တနည်းအားဖြင့်ပြောရရင် ပုဂ္ဂလိကကျောင်းတွေကို လုပ်ချင်သလို လုပ်လို့ရအောင် ပညာရေးကိုဝင်ရောက်စွတ်ဖက်လို့ရအောင် ဗဟိုအာဏာနဲ့ ချုပ်ကိုင်ချင်လို့ ဒီဥပဒေကို ပြဌာန်းတယ်လို့ မြင်မိပါတယ်ခင်ဗျ။ အဲဒီဥပဒေထဲမှာ ဆရာတစ်ယောက်ရဲ့အရည်းအချင်းတွေကို ကန့်သတ်ထားတာလေးတော့ သဘောတွေ့မိတယ်။ တချို့တွေက ဒီပညာရေးကို ဘယ်သူမဆိုလုပ်လို့ ရတယ်လို့ ထင်နေကြတာလေ။ ဒီဥပဒေထဲက သုံးပုံတစ်ပုံကိုတော့ ကျနော်သဘောတွေ့တယ်။ ဒါပေမဲ့ ဥပဒေကိုကျတော့ ချမှတ်သူတွေကိုယ်တိုင်ကပဲ ချိုးဖောက်ကြတာ။

မေး - အဲဒီဥပဒေထဲမှာပါတဲ့ ဘယ်လိုအချက်တွေက ပုဂ္ဂလိကပညာရေးနဲ့ သက်ဆိုင်တဲ့ ဆရာတွေ၊ ကျောင်းသားတွေအတွက် အန္တရာယ်ရှိနိုင်လဲ။

ဖြေ - အဓိကကဆရာတွေထက် ကလေးတွေအတွက် ပိုပြီးတော့ အန္တရာယ်ရှိတယ်လို့ ကျနော်ကတော့ မြင်တယ်။ ပညာရေးက လွတ်လပ်မှု ရှိရမယ်။ ကလေးတွေ အနေနဲ့ လွတ်လပ်စွာ ပညာသင်ယူခွင့်ရှိတယ်။ အခုအာဏာသိမ်းထားတဲ့ စစ်ကောင်စီကကျတော့ သမိုင်းကြောင်းတွေ မသင်ရဘူး၊ ဟိုဟာမသင်ရဘူး ဒီဟာမသင်ရဘူး။ အချက်တွေအများကြီးပါတယ်။ ဒါက လုံးဝမလုပ်သင့်တဲ့ အရာတွေပဲ။ ကလေးတွေရဲ့ဦးနှောက်မဖွံ့ဖြိုးဖို့ ပုံသွင်းတယ်လို့ပဲ မြင်မိတယ်။ ဆရာတွေ အပါအဝင်ပေါ့နော်။ သူတို့ချမှတ်ထားတဲ့ ပုဒ်မ ၆၈ မှာဆိုလို့ရှိရင် ပါတီအရေးတွေ၊ နိုင်ငံရေးတွေမသင်ရဘူးလို့ တောင်ပြောထားတယ်။ ကျောင်းသားတယောက်အနေနဲ့ ဒါတွေကို စိတ်ဝင်စားသည်ဖြစ်စေ၊ မဝင်စားသည်ဖြစ်စေ သူတို့ စိတ်ဝင်စားတာကို လွတ်လွတ်လပ်လပ်သင်ယူခွင့်ရရေးဟာ နိုင်ငံသားတိုင်းရဲ့ အရေးပဲ။ ဆရာတွေအနေနဲ့ကလည် စာသင်နေရတဲ့အပေါ် စိတ်ဖိစီးမှုတွေရှိမယ်။ လိပ်ပြာမလုံတာတွေရှိမယ်။ ဒါပေမဲ့ ဆရာ့စိတ်ဓာတ်အပြည့်အဝရှိတဲ့ ဆရာတွေမှာကျတော့ ဒီလိုမျိုးဗဟိုချုပ်ကိုင်မှုများတာဟာ နှစ်သက်မှာ မဟုတ်ဘူး။ နှစ်မြို့မှာ မဟုတ်ဘူး။

မေး - ဒီထိန်းချုပ်ကန့်သတ်ချက်တွေကြား ပုဂ္ဂလိကကျောင်းတွေအနေနဲ့ ဘယ်လိုပြင်ဆင်ချက်တွေနဲ့ ရှေ့ဆက်သင့်တယ်လို့ ဆရာအကြံပေးချင်တာရှိလဲ။

ဖြေ - ဒီဥပဒေတွေက ကျနော်ကိုယ်တိုင်လည်း စိတ်ရှုပ်ထွေးမိတယ်။ သင်တဲ့ ဆရာ၊ ဆရာမ တွေကလည်း စိတ်ကျဉ်းကျပ်မှာ အမှန်ပဲ။ ဒီကြားထဲမှာ ကျနော်အကြံပေးချင်တာက စိတ်သန့်သန့်နဲ့ ရှေ့ဆက်နိုင်အောင် ကလေးတွေကို ဂရုတစိုက် သင်ကြားပေးစေချင်တယ်။ ကျနော်တို့ ကလေးတွေဟာ ကျနော်တို့ရဲ့ အနာဂတ်ပါ။ ဒါကြောင့် ပညာ‌ရေးနဲ့ပတ်သက်ပြီးအများကြီး ဂရုစိုက်ပေးပါလို့ မှာချင်ပါတယ်။ တကယ်လို့ တတ်နိုင်ရင် မိဘတွေအနေနဲ့လည်း NUG ကဖွင့်ထားတဲ့ကျောင်းတွေမှာ ထိထိရောက်ရောက်သင်ကြားပေးနေတဲ့ ကျောင်းတွေအများကြီးရှိတယ်။ ကျနော်တို့တိုင်းမှာ အွန်လိုင်းကျောင်း ၄ ကျောင်းရှိပါတယ်။ မိဘကတော့ နဲနဲပံ့ပိုးပေးဖို့ လိုတာပေါ့နော်။ NUG ပညာရေးက မချပြတာပဲရှိတာပါ။ ကဏ္ဍတွေ အများကြီးရှိပါတယ်။ ကလေးတွေအနေနဲ့ ပညာကိုလွတ်လပ်စွာ သင့်ယူခွင့်ရဖို့ NUG လက်‌အောက်ကကျောင်းတွေကို တက်သင့်တယ်။ ပြီးတော့ ပညာရေးဆိုတာ မိဘ၊ ဆရာ၊ ကျောင်းသားပဲ။ အကုန်လုံးက ဆက်စပ်နေတာ။

မေး- NUG ကလည်း ဘကပညာရေး၊ ပုဂ္ဂလိကပညာရေးနဲ့ စစ်ကောင်စီအုပ်ချုပ်‌မှုအောက်မှာရှိတဲ့ အစိုးရကျောင်းတွေကို တရားမဝင်ကြောင်းစာထုတ်ထားတာရှိပါတယ်။ ဒီအပေါ်ကော ဘယ်လိုမြင်ပါသလဲ။

ဖြေ - ဒါကတော့လုပ်သင့်တယ်။ ကျနော်ထင်တာပေါ့နော်။ ဒါသည် သမိုင်းမှတ်တမ်းပဲ။ စစ်ကောင်စီရဲ့လက်အောက်ခံတိုင်းဟာ စကစရဲ့‌ထောက်တိုင်တွေပဲ။ သူတို့က သမိုင်းတရားခံတွေပဲ။ သူတို့ကြောင့်ပဲ တော်လှန်ရေးက မကြာသင့်ပဲ ကြာနေတာ။

◉ကြားကာလပညာ‌ရေးမှာ ပါဝင်လုပ်ကိုင်နေသူ CDM ဆရာနေ(အမည်လွှဲ)

မေး - ပုဂ္ဂလိကပညာရေးအခန်းကဏ္ဍကို ချုပ်ကိုင်နိုင်ဖို့ စစ်ကောင်စီက ပြဋ္ဌာန်းလိုက်တဲ့ ပုဂ္ဂလိကပညာရေးဥပဒေအပေါ် ဆရာ့အနေနဲ့ ဘယ်လိုမြင်လဲ။

ဖြေ - စကစကတော့ ပညာရေးကို လွတ်လပ်ခွင့် ဘယ်တော့မှ ပေးမှာ မဟုတ်ပါဘူး။အရင်သမိုင်းကြောင်းတွေ သင်ခန်းစာတွေကိုပဲ ပြန်ကြည့်ရအောင်၊ ဘယ်အရာမဆို ထိန်းချုပ်ထားတာပဲလေ။လူမျိုးစုတွေ၊ တိုင်းရင်းသားတွေရဲ့ ပညာရေးလွတ်လပ်ခွင့်ဆိုတာ မရှိခဲ့ဘူး။ဒေသနဲ့ကိုက်ညီတဲ့ ပညာရပ်တွေ သင်ကြားခွင့်မရခဲ့ကြဘူး။ ကလေးတွေအတွက် လက်တွေ့ဘဝမှာ အသုံးချနိုင်မဲ့ အကြောင်းအရာ မပါဝင်သလို တချို့အကြောင်းအရာတွေက ဟန်ပြပဲပါတယ်။ သင်ကြားသူရော၊ သင်ယူသူရောကို ဘောင်တစ်ခုထဲကနေ ထိန်းချုပ်ပြီး အကြောက်တရား အမိန့်အောက်ကပဲ လိုက်နာအောင်လုပ်ထားခဲ့တာ၊ ခေတ်အစဥ်အဆက်ပါပဲ။ ဒါတွေကိုပြောင်းလဲနိုင်ဖို့အတွက် အစဥ်အဆက်လူငယ်တွေ ကြိုးစားခဲ့တဲ့ သမိုင်းကြောင်းတွေ ရှိသလို ပြောင်းလဲစပြုနေတဲ့ပညာရေးဟာ အာဏာသိမ်းမှုအပြီးမှာ အကုန်ရိုက်ချိုးခံခဲ့ရပြီးပြီ။ မြန်မာနိုင်ငံရဲ့ပညာရေးမှာ ပုဂ္ဂလိကပညာရေးကလည်း စျေးကွက်စီးပွားရေးဆန်ဆန်ဖြစ်နေတာ အားလုံးအသိပါပဲ။ ပုဂ္ဂလိကပညာရေးဆောင်ရွက်သူတွေကလည်း အကုန် ပညာရေးခရိုနီသမားလိုဆိုရင်မှားမယ်မထင်ဘူး။ သူတို့ကြီးပွားရေးအတွက် မတရားမှုကို တွန်းလှန်ဖို့မလုပ်သလို စကစနဲ့အတူ ပြည်သူကို နှိပ်စက်နိုင်ဖို့ကြိုးပမ်းနေကြတာပါ။

စကစက ကျနော်တို့ လက်ခံထားတဲ့အစိုးရ မဟုတ်တဲ့အတွက် သူတို့ ထုတ်ပြန်တဲ့ဘယ်အရာမဆို လက်မခံပါဘူး။ ဘယ်လိုမြင်သလဲ သုံးသပ်ပြပါဆိုရင် ဗဟိုထိန်းချုပ်မှုအပြည့်နဲ့ ပညာရေး ဥပဒေတစ်ခုဖြစ်တယ်။ တိုင်းနယ်ပြည်နယ်အဆင့်ဆင့်မှာလည်း ဖွဲ့စည်းမှုအဆင့်ဆင့်တွေက လုပ်ပိုင်ခွင့်မရှိဘူး ဟန်ပြပဲ။ တစ်ခုခုဆို ဗဟိုအထိ အဆင့်ဆင့် စီရင်ခံနေရတဲ့ ဗဟိုကြီးစိုးပညာရေးဥပဒေတစ်ခု ဖြစ်တယ်။ ပညာရေးမှာ ပညာရေးနဲ့မသက်ဆိုင်သူတွေ အများကြီး ပါဝင်စွက်ဖက်မှုတွေတွေ့ရတယ်။ သင်ရိုးဆိုင်ရာ၊ဆရာခန့်ထားရေးဆိုင်ရာ၊ကျောင်းစီမံမှုဆိုင်ရာ အကုန် ဗဟိုထိန်းချုပ်တွေပဲတွေ့ရတယ်။ ကိုယ်အင်္ဂါအစိတ်အပိုင်း ချို့တဲ့သောကလေး၊ ဆင်းရဲနွမ်းပါးသော မိသားစုက ကလေးတွေအတွက် ထည့်သွင်းစဥ်းစားချက်တစ်ခုမှမတွေ့။ ခရိုနီပညာရေးကို အားပေးတဲ့ ဥပဒေတစ်ခုလို့ပဲမြင်တယ်။

မေး - အဲဒီဥပဒေထဲမှာပါတဲ့ ဘယ်လိုအချက်တွေက ပုဂ္ဂလိကပညာရေးနဲ့ သက်ဆိုင်တဲ့ ဆရာတွေ၊ ကျောင်းသားတွေအတွက် အန္တရာယ်ရှိနိုင်လဲ။

ဖြေ - စကစထုတ်တဲ့ဥပဒေက ဆရာ၊ ကျောင်းသားတွေအတွက် ဘာအခွင့်အရေးမှမရှိပါဘူး။ဘာလွတ်လပ်ခွင့်မှလည်း မရှိပါဘူး။ အကုန်လုံးထိန်းချုပ်ထားပြီးတဲ့ စနစ်ကို ဘောင်ကွတ်တဲ့ဥပဒေတစ်ခုပါပဲ။ လက်ရှိအချိန်ကာလမှာ မိဘတွေက စကစဖွင့်တဲ့ကျောင်း Non CDM တွေသင်တဲ့ကျောင်း မသွားရရင်တော်ပြီ ပုဂ္ဂလိကကျောင်းပဲအပ်တော့မယ်ဆိုတာက များတယ်။ ပုဂ္ဂလိကကျောင်းတွေ၊ ကိုယ်ပိုင်ကျောင်းတွေက စကစလက်အောက်ကနေ စကစသတ်မှတ်တဲ့ ဥပဒေနဲ့ဖွင့်တယ်ဆိုတာ မိဘတွေသိတဲ့သူကနည်းတယ်။ပုဂ္ဂလိကကျောင်းတွေကလည်း နိုင်ငံတကာသင်ရိုးပေါင်းဖက်သင်တယ်ဆိုတာ တော်တော်များများ ကြေညာထားကြတော့ မိဘတွေက နိုင်ငံတကာသင်ရိုးဆိုတာနဲ့ စကစ လက်အောက် မဟုတ်ဘူးလို့ပဲ့ ယူဆလိုက်ကြတယ်။ ဒီလိုအတွေးနဲ့အပ်ကြတာပေါ့။ စကစထုတ်ထားတဲ့ဥပဒေအရဆိုရင် ဘယ်ကလေးမှာ နိုင်ငံတကာ စံနှုန်းမမီနိုင်ပါဘူး။ ဘာကြောင့်လဲဆိုရင် နိုင်ငံတကာမှာက G12 ပြီးတဲ့ကလေး အခြေခံပညာကျောင်းသားတွေဟာ ဘာသာဆိုင်ရာ ကျွမ်းကျင်မှုအပြင် နိုင်ငံရေးဆိုင်ရာ အသိပညာတွေ လူမှုကျင့်ဝတ်အသိပညာ အကုန်သိရှိတက်မြောက်ပြီးဖြစ်တယ်။

စကစက ကျနော်တို့ကလေးတွေ ဒါတွေသင်ကြားခွင့်ပြုထားပါသလား။ ဒီလိုဆိုရင် နိုင်ငံတကာသင်ရိုးက မြန်မာပြည်ထဲမှာ အတုအယောင် ဟန်ပြပဲလေ “Made in စကစ” ပေါ့။

မေး - ဒီထိန်းချုပ်ကန့်သတ်ချက်တွေကြား ပုဂ္ဂလိကကျောင်းတွေအနေနဲ့ ဘယ်လိုပြင်ဆင်ချက်တွေနဲ့ ရှေ့ဆက်သင့်တယ်လို့ ဆရာအကြံပေးချင်တာရှိလဲ။

ဖြေ - စကစနဲ့ပူးပေါင်းပြီး ပြည်သူတွေ ဂျင်းမထည့်ကြပါနဲ့။ အနာဂတ်မျိုးဆက်သစ်တွေရဲ့ အနာဂတ်ကို မရိုက်ချိုးပါနဲ့။ တကယ်ကလေးတွေရဲ့ပညာရေးကို တောက်ပစေချင်ရင် အခမဲ့ပညာရေး လုပ်ပြပါ။

မေး- NUG ကလည်း ဘကပညာရေး၊ ပုဂ္ဂလိကပညာရေးနဲ့ စစ်ကောင်စီအုပ်ချုပ်‌မှုအောက်မှာရှိတဲ့ အစိုးရကျောင်းတွေကို တရားမဝင်ကြောင်းစာထုတ်ထားတာရှိပါတယ်။ ဒီအပေါ်ကော ဘယ်လိုမြင်ပါသလဲ။

ဖြေ - အရင်က ဘကပညာရေးဟာ အစိုးရကျောင်းထက် ပိုပြီးလွတ်လပ်ခဲ့တယ်လို့မြင်တယ်။ Volunteers တွေကိုလွတ်လပ်စွာ ခန့်ထားလို့ရတယ်။ အချိန်တွေလွတ်လပ်စွာစီမံခွင့်ရှိတယ်။ ဒါတွေကတော့ ဘကတွေအတွက် ထူးကဲတဲ့အခွင့်အရေးတစ်ခုပေါ့။ သင်ကြားပေးသူတွေကိုလည်း အစိုးရက လစာမှမပေးခဲ့တာလေ။ အာဏာသိမ်းပြီးနောက်မှာ ဘက ဆရာ၊ဆရာမတွေ CDM လုပ်ကြတာတွေရှိတယ်။ မနေ့က ဖေ့ဘုတ်မှာ ဘကကျောင်းတစ်ခုက လိုင်းပေါ်ကနေ နွေဦးတော်လှန်ရေး PDF ရဲဘော်တွေကို ပုန်ကန်သူသူပုန်အဖြစ် ဇာတ်လမ်းဖန်တီးပြီး ကလေးတွေကို သရုပ်ဆောင်စေတဲ့ live တစ်ခုတွေ့လိုက်တယ်။ ဒါဟာ ကျနော်တို့ရဲ့ သူရဲကောင်းတွေကို စော်ကားတယ်လို့မြင်တယ်။ကလေးတွေရဲ့ နုနယ်သေးတဲ့ ဦးနှောက်ကို စကစအလိုကျ မှိုင်းတိုက်နေကြတာ။ လုပ်ဆောင်တဲ့သူက သံဃာတော်(ဆရာတော်)ဖြစ်နေတာတွေ့တော့ အရမ်းဆွံ့အမိပါတယ်။ဒီလိုဆိုရင် ပညာရေးမှာ ဘာသာရေး၊ ခွဲခြားမှုတွေ လူမျိုးရေးခွဲခြားမှုတွေ ဂျန်တာ ခွဲခြားမှုတွေ ပျောက်ပျက်မှာမဟုတ်သလို လူတိုင်းလိုချင်တဲ့ တန်းတူ အခွင့်ရေး သာတူညီမျှမှု ရလာမှာမဟုတ်တော့ဘူး။ တစ်ဦးကိုတစ်ဦး နားလည်ပေးမှုတွေ ကိုယ်ချင်းစာတရားတွေ ဖေးမကူညီမှုတွေ အမှန်တရားထုတ်ဖော်ပြောဆိုရဲမှုတွေ ပျောက်ဆုံးနေဦးမှာပါပဲ။ ကျနော်အနေနဲ့ NUG က ထုတ်ပြန်ထားတဲ့ စကစလက်အောက်ခံကျောင်းတွေ တရားမဝင်ကြောင်းကို အပြည့်အဝ လက်ခံပါတယ်။

◉စစ်တပ်အာဏာမသိမ်းခင်ကာလက ပုဂ္ဂလိကျောင်းတွေမှာ စာသင်ခဲ့တဲ့ တနင်္သာရီမြို့နယ်က CDM ကျောင်းဆရာ

မေး - ပုဂ္ဂလိကပညာရေးအခန်းကဏ္ဍကို ချုပ်ကိုင်နိုင်ဖို့ စစ်ကောင်စီက ပြဋ္ဌာန်းလိုက်တဲ့ ပုဂ္ဂလိကပညာရေးဥပဒေအပေါ် ဆရာ့အနေနဲ့ ဘယ်လိုမြင်လဲ။

ဖြေ - စစ်ကောင်စီက ပြဌာန်းလိုက်တဲ့ဥပဒေသည် တရားမျှတမှုမရှိဘူးလို့မြင်ပါတယ်။ ပညာရေးအခန်းကဏ္ဍအားလုံးသည် တသမတ်တည်းသော ပညာရေးဖြစ်စေချင်ပါတယ်။ တရားမမျှတဘူးဆိုတာက ပုဂ္ဂလိကကဏ္ဍကိုမြှင့်တင်ခြင်းဖြင့် အသိပညာ၊ အတတ်ပညာတတ်မြောက်တဲ့ ပညာတတ်တွေသာ မွေးထုတ်ပေးနိုင်လို့ နိုင်ငံတော်မြင့်မားတိုးတက်လာစေတယ်လို့ ပြောထားတယ်။ ပုဂ္ဂလိကကျောင်းတစ်ခုပဲ ပညာတတ်တွေ မွေးထုတ်ပေးနိုင်တာလား။ လူမှုစီးပွားမြင့်မားစေရေးကလည်း ပုဂ္ဂလိကမှာပဲရနိုင်တာလားပေါ့နော်။ ကျနော်ဖြစ်စေချင်တာက ဘာကျောင်းမှာပဲဖြစ်ဖြစ် ပညာရေးအခန်းကဏ္ဍအားလုံးကို တန်းတူသတ်မှတ်စေချင်တယ်။ ကျောင်းသားတွေဟာ သုံးပုံမှာ နှစ်ပုံ‌လောက်ပဲ ကိုယ်ပိုင်ကျောင်းတက်နိုင်တဲ့ အနေအထားရှိတဲ့အတွက် ကျောင်းသားအားလုံးအဆင်ပြေဖို့အတွက် ကျန်တဲ့ကျောင်းတွေမှာကရော အဆင်ပြေအောင် လုပ်ဆောင်ပေးလို့မရဘူးလား။

မေး - အဲဒီဥပဒေထဲမှာပါတဲ့ ဘယ်လိုအချက်တွေက ပုဂ္ဂလိကပညာရေးနဲ့ သက်ဆိုင်တဲ့ ဆရာတွေ၊ ကျောင်းသားတွေအတွက် အန္တရာယ်ရှိနိုင်လဲ။

ဖြေ - သူတို့ချမှတ်ထားတဲ့ အတိုင်းသာဆောင်ရွက်ရင် ဒီကျောင်းသားတွေနဲ့ ဆရာတွေဟာ စစ်ကောင်စီရဲ့လက်ပါးစေဖြစ်သွားပြီး တနေ့တချိန်မှာတော့အန္တရာယ်ဖြစ်နိုင်တယ်။ ကိုယ်ပိုင်ကျောင်းရဲ့တည်ထာင်သူအပါအဝင် ဆက်စပ်နေတဲ့သူတွေ အကုန်လုံးကို ဥပဒေနဲ့အညီကာကွယ်စောင့်ရှောက်ပေးနိုင်တယ်လို့ ပါတယ်။ သူတို့စောင့်ရှောက်ပေးနိုင်ရင်တော့ ဘာအန္တရာယ်မှ မရှိဘူးပေါ့။ မပေးနိုင်တဲ့ အချိန်ကျရင် အန္တရာယ်ရှိလာနိုင်ပါတယ်။ သူတို့သည် ဘယ်ချိန်ထိ ကာကွယ်စောင့်ရှောက်ပေးနိုင်မှာမို့လဲ။ ပြောချင်တာက ဒီစစ်ကောင်စီအစိုးရပြုတ်သွားပြီး နောက်အစိုးရတက်လာလို့ စနစ်တွေပြောင်းလဲသွားတဲ့အခါ သူတို့အတွက်အန္တရာယ်ဖြစ်လာနိုင်ပါတယ်။

မေး - ဒီထိန်းချုပ်ကန့်သတ်ချက်တွေကြား ပုဂ္ဂလိကကျောင်းတွေအနေနဲ့ ဘယ်လိုပြင်ဆင်ချက်တွေနဲ့ ရှေ့ဆက်သင့်တယ်လို့ ဆရာအကြံပေးချင်တာရှိလဲ။

ဖြေ - စစ်ကောင်စီရဲ့လက်အောက်ခံ၊ ထောက်တိုင်တွေမဖြစ်စေချင်ဘူး။ အားလည်းမပေးစေချင်ဘူး။ စစ်ကောင်စီရဲ့ ဥပဒေညွှန်ကြားချက်တွေကိုလည်း မလိုက်နာစေချင်ပါဘူး။ ဆန့်ကျင်စေချင်ပါတယ်။ ကျနော်ဆိုရင်တော့ နုတ်ထွက်မှာ။ နိုင်ငံထဲမှာ ကျောင်းသားအများစုရှိတာ ကိုယ်သင်နေတာက ကျောင်းသားအနည်းစုပဲ။ သိပ်ပြီးတရားမျှတမှုမရှိဘူး။ ကျန်တဲ့မသင်ရတဲ့ကလေးတွေကိုကြည့်ပြီး ကျနော်စာသင်မကျဘူး။

မေး- NUG ကလည်း ဘကပညာရေး၊ ပုဂ္ဂလိကပညာရေးနဲ့ စစ်ကောင်စီအုပ်ချုပ်‌မှုအောက်မှာရှိတဲ့ အစိုးရကျောင်းတွေကို တရားမဝင်ကြောင်းစာထုတ်ထားတာရှိပါတယ်။ ဒီအပေါ်ကော ဘယ်လိုမြင်ပါသလဲ။

ဖြေ - MOE ဘက်က ထုတ်ထားတဲ့စာသည်ဖြစ်သင့်တယ်လို့ ထင်ပါတယ်။ အခုချိန်မှာကျောင်းတက်ပြီးဘွဲ့ရ အလုပ်ဝင်နေတဲ့ ကျောင်းသားတွေလည်း ရှိတယ်။ CDM ဝင်ထားတဲ့ ကျောင်းသားတွေနဲ့ တန်းတူညီမျှသာပေးဖို့ လိုတယ်။ ဥပမာ ကျနော်တို့သည် နောက်ဆုံးနှစ်နဲ့ ကျောင်းနားထားတယ်။ CDM မဝင်တဲ့ ကျောင်းသားတွေကတော့ ဘွဲ့ရပြီး လုပ်ငန်းခွင်ဝင်ကုန်ကြပြီ။ NUG အစိုးရတက်လာရင်တော့ သူတို့လည်းနောက်ဆုံးနှစ်၊ ကိုယ်လည်းနောက်ဆုံးနှစ် အဲလိုပဲ တန်းတူ ဖြစ်စေချင်တယ်။

The Tanintharyi Times